Friday, June 3, 2016
တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှ လယ်ယာမြေများနှင့်သီးပင်စားပင်များပျက်စီးခဲ့ရသော်လည်း ယနေ့အထိနစ်နာလျှော်ကြေးမရ
တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှ လယ်ယာမြေများနှင့်သီးပင်စားပင်များပျက်စီးခဲ့ရသော်လည်း ယနေ့အထိနစ်နာလျှော်ကြေးမရ
ရွှေတောင်၊ဇွန်၊၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်အတွင်းရှိ ရွှေတောင် နှင့် တောင်တွင်းကြီး-မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှာ လယ်ယာမြေများအတွင်းနေရာယူတည်ဆောက်မှုများပြုလုပ်လာမှုကြောင့် လယ်ယာလုပ်ငန်းများစိုက်ပျိုး၍မရဖြစ်နေပြီး လယ်မြေတစ်ချို့ပျက်စီးလျှက်ရှိနေကြောင်းလယ်ပိုင်ရှင်များထံကသိရသည်။
အဆိုပါ 230-KV ဓာတ်အားလိုင်းအား ၁၉၈၄-ခုနှစ်ကတည်းကမှစတင်တည်ဆောက်ထားရှိခဲ့တာဖြစ်ပြီး ထပ်မံတိုးချဲ့သည့်အနေဖြင့် တောင်တွင်းကြီး-ရွှေတောင် မိုင်-၁၀၄မိုင်စီမံကိန်းအဖြစ် 230-KVဓာတ်အားလိုင်းဆောက်လုပ်သွားမှာဖြစ်ကြောင်းသိရသည်။ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၂၀၁၅-ခုနှစ်တွင် တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှာ လက်ရှိတည်ဆောက်လျှက်ရှိနေသည့် မကွေးတိုင်းအတွင်းမှ လယ်ယာမြေများ နှင့် ပဲခူးတိုင်း၊ပြည်ခရိုင်၊ရွှေတောင်မြို့ နှင့် ပြည်မြို့နယ်အတွင်းရှိ လယ်ယာမြေများအပေါ်ဖြတ်ကျော်တည်ဆောက်လာမှုကြောင့်လျှပ်စစ်အန္တရာယ်နှင့်ထွန်ယက်ပြီးဖြစ်သည့် လယ်ယာမြေများပျက်စီးခဲ့ရပြီး စိုက်ပျိုးချိန်မှာ စိုက်ပျိုးမရဖြစ်နေကြောင်းသိရပြီး လယ်ယာမြေများ နှင့် သီးပင်စားပင်များပျက်စီးခဲ့ရသော်လည်း ယနေ့အထိနစ်နာလျှော်ကြေးမရရှိသေးကြောင်းသိရသည်။
“ပဲခင်းထဲကို သူတို့ပစ္စည်းတွေတင်လာတဲ့ကားကြီးတွေ အတင်းဖြတ်မောင်းတာ အကုန်ပျက်စီးကုန်တယ်။ သူတို့ပြောတုန်းကတော့ လျှော်ကြေးပေးမယ်ဆိုပြီး အခုထိဘယ်သူမှလဲလျှော်ကြေးမရဘူး။ သူတို့လုပ်ချင်သလိုလုပ်ထားတယ်။ အခုမိုးတွင်းလဲလယ်ယာတွေဘာမှလုပ်မရတော့ဘူး။ သူတို့ပစ္စည်းတွေချထားတော့ ပြီးခဲ့တဲ့ နွေစပါးလဲစိုက်လို့မရခဲ့ဘူး။ ဒီမြေကကျွန်တော့မြေပါ။ ကျွန်တော့မှာပုံစံ(၇)ရှိတယ်။ သူတို့လုပ်ချင်သလိုလုပ်သွားတာ။ လယ်ကအကုန်ပျက်စီးကုန်ပြီ ဘာမှလုပ်လို့မရဘူး၊ဘာလျှော်ကြေးမှလဲမပေးဘူး။”ဟု ပြည်မြို့နယ်၊သူဌေးကျေးရွာမှ ပဲခင်းဖျက်စီးခံရသူ ဦးသန်းဦး နှင့် ပြည်မြို့နယ်၊ပေါင်းတမော့ကျေးရွာမှ လယ်ဖျက်စီးခံရသူ ဦးဝင်းနိုင် တို့ကပြောသည်။
အဆိုပါကိစ္စများ နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၅-ခု အောက်တိုဘာ ၇-ရက်နေ့ ရက်စွဲပါစာဖြင့် ယင်းတည်ဆောက်မည့် ဓာတ်အားလိုင်းအလယ်ဗဟိုမှ ၀ဲ-၇၅ပေ နှင့် ယာ-၇၅ပေအတွင်းရှိ သစ်ပင်၊၀ါးပင်၊ခြုံနွယ်များခုတ်ထွင်ရှင်းလင်းရမည်ဖြစ်ပြီး လယ်/ယာမြေများအတွင်းရှိ သီးပင်စားပင်သီးနှံများပျက်စီးမှုရှိလာပါက ပြဌာန်းထားသည့် လယ်ယာမြေဥပဒေ၊နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဈေးနူန်းစီစစ်ရေးအဖွဲ့မှ ထောက်ခံအတည်ပြုထားသည့် ပဏာမအတိုင်း လျှပ်စစ်ဝန်ကြီးဌာနသို့ တင်ပြတောင်းခံလာမှုကို ခွင့်ပြုမိန့်ရရှိပါမှ နစ်နာလျှော်ကြေးပေးဆောင်သွားမည်ဆိုသည့် ပြည်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး-ဒေါက်တာစစ်အောင်လတ် မှလတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ယင်းစာအရသိရသည်။
“ကျွန်တော်တို့က ကာလပေါက်ဈေးအတိုင်း တွက်ချက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားတယ်။ အဲဒိကခွင့်ပြုမိန့်ရရင် ကျွန်တော်တို့ဝန်ကြီးဌာနကိုဆက်တင်ရပါတယ်။ အခုကတော့ တင်ပြထားတဲ့အခြေအနေမှာပဲ ရှိသေးတာကြောင့် ကျွန်တော်တို့လက်ထဲကို မရောက်သေးပါဘူး။”ဟု မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း-ဓာတ်အားပို့လွှတ်ရေး-စီမံကိန်းမန်နေဂျာရုံး(၃)-(ရွှေတောင်)-လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်ရွှေ-ကပြောသည်။
အဆိုပါ တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှာ ပျက်စီးသွားသည့်လယ်ယာမြေများနှင့်သီးပင်စားပင်များအတွက် နစ်နာလျှော်ကြေးများယနေ့ထိမရရှိ၍ နစ်နာလျှော်ကြေးများရယူလိုသလို ယင်းဓာတ်အားလိုင်းတည်ဆောက်ရာမှာ ဓာတ်အားလိုင်းနှင့်ဆက်စပ်ပစ္စည်းများတင်ဆောင်လာသည့် ကားကြီးများကြောင့် ကျေးလက်ဖွံ့ဖြိုးရေးလမ်းများပါ ပျက်ဆီးသွားခဲ့ရ၍ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ယခုအစိုးရသစ်၏ ရက် ၁၀၀-စီမံချက်ထဲတွင် တောင်သူတွေ၏ လယ်ယာမြေကိစ္စများကိုပါ ထည့်ပေးလုပ်ဆောင်စေလိုကြောင်း ဒေသခံတောင်သူလယ်သမားများထံကသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)
No comments:
Post a Comment