ကိုကိုဟန်
ပြီးခဲ့သည့် တနင်္လာနေ့က အီရတ်နိုင်ငံ
ရှီးယိုက် လူအများစု နေထိုင်ရာ နယ်မြေကို အဓိက ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ရာ
အနည်းဆုံး လူ ၆၇ ဦး အသက်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။
အသက် ဆုံးရှုံးသူ ၆၇ ဦးတွင် အရပ်သား
အနည်းဆုံး ၅၇ ဦး ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့များက ပြန်လည် ပစ်ခတ်ရာတွင်
စစ်သွေးကြွ ၁ဝ ဦး သေဆုံးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက
ပြောကြားခဲ့သည်။ ထို့အပြင် ပြည်ထဲရေး ဝန်ကြီးဌာနသည် ယင်းကိစ္စမှ စတင်ကာ
ပြည်တွင်းစစ်ကြီး ဖြစ်သွားနိုင်ကြောင်း သတိပြုရန် ပြောကြား ခဲ့သည်။ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အီရတ်နိုင်ငံသည် ၂ဝဝ၈ ခုနှစ် ကတည်းက
အကြမ်းဖက်မှု၏ အဆိုးဆုံးသော လှိုင်းတံပိုးများကို ရိုက်ခတ်
ခံစားလာရခြင်းနှင့် အတူ ယခု ဂိုဏ်းဂဏ ကွဲကာ သွေးမြေကျ ပြဿနာများ
ဖြစ်ပွားလာခြင်းကြောင့် ပြည်တွင်းစစ်ကြီး၏ နှုတ်ခမ်းဝသို့ ရောက်ရှိလာပြီ
ဖြစ်ကြောင်း သတိပေး ပြောကြား လိုက်သည်။ ပြီးခဲ့သည့် တနင်္လာနေ့က ဘဂ္ဂဒက်
မြို့တော်၏ နေရာ ကိုးခုတွင် ကားဗုံး ၁၁ လုံး ပေါက်ကွဲမှု များ ဖြစ်ပွားခဲ့ရာ
ခုနစ်နေရာသည် ရှီးယိုက် ဘာသာဝင်များ အများဆုံး နေထိုင်ရာ နေရာများဖြစ်ပြီး
ကျန် နေရာများမှာ မြို့တော်၏ တောင် ဘက်ခြမ်း မာမူဒီးယားတွင် ပေါက်ကွဲ
ခဲ့ခြင်းဖြစ်သည်။ ထိုသို့ နေရာအများအပြား၌ ဗုံးကွဲခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင်
ခြောက်ဦး သေဆုံး သွားခဲ့ပြီး သေဆုံး သူများထဲတွင် ရဲတပ်ဖွဲ့
ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦးအပြင် စစ်သားတစ်ဦးနှင့်
အရပ်သားနှစ် ဦးတို့ ပါဝင်ကြောင်း သိရသည်။
ယခု ဇူလိုင်လ တစ်လအတွင်း၌ပင် လူ ၈ဝဝ
သေဆုံးခဲ့ရပြီး နှစ်စကတည်းက စ၍တွက်လျှင် လူ ၃ဝဝဝ ကျော် အသက် ဆုံးရှုံးရသည်ဟု
လုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာ ဌာနများထံမှ AFP သတင်း ဌာနက ရရှိသော
ကိန်းဂဏန်းများ ဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်မှု များသည် ခေတ်မီ
လက်နက်ကိရိယာများ အသုံးပြု၍ ပေါင်းစပ် ညှိနှိုင်း ကြံစည်
တိုက်ခိုက်မှုများလည်း ပါဝင်သည်ဟု ဆို၏။ အကျဉ်းထောင် နှစ်ခုကို
တိုက်ခိုက်ခဲ့မှု ကဲ့သို့သော အဆင့်မြင့် နည်းဗျူဟာများကို အသုံးပြု
တိုက်ခိုက်ခြင်းဖြင့် အကျဉ်းသား ၅ဝဝ ကျော် လွတ်မြောက် သွားခဲ့ရသည်။ အဆိုပါ
အကျဉ်းသားများ အထဲတွင် အယ်လ်ကိုင်ဒါ အကြီးတန်း ခေါင်းဆောင် များလည်း
လွတ်မြောက် သွားကြောင်း သိရသည်။ ပြည်ထဲရေး ဝန်ကြီးဌာနမှ ယင်း အကျိုး
ဆက်များကြောင့် သွေးမြေကျရခြင်းများ ဖြစ်လာနိုင်၍ သတိ ပေး ထားသည်။
အီရတ်နိုင်ငံတွင် သွေးဆာနေသော ဂိုဏ်းဂဏစွဲ
ပြင်းထန်သူ အင်အားစုများက ပြောင်ပြောင် တင်းတင်းပင် စစ်ပွဲ
ဆင်နွှဲနေကြပြီး တိုင်းပြည် ကို ဖရိုဖရဲ ပြိုကွဲစေကာ ပြည်တွင်းစစ်ကို
တစ်ကျော့ပြန် မီးမွှေးနေကြကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင်
ဖော်ပြ ထားသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အီရတ်နိုင်ငံသည်
နောက်ထပ် လမ်းဆုံလမ်းခွ တစ်ခုသို့ ရောက် ရှိနေပြီ ဖြစ်ကြောင်း
ပြောကြားသည်ဟု ပြောရေးဆိုခွင့်ရသူ အက်ဒျွာဒိုဒဲဘွိုင်းက ကြေညာချက် ထုတ်ပြန်
ပြောကြား သွားခဲ့သည်။
ဤသို့ တိုင်းပြည်အဖို့ ပြည်တွင်းစစ်
နှုတ်ခမ်းဝသို့ ရောက်ရှိနေသည်ကို ရှေ့မတိုးဘဲ ပြန်ဆုတ်ရန် နိုင်ငံရေး
ခေါင်းဆောင်များ၌ တာဝန်ရှိ သည်မှာ ရှင်းနေပါကြောင်းနှင့် အကြမ်းဖက်မှုများ၊
အကြောက် တရားများဖြင့် နိုင်ငံရေးကို ဘေးကျပ်နံကျပ် ဖြစ်စေပြီး ရှေ့မ
တိုးသာ နောက်မဆုတ်သာ ဖြစ်အောင် အခြေအနေများကို ဖန်တီးနေလျှင် တောမီးလောင်
တောကြောင် လက်ခမောင်းခတ်၊ ပွဲလန့်တုန်း ဖျာခင်း ဆိုသလို လုပ်မည့်သူ
တောကြောင်များ အတွက် လုပ်ခွင့် မပေးသင့်ကြောင်း ပြောကြား သွားသည်။
ဆွန်နီနှင့် ရှီးယိုက်ဂိုဏ်းကို
သွေးမြေကျမှု ပြဿနာများကြောင့် အီရတ်နိုင်ငံ ပျက်စီးခဲ့ရာ ၂ဝဝ၆-၂ဝဝ၇ ခုနှစ်
တွင် အဆိုးဝါးဆုံး ဖြစ်ခဲ့သည်။ အကြောင်းမှာ လူပေါင်း ထောင်နှင့်ချီ၍
အသတ်ခံရသဖြင့် မိမိတို့ နေရပ် အိုးအိမ်များကို စွန့်ခွာပြီး သေဘေးကြောက်၍
ထွက်ပြေး ခဲ့ကြရသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် တီကရစ် အနောက်ဘက်၌
စစ်သွေးကြွ ၁ဝ ဦးအား သတ်ဖြတ် နိုင်ခဲ့သည်ဟု ရဲအဖွဲ့က ပြော ကြားခဲ့သည်။
၎င်းတို့သည် ထိုနေရာရှိ စစ်သွေးကြွ
စခန်းကိုပါ ဖျက်ဆီးပစ်ခဲ့သည်။ ၎င်းတို့စခန်းမှ တွေ့ရှိရသော ကားဗုံး
သုံးလုံးနှင့် အသေခံ ဗုံးခါးပတ်များ၊ ပဲ့ထိန်းဒုံးပစ် လောင်ချာများ၊
ခဲယမ်းများနှင့် ပေါက်ကွဲ ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့သည်ဟု သိရသည်။
ဆာဒါးမြို့သည် ရှီးယိုက် ဘာသာဝင် အများစု နေထိုင်ရာ ဖြစ်ပြီး နေ့ဂိုဏ်း
အလုပ်သမားများ အလုပ်ဝင်ရန် စောင့်ဆိုင်း နေကြချိန်တွင် ဘဂ္ဂဒက်၌
ဗုံးတစ်လုံးက ပေါက်ကွဲခဲ့ရာ ငါးဦးသေ၍ ၁၇ ဦး ဒဏ်ရာရရှိခဲ့ ပြန်သည်။
ပေါက်ကွဲပြီး အစအနများတွင် ကားဗုံး ပေါက်ခြင်းဖြစ်၍ ကား၏ အစိတ်အပိုင်း
များကိုပါ ဗုံး ပေါက်ကွဲသည့် နေရာ လမ်းပေါ်တွင် ပြန့်ကျဲ ပြည့်နှက်လျက်
တွေ့ရ၏။ အနား တစ်ဝိုက်ရှိ ဈေးဆိုင်များကိုလည်း အကြီးအကျယ် ထိမှန်
ပျက်စီးသွားကြောင်း AFP သတင်းထောက်က ပြောကြားခဲ့သည်။ တနင်္လာနေ့က
အကြမ်းဖက်မှုသည် ၁၄ ဦး သေအောင် တိုက်ခိုက်မှုများ ဖြစ်ပြီးသည့်
နောက်တစ်ရက်တွင် ဖြစ်ရာ ဘဂ္ဂဒက်မြို့တော် မြောက်ဘက် ကီလိုမီတာ ၁၇ဝ ဝေးသော
တွဇ်ကူးမတ် တူးမြို့ မြောက်ဘက်ရှိ အသေခံ ဗုံးခွဲမှုကြောင့်
သေဆုံးကြရသူများတွင် ကဒ်လူမျိုး ရဲတပ်ဖွဲ့ဝင် ကိုးယောက် ပါဝင်သည်ဟု ခရိုင်
ရဲအရာရှိ ရှလယ် အဗ္ဗဒူဘာဘန်က AFP သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရ၏။
စစ်သွေးကြွများသည် မကြာသေးမီ ရက်များအတွင်းက အဆင့်မြင့်
ပေါင်းစပ်ညှိနှိုင်း၍ လုပ်ဆောင်ခဲ့သော စစ်ဆင်ရေး နှစ်ခုကြောင့် လုံခြုံရေး
အခြေအနေကို ရုတ်တရက် ပိုမိုဆိုးဝါး သွားစေပြီး ထိုကဲ့သို့သော လုပ်ရပ်
မျိုးကို သူတို့က တိုး၍ တိုး၍သာ လုပ်နေခဲ့သည်ဟု ဆိုသည်။ ယခင် အပတ်ကလည်း
ဆူလေမန်ဘက်ခ်မြို့၏ မြောက်ဘက်တွင် စစ်သွေးကြွ ၁၅ဝ တို့က တိုက်ခိုက်ခဲ့ရာ
လုံခြုံရေး တပ်ဖွဲ့များသည် အဓိက အဝေးပြေး လမ်းမကြီးမှ ဝေးရာသို့ ဆုတ်ခွာ
သွားခဲ့ကြကြောင်း သိရသည်။ စစ်သွေးကြွ ၄ဝ ခန့်တို့သည် ခွဲထွက်ပြီး
လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်စခန်းတစ်ခု ပြုလုပ်ကာ ရှီးယိုက် ဘာသာဝင်
ထရပ်ကားယာဉ်မောင်း ၁၄ ဦးကို သတ်ဖြတ် သွားခဲ့သည်။ အဝေးပြေး လမ်းမများတွင်
သတ်ဖြတ်မှုများသည် ဆွန်နီ- ရှီးယိုက် ဂိုဏ်းကွဲ သွေးမြေကျမှုများ၏
အမှောင်ဆုံး နေ့ရက်များ ပြန်လည် ဖြစ်ပေါ် လာအောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု
ဆိုရမည်။ အီရတ်တွင် အကြမ်းဖက်မှုများ ဖြစ်မြဲဖြစ်နေခြင်းကြောင့် ဆွန်နီနှင့်
ရှီးယိုက် ဘာသာဝင်တို့ အကြား တင်းမာမှုများကို မီးလောင်ရာ လေပင့်သလို
မီးပုံထဲသို့ လောင်စာ ထည့်ပေးလိုက်ခြင်းနှင့် တူနေသောကြောင့် ပိုမို
ဆိုးဝါးလာစေသည်။ အိမ်နီးချင်း ဆီးရီးယားတွင် ပြည်တွင်းစစ်
ဖြစ်နေခြင်းကြောင့်လည်း အီရတ်အနေဖြင့် ဂိုဏ်းဂဏစွဲများကြား၌
အိမ်ရှိလူကုန်ထွက်၍ သတ်ဖြတ်ကြခြင်းဖြင့် အခြေအနေ ဆိုးကြီးထဲသို့
ရောက်ရှိသွား မည်ကို ကြောက်ရွံ့ နေကြရသည်။
ဇူလိုင် ၂၁ ရက် ညကလည်း အဘူဂါရီးယက်နှင့်
တာဂျီ အကျဉ်းထောင်များကို စစ်သွေးကြွများက စီးနင်း တိုက်ခိုက်မှုများ
ဖြစ်ပွားခဲ့ရာ တိုက်ပွဲများ ၁ဝ နာရီခန့် ကြာမြင့်ခဲ့သည်။ အယ်လ်ကိုင်ဒါ
အကြမ်းဖက် အဖွဲ့မှ အကျဉ်းသားများ အပါအဝင် အနည်းဆုံး အကျဉ်းသားပေါင်း ၅ဝဝ
ခန့် လွတ်မြောက် သွားခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၂ဝ နှင့်
အကျဉ်းသား ၂၁ ဦး အသတ် ခံခဲ့ရသည်။ အီရတ်တွင် စစ်သွေးကြွများ၏
တိုက်ခိုက်မှုကို နှစ်နှင့်ချီ၍ ရင်ဆိုင် နေကြရသည်။ သို့သော် စစ်ရေး
သုံးသပ်သူများက ဆွန်နီ အာရပ်လူနည်း စုအကြား သဘောထား ကွဲလွဲမှုများ
ပျံ့နှံ့လာကာ အစိုးရ အနေဖြင့် ဤကိစ္စကို ပြောဆိုခဲ့၍ ယခုနှစ်တွင် ပိုမို
ဆိုးဝါးသွားကာ မီးလောင်ရာ လောင်စာ ဆီ လောင်းထည့် ပေးသလို ဖြစ်နေတော့သည်။
ဆွန်နီတို့က ရှီးယိုက် ခေါင်းဆောင်သော အစိုးရကို ဆွန်နီလူမျိုး
အသိုင်းအဝိုင်း အပေါ် ဘောင်ကျဉ်းအောင် ဖိနှိပ်ခြင်းနှင့် ပစ်မှတ်
ထားခြင်းများအတွက် စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။ ဖမ်းဆီးခွင့်
ဝရမ်းမရှိဘဲ ဖမ်းဆီး ချုပ်နှောင်ခြင်းများနှင့် အကြမ်းဖက်မှုများ
ပြုလုပ်သည်ဟု စွပ်စွဲခြင်းများ အပါအဝင် အမျိုးမျိုး ဖိနှိပ်ကြောင်း
ပြောဆိုခဲ့ကြသည်။
၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်
ဆွန်နီဘာသာဝင်တို့ နေထိုင်ရာ နယ်မြေများ၌ ဆန္ဒပြမှုများ ပေါ်ထွက်လာခဲ့သည်မှာ
ယနေ့တိုင်အောင် ဖြစ် ဆဲ ဖြစ်လတ္တံ့သာ ရှိသည်။ အဓိက လုံခြုံရေး ပြဿနာများ
အပြင် ဘဂ္ဂဒက်ရှိ အစိုးရသည် လူထုအခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီး
ပေးခြင်း၊ ရေသန့် ဖြန့်ဝေခြင်း မရှိသည့် အပြင် အဂတိ လိုက်စားမှုများ ကလည်း
နေရာဌာနတိုင်းသို့ ပျံ့နှံ့နေသည်ဟု ဆိုသည်။ နိုင်ငံရေး ပြဿနာများ ကလည်း
အစိုးရကို ဘာမျှလှုပ်၍ မရလောက်အောင် ဖြစ်နေခဲ့ရာ အဓိက ဥပဒေ ပြုခြင်းဟူ၍
မရှိခဲ့သော နှစ်များဟု ဆိုရမည် ဖြစ်သည်။
အထက်ပါ ဗုံးခွဲ တိုက်ခိုက်မှုများနှင့်
ပတ်သက်၍ တချို့သော ဖြစ်စဉ်များတွင် ဘယ်အဖွဲ့က လုပ်သည်။ ဘယ်သူ ဘယ်ဝါက
လုပ်သည်ဟူ၍ ကွဲပြားစွာ သိအောင် ကြေညာခြင်း မရှိသော်လည်း လက်ရာခြေရာကို
ကြည့်ခြင်းအားဖြင့် အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်နေသော အဖွဲ့ဝင်များက
ပြုလုပ်ခြင်း ဖြစ်ကြောင်း သိနိုင် သည်ဟု ဆိုသည်။ ၂ဝဝ၃ ခုနှစ် အမေရိကန်
ဦးဆောင်သော တပ်များ အီရတ်ကို ကျူးကျော် ခဲ့ပြီး နောက် ရှီးယိုက်တို့
နေရာရလာခြင်း အပေါ် စိတ်နာနေကြသော ဆွန်နီတို့သည် သောင်းကျန်းမှုများ
ဖြစ်လာခဲ့ရာ ဆွန်နီလူနည်းစု အသိုင်းအဝိုင်းမှာ ဆွန်နီသူပုန်တို့၏
လူသစ်စုဆောင်းခြင်းကို ခံနေကြရပြန်သည်။ သို့ဖြစ်၍ အီရတ်နိုင်ငံ၏
အခြေအနေမှာ ပြည်တွင်း စစ်၏ နှုတ်ခမ်းဝသို့ ပြန်လည် ရောက်ရှိနေကြောင်း သိရှိ
နိုင်ပါရန် ဘာသာပြန် ရေးသား အပ်ပါသည်။ ။
No comments:
Post a Comment