ဗြိတိန်နိုင်ငံ ယူနိုက်တက် ကင်းဒမ်း
(United Kingdom) ၏ လက်ရှိ ထီးမွေနန်းလျာ အသက် ၆၄ နှစ် အိမ်ရှေ့
မင်းသားကြီးချားစ်၏ သားတော်ကြီး မင်းသားဝီလျံ၏ဇနီး
ကိန်းဘရစ်ခ်ျမြို့စား မင်းသမီး
ကိတ်မစ်ဒယ်လ်တန်သည် ၁ဝ နာရီကြာအောင် အချိန်ယူ၍ မီးဖွားခဲ့ရာတွင်
ဗြိတိန်နိုင်ငံ၏ ထီးမွေနန်းလျာ တတိယမျိုးဆက် မင်းသားလေးကို အောင်မြင်စွာ
မွေးဖွားခဲ့ပြီ ဖြစ်ကြောင်း၊ မင်းသားဝီလျံသည် ကြင်ယာတော် မင်းသမီးနှင့်
သူ၏မွေးကင်းစ သားငယ်လေးတို့နှင့် အတူ ပထမဆုံး တစ်ညတာကို
ကုန်လွန်စေခဲ့ကြောင်း ကြေညာခဲ့သည်။ ဗြိတိန်နိုင်ငံ၏ ထီးမွေနန်းလျာ
တတိယမျိုးဆက် မင်းသားလေးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း သိရှိရ၍
ဝမ်းသာပီတိ ဖြစ်နေကြသော လူအုပ်ကြီးသည် ဘက်ကင်ဟမ် နန်းတော် ဂိတ်တံခါး
အနီးဆီသို့ပင် အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
အဆိုပါ လူအုပ်ကြီးသည်
ကိန်းဘရစ်ခ်ျမြို့စား မင်းသမီးကိတ်က အလေးချိန် သုံးဒသမရှစ် ကီလိုဂရမ်ရှိသော
ကျန်းမာရွှင်လန်းသည့် တတိယမြောက် မျိုးဆက်သစ် ထီးနန်းလျာ မင်းသားလေးကို
ဖွားမြင်ပေးလိုက်ပြီ ဖြစ်ကြောင်း ကြေညာချက်ကို နားဖြင့် ဆတ်ဆတ်ကြားလိုက်
ကြရ၍ ယခုလို ဝမ်းသာအားရစွာ နန်းတော်တံခါးဝသို့ စုရုံး ရောက်ရှိလာခဲ့ကြခြင်း
ဖြစ်တော့သည်။
မွေးကင်းစဖြစ်၍ အမည်နာမ ကင်ပွန်း
မတပ်ရသေးသော မင်းသားလေးသည် ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလီဇဘက်၏
သားတော်ကြီး အိမ်ရှေ့ ဥပရာဇာ မင်းသားကြီး ချားစ်နှင့် သူ၏သားတော်ကြီး
မင်းသားဝီလျံတို့ ပြီးသည့်နောက် ထီးမွေနန်းလျာ တိုက်ရိုက် ဆက်ခံခြင်းအတွက်
တတိယမြောက် နေရာ၌် ရှိသူဖြစ်သည်။
''ကျွန်တော်တို့က ပိုပြီးတော့
ဝမ်းသာတဲ့သူတွေပါလို့ မပြောနိုင်ပါဘူးဗျာ'' ဟု ချားစ်မင်းသားကြီးနှင့်
ကွယ်လွန်သူ မင်းသမီးကြီး ဒိုင်ယာနာတို့၏ သားတော်ကြီး ဖြစ်သူ မင်းသား ဝီလျံက
အကျဉ်းချုပ် ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ သမ္မတဖြစ်သူ ဘားရက်
အိုဘားမားနှင့် ဇနီးမီရှဲလ်တို့သည် ဗြိတိန် နန်းညွန့်နန်းလျာ တတိယ
မျိုးဆက် မင်းသားလေး ဖွားမြင်ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသော
အချိန်အခါ သမယ ဖြစ်ပါကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သလို ကနေဒါ နိုင်ငံ
ကလည်း ပင်လယ်ရပ်ခြားရှိ ထီးမွေနန်းမွေ ဆက်ခံရမည့် နိုင်ငံပေါင်း (၁၅)
နိုင်ငံရှိသည့် အနက် ပထမဦးဆုံး အဖြစ် ထီးမွေနန်းလျာ မင်းသားလေး
ဖွားမြင်ခြင်းကို ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
လန်ဒန်မြို့လယ်ကောင် ပက်ဒင်တန်ရှိ
စိန့်မေရီ ပုဂ္ဂလိက ဆေးရုံကြီး လင်ဒိုဆောင်သို့ အရုဏ်တက် ချိန်ခန့်တွင်
မင်းသမီး ကိတ်မစ်ဒယ်လ်တန်နှင့် မင်းသားဝီလျံ တို့ ရောက်ရှိလာကြကာ
သားဖွားဆောင်တွင် သားတော်လေးကို ၁ဝ နာရီကြာ အန္တရာယ်ကင်းစွာ
မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။ ထီးမွေနန်းလျာ တတိယမျိုးဆက် မင်းသားလေးကို
ဖွားမြင်ပြီးနောက် လေးနာရီအကြာတွင် ကဲန်ဆင်တန် နန်းတော်က
ကိန်းဘရစ်ခ်ျမြို့စား မင်းသမီးသည် ဇူလိုင် ၂၂ ရက် အရုဏ်တက်ချိန် နံနက် ၎
နာရီ ၂၄ မိနစ်တွင် သားတော်လေးကို ဘေးအန္တရာယ်ကင်းစွာ ဖွားမြင်ကြောင်း
ကြေညာခဲ့သည်။ သားတော်လေးမှာ ကိုယ်အလေးချိန် သုံးဒသမရှစ် ကီလိုဂရမ်
ရှိသည်။ သားတော်လေးကို ဖွားမြင်သည့် ဖွားတော်ဆောင်မှာ ၁၉၈၂ ခုနှစ်က
ကွယ်လွန်သူ ဒိုင်ယာနာ မင်းသမီး၏ သားတော် မင်းသားဝီလျံကို ဖွားမြင်ခဲ့သော
ဆေးရုံရှိ အဆောင်ပင် ဖြစ်သည်။ နန်းတွင်း အကူတော်များသည် မင်းသမီးကိတ်နှင့်
သားတော်လေးတို့ ကျန်းမာရွှင်လန်းစွာ ရှိပါကြောင်း ဘက်ကင်ဟမ် နန်းတော်
ရှေ့မျက်နှာစာရှိ ရွှေသင်ပုန်းတွင် တရားဝင် ကြေညာချက် တစ်စောင်ကို
ကပ်ထားလိုက်ကြသည်။ နန်းတွင်း သမားတော် ဒေါက်တာ မားကပ်စ် ဆက်ချဲလ်က
အံ့သြဖွယ်ကောင်းသော ကလေး၊ လှပချောမောသော ကလေးဟူ၍ ထပ်လောင်း ကြေညာခဲ့သည်။
သက်တော် ၈၇ နှစ်ရှိပြီ ဖြစ်သော ဘုရင်မကြီးက မြစ်တော်အတွက် ဝမ်းမြောက်ဝမ်းသာ
ဖြစ်နေသကဲ့သို့ မင်းသားကြီးချားစ် ကလည်း အရမ်းကို ပျော်ရွှင်
အားရဖြစ်နေသည်ဟု ဆိုသည်။
ဗြိတိန်၏ အထင်ကရ အဆောက်အအုံကြီးများ
ဖြစ်သည့် လန်ဒန်အိုင်းနှင့် ဘီတီတာဝါတို့၌ မင်းသားလေး ဖွားမြင်ခြင်းအတွက်
ဂုဏ်ပြုသည့် အနေဖြင့် ဖြူနီပြာ မီးရောင်စုံတို့ကို ထွန်းညှိထားသည်။
အင်္ဂါနေ့တွင် မြို့တော်တစ်ဝန်း အမြောက်သံများဖြင့် ဂုဏ်ပြု ပစ်ခတ်ခဲ့ကြ
သည်။ သတင်းစာများ၏
မျက်နှာဖုံးများတွင်လည်း သားယောက်ျားလေး ဖွားမြင်ကြောင်းများကို
ပလူပျံအောင် ဖော်ပြခဲ့ကြသည်။ ဘုရင် လောင်းလျာလေး လူ့လောကသို့ ရောက်ရှိ
လာရေး အတွက် ဗြိတိသျှ ထီးနန်းမျိုးဆက်သစ်ကို ဆယ်စုနှစ် ကြာအောင်
စောင့်လာခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်တွင် မင်းသားဇနီး မောင်နှံ လက်ထပ် ကတည်းက
မျှော်တလင့်လင့် စောင့်စားလာခဲ့ကြသည့် ကိစ္စဆိုက မမှားပါပေ။ ၁၉၉၇ ခုနှစ်
ပဲရစ်ကားတိုက်မှု တစ်ခုတွင် ဒိုင်ယာနာ မင်းသမီး ကွယ်လွန် သွားခဲ့ခြင်းနှင့်
ဆယ်စုနှစ်များ ကြာအောင် မကောင်းသတင်းများ ဖြစ်ခဲ့ပြီးနောက် ဗြိတိန်
ဘုရင်မကြီးနှင့် မိသားစုများကို လူကြိုက်များသော ဝီလျံတို့ ဇနီးမောင်နှံက
တစ်ဖန်ပြန်လည် သက်ဝင်လာစေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ နန်းတော်က မင်းသားလေး၏
အမည်ကို နောက်ပိုင်းတွင် ကြေညာ သွားမည် ဖြစ်သည်။ သို့သော်လည်း
မင်းသားလေးကို ကိန်းဘရစ်ခ်ျ မင်းသားဟူသော အမည်နာမကား မလွဲမသွေရရှိမည်သာ
ဖြစ်သည်။ သူ့ဖခင် မင်းသား ဝီလျံတုန်းက ဖွားမြင်ပြီးနောက် ၇ ရက်ကြာမှ
အမည်ကို ကြေညာခဲ့သည်ဟု သိရသည်။ စာအုပ် ထုတ်ဝေသူများ၏ အကြိုက်ဆုံး
အမည်များမှာ ဂျော့နှင့် ဂျိမ်းစ်ဖြစ်ပြီး ယင်းတို့သည် အနာဂတ် ဘုရင်အတွက်
ရိုးရာ အစဉ်အလာ အမည်များ ဖြစ်ကြောင်း ပြောကြသည်။
မင်းသားဝီလျံသည် အသက် ၃၁ နှစ်ရှိပြီး
သူသည် တော်ဝင် လေတပ်ဖွဲ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လေသူရဲတစ်ဦးဖြစ်ရာ
အလုပ်တာဝန်မှ ခွင့်နှစ်ပတ်ယူမည် ဖြစ်ကြောင်း သိရသည်။ မင်းသမီးကိတ်
ကလေးမွေးဖွားမည့် အချိန်ကို နိုင်ငံတကာ မီဒီယာ အသိုင်းအဝိုင်း
အဖွဲ့ဝင်များက အရေအတွက် ရာနှင့်ချီ၍ ဆေးရုံ အပြင်ဘက်တွင် လာရောက်
စောင့်နေခဲ့သည်မှာ ရက်သတ္တ သုံးပတ်ကြာခဲ့၍ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့စဉ်
သားတော် မင်းသားလေးကို ဖွားမြင်ခဲ့သဖြင့် မျှော်လင့်ထားသည်ထက်
ရက်များစွာပင် နောက်ကျခဲ့သည် မဟုတ်ပါလား။ မင်းသားကြီးချားစ်နှင့် သူ၏ ဒုတိယ
ဇနီး ကာမီလာတို့ကလည်း ပထမမြေးဦး သားတော်လေး ရရှိခြင်းအတွက် အလွန့်အလွန်
ပျော်ရွှင်နေကြကြောင်း ပြောပြသည်။
ဝီလျံနှင့် ကက်သရင်းတို့အတွက်
မယုံနိုင်လောက်အောင် ထူးခြားသော အထူးအချိန် အခါသမယ ဖြစ်သည်။ ''သူတို့
သားဦးရတနာ ယောက်ျားလေး မွေးလိုက်တာက သူတို့အတွက် အရမ်းကို စိတ်လှုပ်ရှားစရာ
ဖြစ်ရပါတယ်''ဟု အသက် ၆၄ နှစ်အရွယ်ရှိ အိမ်ရှေ့ ဥပရာဇာက ပြောကြားခဲ့သည်။
''လူတိုင်းရဲ့ဘဝမှာ အဖိုးအဖွားဘဝသို့ ရောက်ရှိသွားခြင်း ဆိုတဲ့ အချိန်အခါ
သမယကို တွေ့ကြုံကြရမှာဖြစ်ပြီး မကြာမီလများက လူတွေ ကျွန်တော့်ကို
ပြောသလိုပါပဲ။ ပထမဆုံး အဖိုးဘဝ ခံယူရတာကို အလွန် ဂုဏ်ယူဝမ်းသာ
ဖြစ်ရပါတယ်။ မြေးတော်လေးကို မကြာမီ တွေ့မြင် ရတော့မှာဖြစ်လို့
တွေ့လိုမြင်လို စိတ်တွေနဲ့ မျှော်လင့်နေပါတယ်'' ဟုလည်း ပြောပြသည်။ ဗြိတိသျှ
ဓနသဟာယ အဖွဲ့ (၁၆) နိုင်ငံ တစ်ဝန်းလုံး ထီးနန်း အမွေဆက်ခံပိုင်ခွင့်ကို
သားကြီး သြရသ၏ အခွင့်အရေးအဖြစ် ထီးနန်း ဆက်ခံခွင့် ဥပဒေအသစ်က
ပြဋ္ဌာန်းထားပြီး ဖြစ်၍ နောင်အနာဂတ် မည်သည့် ညီတော်မင်းသားကမျှ
နောင်တော်ကိုကျော်၍ ထီးနန်းအမွေ မဆက်ခံရပါဟု ဆိုသည်။ တော်ဝင်
မိသားစုဝင်များနှင့် ပတ်သက်၍ အရူးအမူး ဖြစ်နေ ကြသူများ လန်ဒန်တွင်
စုဝေးကြခြင်း သတင်းမှာလည်း ဖုံးဖိထား၍ ရမည်မဟုတ်ပါ။ အမေရိကန် ပြည်ထောင်စု
အိုဟိုင်းယိုးပြည်နယ်မှ လာရောက်သော ဧည့်သည် တစ်ဦးဖြစ်သူ ဂျန်နိုက်စ်က
''ဒါအရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ထီးမွေနန်းမွေ ဆက်ခံရမယ့် တတိယနေရာက တန်းစီ ထားတဲ့
မျိုးဆက်သစ်လေဗျာ'' ဟု ပြောပြခဲ့သည်။''ကျွန်တော်တို့ ဒီနေရာကို ကြာသပတေးနေ့
က ရောက်လာ ခဲ့တာပါ။ စိတ်လှုပ်ရှားစရာ သတင်းကြားရမယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ ရောက်လာတာပါ။ ကျွန်တော်တို့မှာ တော်ဝင် မိသားစုဆိုတာ
မရှိပါဘူး။ ဒါကြောင့် အရမ်းအရမ်းကို စိတ်လှုပ်ရှား နေရပါတယ်''ဟု ဆို၏။
ယူနိုက်တက် ကင်းဒမ်း၏ ဝန်ကြီးချုပ် ဒေးဗစ်
ကင်မရွန်းက ဒေါင်းနင်းလမ်း ရုံးအပြင်ဘက်၌ ပြောရာတွင် ''ဗြိတိန်အတွက်
အံ့သြဖွယ်ရာ သတင်းပါပဲ။ ဗြိတိန်ဆိုတာ နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့
နိုင်ငံ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်ဖြစ်တဲ့ အပြင်
ကမ္ဘာ့နံပါတ် (၆) နေရာက စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တာမို့
အံ့သြဖွယ်ရာ သတင်းပါ'' ဟုဆိုသည်။ ထို့အပြင် မင်းသားဝီလျံသည် ၂ဝဝ၉ ခုနှစ်
ဖေဖော်ဝါရီလတွင် ဗစ်တိုးရီးယားမှာ တောမီးကြီး လောင်ခဲ့စဉ်က
မှောင်မိုက်ကြီးကျသော စနေနေ့မှာ ပိုင်ဆိုင်မှု မှန်သမျှ အရာရာ
ဆုံးရှုံးသွားခဲ့ရတဲ့ သြစတြေးလျက မိသားစုများနှင့် တွေ့ဆုံခဲ့ရာမှာ
အလွန်တရာမှ နက်ရှိုင်းသော အကြင်နာ မေတ္တာတရားနှင့် ကရုဏာတရားများကို ပြသခဲ့သူ
ဖြစ်သည်။
သြစတြေးလျ ရေဒီယိုမှ ဘုရင်မကြီးနှင့်
ချားစ်မင်းသားတို့ ဟန်ဆောင်လျက် တယ်လီဖုန်း ဆက်၍ နောက်ပြောင် ကျီစယ်သော
မေးမြန်းချက်ကို ဖြေကြားမိခဲ့သော သူနာပြု ဆရာမ တစ်ယောက်သည် ဆေးရုံက
တရားစွဲဆိုခြင်း ခံခဲ့ရ၍ မိမိကိုယ်ကိုယ် သတ်သေ သွားခဲ့သဖြင့် စိတ်ပျက်ဖွယ်
ဖြစ်ခဲ့ရသေးကြောင်း ပြောပြခဲ့သည်။
တော်ဝင်မိသားစု အကြောင်း မသိသေးသူများ
အနေဖြင့် သာမန် ကလေးမီးဖွားခြင်း ကို ဤမျှလောက် အရေးတကြီးပြောကြ၊
ဆိုကြလုပ်နေကြခြင်းကို ဇာချဲ့နိုင်လွန်း သည်ဟု ထင်မြင်ကောင်း
ထင်မြင်မိကြမည် ဖြစ်သော်လည်း ဤကလေးသည် အခြားသူများနှင့် လုံးဝမတူသည့်
အချက်ကို ထောက်ပြရမည်ဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံး၌ ကလေးများ များစွာ
မွေးဖွား၍ လူ့ပြည်လောကသို့ ရောက်လာကြသော်လည်း သမ္မတကြီး၏ သားသည် နောင်ကြီး
ပြင်းလာသောအခါ သမ္မတ ဖြစ်လာမည်ဟူ၍ မည်သူမျှ မပြောနိုင်ပါ။ ရာခိုင်နှုန်း
အများစုသည် ဘာဖြစ်လာမည်ဟူ၍ အတပ် ပြောဖို့မတတ်နိုင်ပါ။ ယခုမင်းသား ဝီလျံသည်
သူ့ဖခင် အိမ်ရှေ့ မင်းသားကြီး ချားစ် ဘုရင်ဖြစ်သည့်နေ့တွင် အိမ်ရှေ့မင်းသား
ဖြစ်လာမည်ဖြစ်ပြီး ဖခင်အရိုက်အရာ ဗြိတိန်နိုင်ငံ၏ ဘုရင်ဖြစ်လာမည့်
ထီးမွေနန်းမွေခံ ဖြစ်လာမည် ဖြစ်သလို ယခုသားကြီး အဖြစ် မွေးဖွားလာသော
မင်းသားဝီလျံနှင့် ကိတ်တို့၏ သားဦးလေးသည်လည်း မင်းသား ဝီလျံဘုရင်
ဖြစ်သောနေ့တွင် အိမ်ရှေ့မင်းသား ဖြစ်လာ၍ ဖခင်၏ ထီးမွေနန်းမွေကို
ဆက်ခံမည့်သူ ဗြိတိန်နိုင်ငံ၏ ဘုရင်ဖြစ်လာမည့်သူ အဖြစ် ဗြိတိသျှ ဓနသဟာယ
နိုင်ငံပေါင်း (၁၆) နိုင်ငံ၏ ဥပဒေ၌ ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ
ယခုဖွားမြင်လိုက်သော မင်းသားငယ် ကလေးသည် ဓနသဟာယ နိုင်ငံပေါင်း (၁၆)
နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ ဘုရင်ဖြစ်လာမည့် ပုဂ္ဂိုလ်တည်း။
သို့ဖြစ်၍ ချားစ်မင်းသားကြီးသည် မယ်တော်
ဘုရင်မကြီး အဲလီဇဘက်၏ ပထမ နန်းလျာဖြစ်ပြီး ဝီလျံသည် ဒုတိယ နန်းလျာဖြစ်၍ ယခု
မွေးဖွားလာသော မင်းသားလေးသည် တတိယ နန်းလျာ ဖြစ်ပါကြောင်း။
ကိုကိုဟန်
No comments:
Post a Comment