ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်းတစ်ထောင်ကိစ္စနှင့်ပါတ်သက်၍
လွှတ်တော်ကိုယ်စားလှယ်များမှ ရပ်ထောက်ကူများနှင့်တွေ့ဆုံ
လွှတ်တော်ကိုယ်စားလှယ်များမှ ရပ်ထောက်ကူများနှင့်တွေ့ဆုံ
ပြည်၊ဇွန်-၅
ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့ လွှတ်တော်ကိုယ်စားလှယ်များမှ
ပြည်ထောင်စုလွှတ်တော်မှ ချထားပေးမည့် ဒေသဖွံ့ဖြိုးရေး
ရံပုံငွေ ကျပ်သိန်းတစ်ထောင်ကိစ္စနှင့်ပါတ်သက်၍ ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ၊ရပ်/ကျေး
အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံခေါ်ယူ၍ မူဝါဒရှင်းလင်းပွဲ တစ်ရပ်ကို
ပြည်မြို့၊ရွာဘဲရပ်ကွက် မူယာပင်ပန်းခြံ သီရိခေတ္တရာခန်းမတွင်
ဇွန်-၅ ရက်နေ့ နံနက်-၁၀-နာရီအချိန်ခန့်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်မြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးဦးအောင်အောင်၊ပြည်မြို့နယ် စည်ပင်သာယာ
ရေးဦးစီးမှူး သူရဦးမြင့်သူ၊ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်-ဒေါက်တာဝင်းမြင့်ချစ် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်-ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-ဦးသက်ဝင်းလိုင်၊အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-ဦးကျော်ဇေယျတို့ အပါဝင် ပြည်မြို့နယ်အတွင်းရှိ
ရပ်ကွက်၊ကျေးရွာများမှ အထောက်အကူပြုအဖွဲ့များ အုပ်ချုပ်ရေးမှူးများ
အင်အား ၅၀၀-ခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်မှ
အဖွင့်အမှာစကားပြောကြားပြီး မူဝါဒရေးရာနှင့်ပါတ်သက်၍ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည် က ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရသည်။
“ကျွန်မတို့ရပ်ကွက်ကလမ်းတွေဘေးမှာရှိနေတဲ့အိမ်တွေက သူတို့အိမ်ထဲရေမ၀င်အောင်
လမ်းထက်မြင့်တဲ့ မြေတွေကိုယ့်အိမ်ရှေ့ကိုယ်ဖို့နေကြတယ်။မိုးတွင်းရေတွေဝင်လာတာနဲ့ လမ်းပေါ်မှာရေတွေဝပ်ကျန်နေခဲ့ပြီး
လမ်းတွေမကြာခဏဆိုသလိုပျက်စီးနေခဲ့ရတယ်။ဒီလိုကိစ္စမျိုးတွေကိုလဲ ကိုယ်စားလှယ်တွေအနေနဲ့ဖြေရှင်းပေးဆောင်ရွက်ပေး
အကြံပြုပေးစေလိုပါတယ်။” ဟု အဆိုပါ အခမ်းအနားတက်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ဆွေးနွေးပြောကြားသွားခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
ခင်စိုးစိုးကြည်က ရှင်းလင်းပြောကြားရာ တွင် ရပ်ကွက်/ကျေးရွာများအနေဖြင့်
မိမိတို့ ရပ်ကွက်ကျေးရွာများမှ လိုအပ်ချက်များကို ရပ်/ကျေး
အုပ်ချုပ်ရေးမှူးများနှင့် ရပ်ထောက်ကူအဖွဲ့များမှ ဆွေးနွေးတိုင်ပင်ပြီး
ဇွန်လ(၁၃)ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ကိုယ်စားလှယ်များရုံးသို့ စာနှင့်
အထောက်အထားဓါတ်ပုံများ တင်ပြပေးရန် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော
ရပ်/ကျေး အထောက်အကူပြုအဖွဲ့များမှ သိလိုသည်များကို မေးမြန်းပြီး
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
“ဒေသဖွံ့ဖြိုးရေးရံပုံငွေသိန်းတစ်ထောင်ကို ရပ်ကွက်ကျေးရွာတွေက
အမှန်တစ်ကယ်လိုအပ်နေတဲ့ ရေကိစ္စ နဲ့ လမ်းကိစ္စတွေမှာ အဓိကထားပေးအပ်သွားမှာဖြစ်ပါတယ်။အမှန်တစ်ကယ်ကျေးရွာနဲ့ရပ်ကွက်တွေက
အင်မတန်ပျက်စီးနေတဲ့ အပျက်စီးဆုံးနေရာကို ဓာတ်ပုံရိုက်ယူ၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို
တင်ပြသွားရမှာဖြစ်ပါတယ်။ ချထားပေးတဲ့ လမ်းကိစ္စ ရေးကိစ္စကို ချထားပေးတဲ့ ရံပုံငွေနဲ့ထိုက်သင့်တဲ့
လမ်း ထိုက်သင့်တဲ့ရေ ကိစ္စတွေကို ပြန်လည်တင်ပြပေးသွားရမှာဖြစ်ပါတယ်။”ဟု ယင်းတွေ့ဆုံပွဲတွင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်-ဒေါက်တာဒေါ်ခင်စိုးစိုးကြည်-ကပြောကြားသွားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်အတွင်းတွင်ရပ်ကွက်ကြီး(၁၄)ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်း(၅၅)အုပ်စု၊ကျေးရွာပေါင်း(၂၅၃)ရွာရှိကြောင်း သိရပြီး ပြည်ထောင်စုလွှတ်တော်မှ ချထားပေးမည့် ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်းတစ်ထောင်အား ရပ်ကွက်/ကျေးရွာတွေမှာ လိုအပ်လျှက်ရှိနေသည့် လမ်းကိစ္စများ နှင့် ရေကိစ္စများမှာ အဓိကထာသုံးစွဲသွားမှာဖြစ်ကြောင်းသိရပြီး ယင်းအခမ်းအနားအား ထိုနေ့ နံနက် ၁၂-နာရီအချိန်ခန့်တွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)
No comments:
Post a Comment