Friday, July 26, 2013

လေဖြတ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ

လေဖြတ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ လေဖြတ်ခြင်းကြောင့် ဦးနှောက်အတွင်း ထိခိုက်ပျက်စီးပြီး ကိုယ်အင်္ဂါ မသန်မစွမ်းဖြစ်ရသူ လေဖြတ်လူနာများသည် နေ့စဉ် နေထိုင် သွားလာလှုပ်ရှားမှုများ၌ အခြားသူတစ်ဦး၏ အကူအညီ လိုအပ်လျက် ရှိပါသည်။ အခြားသူအပေါ်မှာ မှီခိုမှုသည် ရက်ပိုင်း၊ လပိုင်းကိစ္စ မဟုတ်ဘဲ နှစ်ပေါင်းများစွာ မှီခိုရမည့်ကိစ္စဖြစ်သော ကြောင့် ပြုစုစောင့်ရှောက်ပေးရသူအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်ရ သည့်အပြင် ဝေဒနာရှင် လူနာကိုယ်တိုင်လည်း မိမိကိုယ်ကို အား မလို အားမရဖြစ်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းတို့ကြောင့် စိတ်ကျ ဝေဒနာခံစားရတတ်ပါသည်။ ထို့ကြောင့် လေဖြတ်သူ လူနာ သည် မျက်နှာသစ်ခြင်း၊ ရေချိုးခြင်း၊ အစားအသောက် စားသောက်ခြင်း၊ အညစ်အကြေးစွန့်ခြင်းကဲ့သို့ မိမိ၏ နေ့စဉ်လုပ်ဆောင်ချက်များကို တစ်ပါးသူအပေါ် မှီခို မနေဘဲ မိမိဘာသာ လုပ်ဆောင်နိုင်ရန် လိုအပ်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်နိုင်ရန် စနစ်တကျ လေ့ကျင့်သင် ကြားပေးမည့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းအားဖြင့် ဝေဒနာရှင်၏ ဘ၀တန်ဖိုးမြင့်မားကာ ပြုစုစောင့်ရှောက်သူ၏ ၀န်ထုပ်ဝန်ပိုးကို လျော့နည်းသွားစေမည် ဖြစ်ပါသည်။
ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ၏ ရည်မှန်းချက်များမှာ လေဖြတ်သူများအား တတ်နိုင်သမျှ မိမိဘာသာ လှုပ်ရှားသွားလာနိုင် စေရန်နှင့် အကောင်းဆုံးဘ၀ အရည်အသွေး ပြန်လည်ရရှိစေရန် ရည်ရွယ်ပါသည်။ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများသည် လေဖြတ်ခြင်း ကြောင့်ဖြစ်သော ချို့ယွင်းချက်များကို ပျောက်ကင်းအောင်ကုသခြင်း မဟုတ်ပါ။ လေဖြတ်ခြင်းကြောင့် ဦးနှောက်အတွင်း ပျက်စီးမှုကို ပြန်ကောင်း အောင် မပြုလုပ်နိုင်ပါ။ သို့သော် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းအားဖြင့် လေဖြတ်သူဝေဒနာရှင်အတွက် ရေရှည် ကောင်းကျိုးများစွာကို ရရှိစေနိုင်ပါသည်။
ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို လေဖြတ်လူနာ ခံနိုင်ရည်ရှိသည်နှင့် တစ်ပြိုင်နက် စတင်လုပ်ဆောင် ပေးသင့်ပါသည်။ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ၏ ပထမအဆင့်သည် လေဖြတ်လူနာအား အကူအညီမလိုအပ်ဘဲ မိမိဘာသာ လှုပ်ရှားနိုင်စေဖို့ ဖြစ်ပါ သည်။ ဥပမာ - အိပ်ယာထဲ လဲလျောင်းနေရာမှ ဘယ်ညာစောင်းခြင်းကဲ့သို့ ခန္ဓာကိုယ် အနေအထား ပြောင်းလဲမှုများကို လူနာကိုယ်တိုင် လုပ်ဆောင်နိုင်ရန် လေ့ကျင့်ခြင်း ဖြစ်ပါသည်။ ထိုမှတစ်ဆင့် လေဖြတ်နေသော ခြေထောက် သို့မဟုတ် လက်များအား လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာကို ပြုစုသူ၊ စောင့်ရှောက်သူမှလည်းကောင်း အကွေးအဆန့် လေ့ကျင့်ခန်း ပြုလုပ်ပေးရပါသည်။
လေဖြတ်ခြင်း၏ ပြင်းထန်မှု အနည်းအများ အပါအ၀င် အခြားအချက်များစွာ အပေါ် မူတည်၍ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများသည် လေဖြတ်သူလူနာအား လှဲရာမှ မိမိဘာသာထိုင်နိုင်ခြင်း၊ ခုတင်ပေါ်မှ ဘီးတပ်ကုလားထိုင်သို့ မိမိဘာသာသွားနိုင်ခြင်း၊ မတ်တပ်ရပ်နိုင်ခြင်း၊ လမ်းလျှောက်နိုင်ခြင်းတို့အထိ တစ်ဆင့်ပြီးတစ်ဆင့် ရရှိနိုင်ပါသည်။
ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ပြုလုပ်ပေးမည့် သူနာပြုဆရာမများနှင့် ကျွမ်းကျင်သူများသည် လေဖြတ်သူလူနာအား ရေချိုးတတ်စေရန်၊ အ၀တ်အစား ၀တ်ဆင်တတ်စေရန်၊ အညစ်အကြေး စွန့်တတ်စေရန်တို့ကို လေ့ကျင့်သင်ကြားပေးကြရပါသည်။ လေဖြတ်သူ လူနာအား ၎င်း၏ နေ့စဉ်အခြေခံ လုပ်ဆောင်မှုများကို သူတစ်ပါး အကူအညီမလိုဘဲ လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးခြင်းသည် ပြန်လည် သန်စွမ်းရေးလေ့ကျင့်ခန်းများ၏ ပထမအဆင့် ဖြစ်ပါသည်။
တချို့သောလေဖြတ်သူလူနာများမှာ ရောဂါပြင်းထန်မှုကြောင့် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ လေ့ကျင့်ကုသရခြင်းမျိုး ရှိပါသည်။ လေဖြတ်လူနာများသည် စိတ်ကျရောဂါခံစားရတတ်ပါသည်။ စိတ်ကျရောဂါခံစားရပြီဆိုပါက အိပ်မပျော်ခြင်း၊ နုန်းခွေခြင်း၊ အခြားသူများနှင့် စကားမပြောလိုခြင်း၊ ဒေါသထွက်ခြင်း၊ မောပန်းခြင်းနှင့် နောက်ဆုံးတွင် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း တို့အထိ ဖြစ်လာနိုင်ပါသည်။ စိတ်ဓာတ်မကျစေရန် ဆေးဝါးများဖြင့်ကုသခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းတို့ ပြုလုပ်ပေးရပါမည်။
ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို လေဖြတ်လူနာ ခံနိုင်ရည်ရှိသည်နှင့် တစ်ပြိုင်နက် စတင်လုပ်ဆောင်သင့်ပါသည်။ စစ်တမ်းတချို့၌ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်သူ လေဖြတ်လူနာများ၏ တစ်ဝက်ခန့်သည် လမ်းလျှောက်ခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ခြင်းတို့တွင် တိုးတက်မှုများရရှိပြီး ဘ၀အရည်အသွေး တိုးတက်မှု ရှိလာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အာရုံကြောရောဂါ၏ ၀န်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရန်အတွက် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပေသည်။

No comments:

Post a Comment