Monday, September 2, 2013

မြန်မာ့ ဆက်သွယ်ရေးက ကဏ္ဍနှစ်ခု အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း အသုံးပြုမည်


ရန်ကုန် စက်တင်ဘာ ၁

မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကဏ္ဍနှစ်ခု အတွက် အမေရိကန် ဒေါ်လာ ၃၅ သန်းဖိုး အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်မှ နိုင်ငံတော် အစိုးရအဖွဲ့က ချေးယူထားသည့် အမေရိကန် ဒေါ်လာ (၂၆၁ ဒသမ ၅ဝ)သန်း အနက်မှ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန အနေဖြင့် အမေရိကန် ဒေါ်လာ ၃၅ သန်းကို ပြည်သူ့ လွှတ်တော်၏ အတည်ပြုချက်အရ ခွဲဝေရရှိမည် ဖြစ်ပြီး ယင်း ချေးငွေ အားလုံး ကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

''ကမ္ဘာ့ဘဏ် ချေးငွေကနေ ၃၅ သန်းရမယ်၊ အဲဒါ အကုန်လုံးကို ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ရေး ကဏ္ဍတွေမှာ သုံးမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းလ်ဖုန်း အလုံးရေ ၅ ဒသမ ၂ သန်းကျော်ကို ဖြန့်ဖြူးရောင်းချ ပေးထားပြီး ယင်းမိုဘိုင်းလ်ဖုန်းများ အတွက် တပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသော အခြေအနေများ အရ မလုံလောက်မှု ပြဿနာများ ကြုံတွေ့ နေရသည့် အတွက် ပြည် နယ်နှင့် တိုင်းဒေသကြီးများသို့ အချိုးကျ ခွဲဝေ တပ်ဆင်ပေးရန် လျာထားချက်များ ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်မှု အပိုင်းတွင်လည်း ၂ဝ၁၅ ခုနှစ် အတွင်း အိမ်ထောင်စုတိုင်း မိုဘိုင်းလ်ဖုန်း သုံးစွဲခွင့် ရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့ဘဏ် ချေးငွေမှ ရရှိမည့် အမေရိကန် ဒေါ်လာ ၃၅ သန်းသည် နှစ်ရှည် ချေးငွေဖြစ်ပြီး ချေးငွေ စည်းကမ်း သတ်မှတ်ချက် အရ ချေးငွေ သက်တမ်းကာလ အနေဖြင့် ဆိုင်းငံ့ကာလ ၁ဝ နှစ် အပါအဝင် စုစုပေါင်း နှစ် ၄ဝ ဖြစ်ပြီး အတိုးနှုန်း သတ်မှတ်ထားမှု မရှိဘဲ ဆိုင်းငံ့ ကာလအတွင်း ထုတ်ယူ သုံးစွဲမှုအပေါ် မူတည်ပြီး ဝန်ဆောင်ခ ကျသင့်ငွေ ပေးချေသွားရမည် ဖြစ်ကာ ဆိုင်းငံ့ကာလ ကျော်လွန်မှသာ ပြန် လည် ပေးဆပ်ရမည့် အရင်းငွေနှင့် ကျသင့်သော ဝန်ဆောင်ခတို့ကို ပေးချေရမည် ဖြစ်ကြောင်း သိရသည်။

ကွန်းဇော်



No comments:

Post a Comment