Monday, May 2, 2016

စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များဖမ်းဆီးရာ အချိန်ကျန့်ကြာမှုများရှိသလို ယခင်ထက်ဒဏ်ငွေများပြားလာခဲ့



စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များဖမ်းဆီးရာ အချိန်ကျန့်ကြာမှုများရှိသလို ယခင်ထက်ဒဏ်ငွေများပြားလာခဲ့
ပြည်၊မေ၊၂
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်အတွင်းရှိ ပြည်မြို့အတွင်း လူစည်ကားရာလမ်းမကြီးတွေပေါ်မှာ ၂၀၁၆ ခုနှစ် မေလ ၂-ရက်နေ့ နံနက် ၉-နာရီ မှစတင်ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲများ၊မြို့နယ်စည်ပင်များမှ စည်းကမ်းမဲ့ဆိုင်မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူလျှက်ရှိနေကြောင်းသိရသည်။
အဆိုပါ စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များကို ပြည်မြို့ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင်စတင်ဖမ်းဆီးခဲ့ပြီး စည်းကမ်းမဲ့မော်တော်ဆိုင်ကယ် ၂၆-စီးဖမ်းမိခဲ့ပြီး ထိုမှတဆင့်ပြောင်းရွေ့၍ ပြည်မြို့ဗိုလ်ချုပ်ကျောက်ရုပ်အနီး ဗဟိုမီးသတ်ဌာနရုံးရှေ့တွင်ဆက်လက်ဖမ်းဆီးခဲ့ရာ စည်းကမ်းမဲ့မော်တော်ယာဉ် ၁၅-စီးထပ်မံဖမ်းမိခဲ့ကြောင်းသိရသည်။
“အခုကျွန်တော့ဆိုင်ကယ်ကိုဖမ်းထားတယ်။ဆောင်ရွက်စရာတွေကိုချက်ချင်းလုပ်မပေးဘူးအချိန်ဆွဲထားကြတယ်။အမှန်ကချက်ခြင်းဖမ်း၊ချက်ခြင်းရဲစခန်းသွား၊ချက်ခြင်းတရားရုံးသွားအမှုရင်ဆိုင်လုပ်ရမှာ။အခုကနောက်ရက်ကျမှဆိုင်ကယ်လာထုတ်ရမယ်တဲ့။ဘာဖြစ်လို့ ကျွန်တော့ဆိုင်ကယ်ကို နောက်နေ့အထိသိမ်းထားရမှာလည်း။ပြည်သူတွေကို အဆင်ပြေအောင်လုပ်ပေးပါ။ပြည်သူတွေမှာလည်း အလုပ်တွေရှိနေကြတယ်။ခေတ်ကပြောင်းသွားပြီ။အခုသူတို့က ရဲစခန်းသွားတဲ့ ရဲစခန်းကနေအမှုဖွင့်မယ် တရားရုံးသွားရမယ်တဲ့။နောက်နေ့မှဆိုင်ကယ်ပြန်ပေးမယ်တဲ့။အခုဖြစ်တာက လူသတ်မှုလည်းမဟုတ်ဘူး။ခိုးမှုလည်းမဟုတ်ဘူး။ဆိုင်ကယ်လေးဘက်မှန်မတပ်မိတာ။အခုစခန်းမှာအမှုဖွင့် အခုရုံးတင် အခုအမိန့်ချလည်းရနေတာပါပဲ။” ဟု ပြည်မြို့ပေါ်နေထိုင်သူ စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်အဖမ်းခံရသူ ကိုထွန်းအောင်ကျော်-ကပြောသည်။
အဆိုပါ စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များဖမ်းဆီးရန်အတွက် လွန်ခဲ့သည့် သုံးလခန့်လောက်မှ စတင်ကာ ပညာပေးကာလအဖြစ် ပြုလုပ်ပေးခဲ့ပြီး ယခု ၂၀၁၆-ခုနှစ် မေလ ၂-ရက်နေ့တွင် စတင်၍ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှာ စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးသွားမျာဖြစ်ကြောင်းတာဝန်ရှိသူများထံမှသိရသည်။
“ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးကာလ နှစ်လကျော်ပေးပြီးမှ အခုလို စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်တွေဖမ်းဆီးရတာပါ။ပြီးခဲ့တဲ့ ဟိုးယခင်ကလည်း အခုလိုပညာပေးကာလတွေပြုလုပ်ပြီးမှ စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်တွေဖမ်းဆီးအရေးယူခဲ့ပါတယ်။ယခင်အရေးယူတဲ့စနစ်က တရားရုံးဒဏ်ငွေ တစ်ထောင် သို့မဟုတ် တစ်ထောင့်ငါးရာလောက်နဲ့ စီမံခန့်ခွဲမှုဒဏ်ငွေ ငါးထောင်လောက် သို့မဟုတ် ခြောက်ထောင်လောက်ပဲ တစ်နေ့ထဲတစ်ချိန်ထဲ တစ်ရက်ထဲအပြီးချက်ချင်းလုပ်ပေးနိုင်ခဲ့ပါတယ်။အခုစနစ်က အရင်စနစ်မဟုတ်တော့ပါဘူး။အခုစနစ်က ရဲအရေးယူပိုင်ခွင့် ပုဒ်မ ၅၈-နဲ့အရေးယူသွားမှာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းကော်မတီက ပြည်ခရိုင်အတွင်းမှာရှိတဲ့ ၆-မြို့နယ်အတွင်းကို ပန်းဖလက်တွေဝေတယ်။လက်ကမ်းကြေငြာတွေဝေပြီး အသိပညာပေးတာတွေလည်းလုပ်ဆောင်ပြီးပါပြီ။ဒီကိစ္စအားလုံးကို သက်ဆိုင်ရာဌာနတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်းတင်ပြထားပြီးဖြစ်ပါတယ်။ရဲအရေးယူပိုင်ခွင့်ဖြစ်သွားလို့ ချက်ချင်းဘာမှလုပ်ဆောင်လို့မရပါဘူး။ရဲစခန်းမှာ အာမခံကိစ္စတွေ၊အမှုတွဲတွေလုပ်ဆောင်ရမယ်။ ပြည်သူကစည်းကမ်းလိုက်နာရင်ကျွန်တော်တို့လည်းဖမ်းစရာမလိုသလို ဒါတွေလည်းလုပ်စရာမလိုပါဘူး။အခုကျွန်တော်တို့လုပ်နေတာတွေအားလုံးက ဥပဒေအရပဲလုပ်နေတာပါ။မနက်က မြို့တော်ခန်းမရှေ့မှာဖမ်းပါတယ်။ပြီးတော့ ဗဟိုမီးသတ်ရှေ့မှာဖမ်းပါတယ်။ညနေမှာ အမှတ်-၃-ရဲစခန်းရှေ့ တာဂွမှာဆက်လက်ဖမ်းဆီးသွားမျာပါ။”ဟု ပြည်ခရိုင် ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ခရိုင်-ဥက္ကဌ ဦးသန်းဌေး-ကပြောသည်။
အဆိုပါ စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များဖမ်းဆီးရာတွင် ဆိုင်ကယ်ဆီးဦးထုပ်မပါမဆောင်းခြင်း၊ဆိုင်ကယ်ဘတ်မှန်မတပ်ဆင်ခြင်း၊နှစ်ဦးထက်ပိုဆီးနှင်းခြင်း၊ဆိုင်ကယ်လိုင်စင်နံပါတ်တပ်ဆင်မထားခြင်းစသည့်လေးမျိုးကိုအဓိကထားဖမ်းဆီးလျှက်ရှိနေပြီး ပုဒ်မ ၅၈-အရ သက်ဆိုင်ရာတရားရုံးတွေမှာ ဒဏ်ငွေ သုံးသောင်း မှ ငါးသောင်းခန့်အထိချမှတ်သွားမည်ဖြစ်ကြောင်းသိရပြီး ပြည်ခရိုင်အတွင်းရှိ ပြည်၊ပေါင်းတလည်၊ပန်းတောင်းး၊ရွှေတောင်၊ပေါက်ခေါင်း၊သဲကုန်း စသည့်မြို့များမှာဆက်လက်၍ စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်များအားဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)၀၉၂၅၃၃၁၁၀၁၉



No comments:

Post a Comment