Monday, January 25, 2016

ပဲခူးတိုင်းအနောက် ကြံစိုက်တောင်သူများ ယခုနှစ်ပိုမိုအရှုံးပေါ် ကြံဈေးများတိုးပေးစေလိုဟုဆို





ပဲခူးတိုင်းအနောက် ကြံစိုက်တောင်သူများ ယခုနှစ်ပိုမိုအရှုံးပေါ် ကြံဈေးများတိုးပေးစေလိုဟုဆို



ပေါက်ခေါင်း ဇန်န၀ါရီ ၂၅



သကြားထုတ်လုပ်ရာတွင် အသုံးပြုလျှက်ရှိသည့် ကြံပင်များအား ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ရှိ အင်ငါးခွသကြားစက်မှ ၀ယ်ယူရာတွင် တစ်ခြားသော သကြားစက်များမှပေးသည့် ဈေးနူန်းဖြင့်ပြန်လည်ဝယ်ယူခြင်း မရှိသလို ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် စလစ်များပြုလုပ်ကာ အင်ငါးခွသကြားစက်မှ ၀ယ်ယူနေခြင်းများကြောင့် ကြံစိုက်တောင်သူများအားလုံး အလုပ်သမားစရိတ်၊ထွန်ယက်စရိတ်၊ဓါတ်မြေသြဇာစရိတ် နှင့် အလုပ်သမားစရိတ်များအပါဝင် စိုက်ပျိုးစရိတ်များ ယခုနှစ်တွင် ပိုမိုအရှုံးပေါ်ခဲ့ရကြောင်းသိရသည်။



ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းအတွင်းရှိ သကြားစက်တိုင်း စက်ရုံသို့အရောက် ကြံ ၁-တန်လျှင် ကျပ်လေးသောင်းပုံမှန်ပေးလေ့ရှိနေပြီး တစ်ချို့သော သကြားစက်ရုံများတွင် ကျပ်လေးသောင်းခွဲအထိရရှိနေခဲ့သော်လည်း ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အင်ငါးခွသကြားစက်က စက်ရုံအတွင်းရှိ ကြံကျိတ်ဇလားထဲအရောက် ကြံ ၁-တန်လျှင် ကျပ်သုံးသောင်းခန့်သာ ပေးဝယ်နေမှုအပြင် တစ်နေ့တာကြံကျိတ်နိုင်သမျှသာ စလစ်သဘောမျိုးဖြင့်ဝယ်ယူနေခြင်းကြောင့် ကြံလာရောက်ရောင်းသူများအားလုံး စက်ရုံပြင်ပမှာ ကျွဲ၊နွား၊လှည်း နှင့် ကားများ ၂-ရက်အထိစောင့်ဆိုင်းကာရောင်းချနေခဲ့ရကြောင်းသိရသည်။



“ပထမဆုံးကြံစိုက်စဉ်ကာလက သကြားစက်လည်စတင်လည်ပတ်တဲ့ နှစ် နှစ်အချိန်မျှကို အင်ငါးခွသကြားစက်က မြေသြဇာ မျိုးတွေ ထွန်စက်တွေ အကြွေးစနစ်နဲ့ချပေးပြီး ပံ့ပိုမှုတွေအများကြီးပေးလာခဲ့ပြီး ကြံစိုက်တောင်သူတွေများလာအောင်လုပ်တယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ကစပြီး ကြံစိုက်တောင်သူတွေများလာတာနဲ့ အဲဒိကူညီပံ့ပိုးမှုတွေဘာမှလုပ်မပေးတော့သလို တစ်နေ့တာကျိတ်ဝါးနိုင်တဲ့ ကြံတန်ချိန်အရေအတွက်ကို ချုပ်ပြီး စလစ်သဘောမျိုးနဲ့ပေးဝယ်တော့တာပဲ။ တစ်နေ့ကို ကြံတန်ချိန် နှစ်ထောင်ဝယ်ရင် ၀ယ်တယ်။ တစ်ထောင့်ငါးရာ တန်ချိန်ဝယ်ရင်ဝယ်တယ်။ ၀ယ်တာကို တိုးဝယ်လိုက်လျော့ဝယ်လိုက်လုပ်နေတယ်။ ကျွန်တော်တို့ကို ဈေးနူန်းလေး ငါးထောင်လောက်တိုးပေးဖို့ပြောတာကို လက်မခံဘူး။ ကြံကိုစက်ရုံထဲပုံပေးမယ်လို့တောင်ဆိုတာလည်းမရဘူး။ လောဘကြီးလို့တိုးတောင်းနေတာမဟုတ်ပါဘူး။ အရမ်းအရှုံးပေါ်နေလို့ တိုးတောင်းတာပါ။ သူတို့ဝန်ထမ်းလစာတွေသာတိုးပေးပြီး ကြံစိုက်တောင်သူအတွက် ဈေးတိုးပေးတာမရှိဘူး။ အရှုံးပေါ်နေတာ နှစ်နှစ်ရှိနေပြီ။ကြံစိုက်တောင်သူလေးတွေဆို ကျွန်တော်တို့ထက်ပိုရှုံးတယ်။ ကျေးရွာအတွင်းမှာ ရှိတာလေးနဲ့ရင်းနှီး စိုက်ပျိုးလိုက်ကြတာ အကြွေးပတ်လည်ဝိုင်းပြီး ဘ၀ပါပျက်တဲ့သူတွေ တောင်ရှိနေတယ်။” ဟု ပေါက်ခေါင်းမြို့ ကြံစိုက်တောင်သူကိုယ်စားလှယ်အဖွဲ့  ဥက္ကဌ ဦးမြငွေ ကပြောသည်။



အဆိုပါ သကြားထုတ်လုပ်ရန် စိုက်ပျိုးရသည့်ကြံများအား အင်းငါးခွသကြားစက်မှ ဈေးနှိမ်ဝျေးယူနေခြင်းများကြောင့် ပြီးခဲ့သည့် နှစ်မှစတင်ကာ ကြံစိုက်တောင်သူများအားလုံးအခက်အခဲများဖြစ်ပေါ်လျှက်ရှိနေပြီး အရည်အသွေးမပြည့်မှီသည့်ကြံစိုက်ခင်းတစ်ချို့အား အင်ငါးခွသကြားစက်သို့အချိန်မှီသွားရောက်ရောင်းချနိုင်ခြင်းမရှိသောကြောင့် ပြန်လည်ပျက်စီးသွားရသည်အထိဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။



“ကြံဈေးနူံးကို တစ်တန်ကို သုံးသောင်းနဲ့ စာချုပ်ချုပ်ဆိုပြီးဝယ်ခဲ့တာ။ ကြံစိုက်တောင်သူတွေက တိုးပေးပါလို့ပြောလို လူကြီးတွေနဲ့ ညှိနိုင်းပြီး သုံးသောင်းနှစ်ထောင်နဲ့ဝယ်ယူနေပါတယ်။ ကြံကစိုက်တဲ့ဧကနည်းနေပြီး ကြံနုနေတော့ဈေးကောင်းမရဘူးဖြစ်နေတာ။ဒီဈေးတွေက လွန်ခဲ့တဲ့သုံးနှစ်ကတည်းက သတ်မှတ်ထားတဲ့ဈေးတွေပါ။သကြားဈေးတွေကအပတ်စဉ်ပြောင်းလဲနေပါတယ်။အတည်တကျတော့မရဘူး။အရင်ဂိုတောင်တွေမဆန့်တော့ကို ရောင်းလိုက်တဲ့သကြားက တစ်ထောင်ဈေးလောက်ပဲရတယ်။တောင်သူနဲ့ ကျွန်တော်တို့က အပြန်အလှန်အကျိုးပြုနေကြပါတယ်။ သူတို့နစ်နာအောင်မလုပ်ပါဘူး။ သူတို့ကိုပံ့ပိုးမှုတွေပေးထားတာပဲ။သကြားစက်လည်ပတ်နိုင်အောင် သူတို့တွေအဆင်အောင် စက်တွေပြင်ရတာ တစ်နှစ်ကို ၀မ်းဘီလံ လောက်ကုန်ကျတယ်။စက်ရုံအတွက်ပဲမကြည့်ပါဘူး သူတို့ကြံတွေကုန်နိုင်အောင်လဲ ပြန်ကြည့်ပါတယ်။” ဟု အင်ငါးခွသကြားစက် ဒါရိုက်တာ ဦးအုန်းမြင့် ကပြောသည်။



အဆိုပါအင်ငါးခွသကြားစက်သည် နှစ်စဉ်ကြံကျိတ်နိုင်မှုသည် ပုံမှန် တစ်နှစ်လျှင် တန်ချိန်ပေါင်း တစ်သိန်းရှစ်သောင်း ခန့်အထိ နှစ်စဉ်ကြံကျိတ်နိုင်ပြီး အဆိုပါအင်ငါးခွသကြားစက်သို့ တင်သွင်းရန် ကြံစိုက်ခင်း ကြံဧကပေါင်း နှစ်သောင်းကျော်အထိရှိကြောင်းသိရသည်။ အဆိုပါ အင်ငါးခွသကြားစက်တွင် ကြံများတင်သွင်းရာတွင် ကြံမှပါရှိသည့် အမှိုက် အမွှေးအမျှင်များကိုပါ ကြံတစ်တန်လျှင် ပုံမှန် အချိန် နှစ်ဆယ်ခန့် ဖြတ်တောက်လျှက်ရှိကြောင်းသိရပြီး ဈေးနှိမ်ဝယ်ယူနေခြင်းများကြောင့် ယခုနှစ် အင်ငါးခွသကြားစက်သို့ တင်သွင်းလျှက်ရှိသည့် ကြံစိုက်တောင်သူများအားလုံး အရှုံးပေါ်၍ အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။



K3(pyay)ဒီမိုက​ရေစီတူ​ဒေး သတင်းစာ


No comments:

Post a Comment