ကိုကိုဟန်
အိန္ဒိယနှင့် ပါကစ္စတန် အကြား
အငြင်းပွားနေသော ကက်ရှ်မီးယား ဒေသတွင် စနေနေ့က အိန္ဒိယတပ်မှ ပစ်ခတ်မှုကြောင့်
ပါကစ္စတန် စစ်သားတစ်ဦး သေဆုံးသွားပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း
ပါကစ္စတန် စစ်တပ်က ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဤသို့ ပြဿနာ
ပေါ်လာတိုင်း မည်သူက စပစ်သည်ကို မပြောဘဲ အမြဲတမ်း သူက စပစ်သည်၊ ငါက
ပြန်ပစ်သည် ဆိုပြီး တစ်ဖက်နှင့် တစ်ဖက် အပြစ်တင် ပြောဆိုကာ အငြင်းပွားလေ့
ရှိသည်။
ပြန်ကြားရေးဌာန (ISPR) အဆိုအရ ထိုနေ့
နံနက် ၁ဝ နာရီခွဲတွင် အချင်းဖြစ်ပွားခဲ့ရာ ပစ်ခတ်ရခြင်း၏ အကြောင်းရင်း
အတွက် သက်သေ အထောက်အထား မရှိ ဖြစ်နေကြောင်း၊ အိန္ဒိယဘက်မှ ပစ်ခတ်မှုကြောင့်
ကျဆုံး သွားရသော ပါကစ္စတန် စစ်သား၏ အမည်မှာ အာဆင်အစ်ကဘဲလ် ဖြစ်ပြီး
ရာဝါပင်ဒီမြို့ အနီး ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦး ဖြစ်ကြောင်းနှင့်
စိုးရိမ်ဖွယ်ရာ ဒဏ်ရာ ရရှိ၍ ဆေးရုံ တက်ရောက် ကုသ ခံနေရသော စစ်သားမှာ
နိတ်မူဟာမက်ခန်းဆိုသူ ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်တပ်က အိန္ဒိယ တပ်သားများကို
မိမိတို့ဘက်မှ ပစ်ခတ်ခြင်း မရှိဘဲနှင့် အသားလွတ် ပစ်ခတ်ခြင်း ဖြစ်သည်ဟု
စွပ်စွဲထားသည်။ ထိုနေရာမှာ နှစ်နိုင်ငံ အငြင်းပွားနေသော ကက်ရှ်မီးယား
နယ်ခြားဒေသ ဖြစ်သည်။ အိန္ဒိယ စစ်တပ်က ပြောကြားရာတွင် ပါကစ္စတန်ဘက်က
စပစ်သဖြင့် မိမိတို့ဘက်က ဒေါသအ လျောက် ပြန်ပစ်ခြင်း မဟုတ်ဘဲ
ထိန်းထိန်းသိမ်းသိမ်းသာ ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြော ကြား
ခဲ့သည်။ စစ်သားတစ်ဦးမှာ အာဇာနည် ဖြစ်သွားပြီးနောက် တစ်ဦးက ဒဏ်ရာ
အပြင်းအထန် ရသွားသည့် နေရာ အတိအကျမှာ ရာဝါလာကော့ နယ်မြေ
ထိန်းချုပ်ရေးမျဉ်းတွင် ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်မှ ပြောကြားခဲ့သည်။
ပါကစ္စတန် စစ်တပ်က အိန္ဒိယ စစ်တပ်ကို
နောက်ထပ် နယ်စပ် ချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲ ခဲ့သည်။ ISPR
အဆိုအရ အိန္ဒိယ နယ်ခြား လုံခြုံရေး တပ်သည် နယ်ခြားနေရာ စေးလ်ကော့ အနီးတွင်
အလုပ် လုပ်နေရာ၌ ပါကစ္စတန်ဘက်မှ ရန်စမှု မရှိဘဲ စတင် ပစ်ခတ်ခဲ့ကြောင်းနှင့်
ထိခိုက်ကျဆုံးမှု မရှိ ကြောင်း၊ ပါကစ္စတန် တပ်ကလည်း တုံ့ပြန်သည့် အနေဖြင့်
ထိရောက်စွာ ပြန်လည် ပစ်ခတ် ခဲ့ကြောင်း ကြေညာချက်တွင်
ဖော်ပြထားသည်။
၂ဝဝ၃ ခုနှစ် ကတည်းက နှစ်ဖက် တပ်များကို
အကြီးအကျယ် ချထားပြီး ထိန်းချုပ်ရေး မျဉ်းတစ်လျှောက် အပစ်အခတ် ရပ်စဲရေး
သဘောတူညီချက်ကို ဖောက်ဖျက်သည်ဟု အပြန်အလှန် စွပ်စွဲမှုများ အိန္ဒိယနှင့်
ပါကစ္စတန် တို့အကြားတွင် ပုံမှန် ဖြစ်လေ့ရှိသည်။
စနေနေ့ ညပိုင်းက အိန္ဒိယတပ်က ပြောရာတွင်
စစ်တပ်များ အကြီးအကျယ် ချထားသည့် နယ်ခြားတစ် လျှောက် မကြာခဏ ပစ်ခတ်မှုများ
ဆက်လက် ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။ သူတို့ဘက်က ပစ်ခတ်ခြင်း မပြုဘဲနှင့်
ပါကစ္စတန် တပ်သားများက နံနက်ပိုင်းတွင် အကြောင်းမဲ့ စတင် ပစ်ခတ်ခဲ့ကြောင်း
RPG များ၊ စက်သေနတ် ကြီးများနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်
တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယ တပ်မတော် ပြောရေး ဆိုခွင့်ရသူ
ဗိုလ်မှူးကြီး အာကေပေါ်လ်တာက AFP ကို ပြောကြားခဲ့သည်ဟု သိရသည်။
ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက
အိန္ဒိယ အစိုးရကို ယင်းပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ
ပြုလုပ်ပေး ရန် တောင်းဆိုထားကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံအကြား
ဆက်ဆံရေးမှာ ကောင်းမွန်အောင် လုပ်နေသည့် အချိန်တွင် လာပြီး
တိုက်ဆိုင်နေခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြား သွားသည်ဟု ဆို၏။
အစ္စလာမာဘတ်မြို့ရှိ အိန္ဒိယ
သံအမတ်ကြီးထံသို့ ပါကစ္စတန် နိုင်ငံ၏ ကန့်ကွက်လွှာကို ပေးပို့ခဲ့ကြောင်းနှင့်
စစ်ဘက် အာဏာပိုင် များသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ အဆင့်မြင့် အစည်းအဝေး
ကျင်းပဆွေးနွေး မည်ဟု ဆိုသည်။ အကယ်၍ ဤကိစ္စမျိုး ထပ်ဖြစ်ခဲ့လျှင် အိန္ဒိယ
သံအမတ်ကြီးကို နှင်ထုတ်မည်ဟု ဆိုသည်။
ပါကစ္စတန်- အိန္ဒိယ ဌာနပေါင်းစုံ ညှိနှိုင်း
ဆွေးနွေးပွဲ မလုပ်ဘဲ ကြာနေသည်ကို ယခု သြဂုတ်လတွင် ဆွေးနွေးပွဲ ပြန်လည်
စတင်ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဌာနစုံ ညှိနှိုင်းဆွေးနွေးပွဲ
တတိယအကြိမ် ပြုလုပ်ရန် နှစ်ဖက်စလုံး အဆင်ပြေမည့် ရက်ကို တနင်္ဂနွေနေ့က
အတည်ပြု ပေးခဲ့သည်။
အိန္ဒိယ မီဒီယာ၏ အစီရင်ခံစာများ အရ သြဂုတ်
၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဝူးလာဘားမာရိုက်ရေနှင့် လျှပ်စစ်ဓာတ်အား
ဆိုင်ရာ အစည်းအဝေးကို နှစ်နိုင်ငံ အတွင်းဝန်များက ဆွေးနွေးကြမည် ဖြစ်ပြီး
စက်တင် ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဆားချောင်း ရေကြောင်း နယ်နိမိတ်ကိစ္စ
ဆွေးနွေးကြရန် ရက် သတ်မှတ်၍ ပါကစ္စတန်ဘက်တွင် ဆွေးနွေးပွဲ ကျင်းပမည်
ဖြစ်သည်။ ရေကိစ္စနှင့် ဆားချောင်းကိစ္စ အပြင် နိုင်ငံခြားရေး အတွင်းဝန် အဆင့်
ဆွေးနွေးပွဲများလည်း ပြုလုပ်မည် ဖြစ်သည်။ နိုင်ငံခြားရေး အတွင်းဝန်များ
အဆင့် အစည်းအဝေး တွင် ကက်ရှ်မီးယား ပြဿနာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်
ချစ်ကြည် ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ရန် ဖြစ်သည်။
နောက်ဆုံး အဆင့်တွင် နိုင်ငံခြားရေး
ဝန်ကြီးချင်း အစည်းအဝေးကို အစ္စလာမာဘတ်မြို့တွင် ပြုလုပ်မည်။ အရာရှိ
ကြီးများ အတည်ပြု ပြော ကြားချက် အရ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း စက်တင်
ဘာတွင် ဝန်ကြီးချုပ် အချင်းချင်း တွေ့ဆုံ ဆွေးနွေးကြဦးမည်ဟု သတင်းရ
ရှိသည်။
ကက်ရှ်မီးယားတွင် ထိန်းချုပ်ရေးမျဉ်း၌
အိန္ဒိယတပ်က ပစ်ခတ်မှုကြောင့် ပါကစ္စတန် စစ်သားများ သေဆုံး သွားခဲ့ရာ စိတ်မသက်
သာ ဖြစ်ခဲ့သော်လည်း ငြိမ်နေရသည့် ကိစ္စကို သြဂုတ်လ အစ်နေ့ပြီးသည့်
နောက်ပိုင်း နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲ ထိုင်ရန် ရှိသည်။ ဤကိစ္စနှင့်
ပတ်သက်၍ ယခင် နိုင်ငံခြားရေး အတွင်းဝန်ဟောင်း ရှာဟာယာခန်းကို ဝန်ကြီးချုပ်
ရှာရစ်ဖ်၏ အထူး သံတမန် ခန့်အပ်ကာ ဒေလီ တွင် ဆွေးနွေးပွဲ ပြန်လည် စရန်
မီးစိမ်း ပြထားသည်ဟု သိရ၏။ ဇန်နဝါရီလက အိန္ဒိယဘက်မှ ရပ်ဆိုင်းထားသည့်
အစည်းအဝေးကို ပြန် စရန် မူအားဖြင့် သဘော တူထားပြီး ဖြစ်သည်။ ကျင်းပမည့်
ရက်ကိုလည်း အိန္ဒိယသို့ ပေးထားပြီး ဖြစ်သော်လည်း အကြောင်း ပြန်ကြားချက်
မရသေးဟု ဆို၏။ ပါကစ္စတန်၌ အစိုးရသစ် တက်လာ ကတည်းက ဤကိစ္စ စီစဉ်ထားခြင်း
ဖြစ်သည်။
အောက်က လူများ ဖိုင်ထဲကြည့်ပြီး
လုပ်ရိုးလုပ်စဉ် လုပ်သွားမည် ဖြစ်၍ ဝန်ကြီးချုပ်ချင်း တွေ့ပြီး ပြောကြ
ဆိုကြမှသာ အဖြေက ချက်ချင်း ထွက်လာမည် ဖြစ်သည်ဟု ဆို၏။ ရေ အရင်းအမြစ်
ဆိုင်ရာ အတွင်းဝန် အဆင့် ဆွေးနွေးပွဲကို အိန္ဒိယက ရက်ရွှေ့ပေးရန်
တောင်းဆိုသည်။ အကြောင်းမှာ လက်ရှိ ရေ အရင်းအမြစ် ဆိုင်ရာ အတွင်းဝန်က
အငြိမ်းစား ယူတော့မည် ဖြစ်၍ မတ်လလောက်ကျမှ ဆိုလျှင် အဆင်ပြေ မည်ဖြစ် သည်။
ယင်းသို့ ရက်ရွှေ့ခြင်းသည် ပါကစ္စတန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး
မတ်ခဒွန်းဖာဟင် အိန္ဒိယသို့ လာမည့်ရက်ကို ပယ်ဖျက်ပြီး နောက်နေ့တွင် ဖြစ်သည်။
ပါကစ္စတန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အံချော်နေသည့် ဆယ်စုနှစ် အတွင်း
အပြင်းထန်ဆုံး အကြမ်းဖက်မှု တချို့ ဖြစ်ပွားခဲ့ပြီးနောက် ခြောက်လအကြာ အငြင်း
ပွားနေသည့် ကက်ရှ်မီးယား ဒေသတွင် နယ်ခြားစခန်းကို တိုက်ခိုက်ခြင်း
ခံရပြီးနောက် အိန္ဒိယ စစ်သား ခြောက်ယောက် ကျဆုံး သွားရသည်။
ဂျမ္မူးနှင့် ကက်ရှ်မီးယား ဝန်ကြီးချုပ်
အိုမာအဗ္ဗဒူလာက သူ၏ တရားဝင် တွစ်တာ အကောင့်မှ ပြောကြားရာ တွင် သတ်ဖြတ်
ခံရသည့် အကြောင်း သူ့ကို ရှင်းပြပြီး ဖြစ်သည်။ ယင်းကိစ္စများကို ပါကစ္စတန်
အစိုးရသစ်နှင့် အစည်းအဝေး ပြန်စသည့် အခါတွင် မေးမြန်းနိုင်သည်။
ပါကစ္စတန်တပ်က ညသန်းခေါင်ယံ အချိန်မှာ အိန္ဒိယ ဘက်ကို ညအချိန် ဖြတ်ကျော်
ဝင်ရောက်ပြီး ကက်ရှ်မီးယားကို ခွဲခြားထားသည့် မျဉ်းတစ်လျှောက် ဆာလာ
စခန်းကို ချုံခို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု PTI သတင်း ဌာနမှ
ဆိုသည်။
၂ဝဝ၈ ခုနှစ် မွန်ဘိုင်း အကြမ်းဖက်
တိုက်ခိုက်မှုက တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို
ပျက်ပြား သွားစေခဲ့ပြီး ယင်းကြောင့် ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်အောင်
ကြိုးပမ်းမှုများ ကိုပါ နှောင့်နှေး စေခဲ့သည်။ ဝန်ကြီးချုပ်
နာဝပ်ဇ်ရှာရစ်ဖ်က အဓိက မြစ်ကြီးများမှ ရေရရှိရေးနှင့် ဆားချောင်း
နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ရေး ကိစ္စများကို သူဝန်ကြီးချုပ် ဖြစ်လာကတည်း က
ဆောင်ရွက်ရန် အစီအစဉ် ဆွဲထားခဲ့သည်။ စက်တင်ဘာ လကုန်ပိုင်းက ကုလသမဂ္ဂတွင်
ဘေးပန်း အစည်းအဝေး အနေဖြင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့်
ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်စ်ရှာရစ်ဖ်တို့ ဆွေးနွေးရေး အဆိုပြုရန်
အိန္ဒိယဘက်က စဉ်းစားနေကြောင်း သတင်း ကြားရသည်။
အိန္ဒိယ ပါလီမန် ထဲမှာလည်း အတိုက်အခ
ံဥပဒေပြု အမတ်များ အားလုံးက မတ်တတ်ရပ်ပြီး တိုက်ခိုက်မှုမှာ မည်သို့
ဖြစ်လာကြောင်း အစိုးရက ရှင်းလင်း တင်ပြရန် တောင်းဆို ခဲ့ကြသည်။ အိန္ဒိယ
ကာကွယ်ရေး ဌာန၏ ပြောရေး ဆိုခွင့်ရသူ စီတန်ရှုးကားက ဖုန်းဖြင့် မေးရာ တွင်
ဖုန်းပိတ်ထားပြီး အဖြေ မပေးဟု ဆို၏။
ယခုနှစ် အတွင်း အတိုက်အခံ ဘက်မှ
ဝန်ကြီးချုပ် ရွေးကောက်ပွဲ ဝင်တော့မည်။ နာရန္ဒရာ မိုးဒီကလည်း အိန္ဒိယ နယ်စပ်
လုံခြုံမှု အတွက် ပြစ်တင် ဝေဖန်ခဲ့သည်။ ဗဟို အစိုးရ ဘယ်တော့မှ အိပ်ရာက
နိုးမှာလဲ ဆိုကာ တရုတ်တို့၏ ကျူးကျော်မှုမှသည် ပါကစ္စတန်တို့ ချုံခို
တိုက်သည်အထိ ပြန်ပြောင်း ပြောပြ ဝေဖန်ခဲ့ပြီး အိန္ဒိယနယ်စပ် မလုံခြုံဘူး
ဆိုတာ ရှင်းနေတာပဲဟု ဆို၏။
ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လများကလည်း
အိန္ဒိယနှင့် ပါကစ္စတန် အစိုးရတို့၏ နှစ်ဖက် စစ်တပ်များသည် ကက်ရှ်မီးယားတွင်
နယ်စပ်ကို ဖြတ် ၍ အသေတိုက်သည့် ကိစ္စများကို အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆော်မန်ခူးရှစ်က နှစ်ဖက် တိုက်ပွဲဖြစ်တော့
ထုံးစံအတိုင်း စီးပွားရေး လုပ်ငန်းတွေ နိဂုံး ချုပ်သွား ပြန်တာပေါ့ဗျာဟု
ပြောကြားခဲ့သည်။
အိန္ဒိယတွင် ဧပြီလက တရုတ်တို့နှင့်
ဟိမဝန္တာတွင် စစ်ရေးပြဿနာ ရှိခဲ့ရာ တရုတ်တို့ကို မြောက်ပိုင်း လာဒါတွင်
ပိုင်နက်နယ်မြေ၌ ကျူးကျော်သည်ဟု စွပ်စွဲခဲ့သည်။ သုံးပတ်ခန့် ကြာအောင်
တင်းမာမှုများ ဖြစ်ခဲ့ရာ ကြည်းတပ် တပ်မှူးချင်း ဆွေးနွေး၍ သဘော တူညီချက်
ရသွားမှ ပြီးဆုံး သွားခဲ့သည်။
''ဒီနည်းနဲ့တော့ ကျွန်တော်တို့
ပါကစ္စတန်နဲ့ ဆက်ဆံရေး ပိုကောင်း သွားမယ့်ပုံ မပေါ်ပါဘူး'' ဟု လက်ထောက်
ပြည်ထဲရေး ဝန်ကြီး အာရ်ပီအဲန်ဆင်းက ပါလီမန် အပြင်ဘက် ရုပ်မြင်သံကြား
အမေးအဖြေ ကဏ္ဍတွင် ပြောကြား သွားခဲ့သည်။
ကာကွယ်ရေး ဝန်ကြီး သို့မဟုတ်
နိုင်ငံခြားရေး ဝန်ကြီးတို့က ယင်းကိစ္စကို မပြောမချင်း နောက်ထပ် သူ့သ ဘောထား
အမြင်ကို မပြောတော့ပေ။ ကက်ရှ်မီးယား ပိုင်နက် နယ်မြေမှာ အိန္ဒိယနှင့်
ပါကစ္စတန်တို့၏ ဆက်ဆံရေး တိုးတက်ရန် အတွက် မဟာ အခက်အခဲ အတားအဆီးကြီး
ဖြစ်သည်။ ၁၉၄၇ ခုနှစ်က စပြီး ကက်ရှ်မီးယား ဒေသနှင့် ပတ်သက်၍ အိန္ဒိယနှင့်
ပါကစ္စတန် နှစ်နိုင်ငံ အကြားကို ခွဲခြား ထားခဲ့ရာ နှစ်နိုင်ငံ စလုံးက
ကက်ရှ်မီးယားကို ထက်ဝက်ခွဲမနေဘဲ အပြည့်ပေးရန် သူပိုင်ကိုယ်ပိုင်
တောင်းဆိုခဲ့သည့် အတွက် စစ်ပွဲ သုံးကြိမ် တိုက်ခိုက် ခဲ့ရသည်။
နှစ်နိုင်ငံလုံး နျူကလီးယား လက်နက်ပိုင်သော နိုင်ငံများ ဖြစ်ရာ အလွန်မှ ပင်
အတိမ်းအစောင်း မခံသော အနေအ ထား ဖြစ်ကြောင်း သိရှိနိုင်ပါရန် ဘာသာပြန်
ရေးသား လိုက်ရ ပါသည်။ ။
No comments:
Post a Comment