Eleven Media Group
Sun, 04/10/2015
ကံမမြို့နယ် ပယ်ကျကျေးရွာအုပ်စု ပြောင်ကျကျေးရွာတွင် စက်တင်ဘာ ၂၉ ရက်က ပြုလုပ်သော NLD ပါတီ၏ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးပွဲတွင် ပြောင်ကျကျေးရွာ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး၏ သားက ဆက်လက် ဟောပြောခြင်းမပြုရန် ဓားဖြင့် လာရောက်နှောင့်ယှက် တားဆီးခဲ့ကြောင်း ကံမမြို့နယ် NLD ပါတီ၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ကံမမြို့နယ် NLD ပါတီ အောင်နိုင်ရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြောင်ကျကျေးရွာတွင် မဲဆွယ် စည်းရုံး ဟောပြောပွဲ ပြုလုပ်နေစဉ် ယင်းကျေးရွာ၏ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးသားက ဟောပြောပွဲ ဆက်လက် မလုပ်ရန် ဓားကိုင်ပြီး လာရောက် နှောင့်ယှက် တားဆီခဲ့ ကြောင်း သိရသည်။
“ပြောင်ကျကျေးရွာမှာ ကျွန်တော်တို့ ဟောပြောပွဲ လုပ်နေတုန်း တစ်ဖက်ကျေးရွာ ကြံ့ခိုင်ရေးရဲ့ စည်းရုံးရေးမှူးသားလို့ ပြောတယ်ဗျာ။ ဟောပြောပွဲကို ပထမ ၀င်နားထောင်တယ်။ နားထောင်ပြီး ဂျိုးပြော၊ မိုးပြော ပြောတာပေါ့။ အဲဒီနောက် နာရီဝက်လောက်ကြာတော့ ထွက်သွားတယ်။ ထွက်သွားပြီးတော့ အိမ်ပြန်တယ်။ အိမ်ပြန်ပြီး ၁၅ မိနစ်လောက်နေတော့ အိမ်က ဓားရှည်ဆွဲပြီးတော့ ကျွန်တော်တို့ ဟောပြောပွဲ လုပ်တဲ့နေရာကို ပြန်လာပြီးတော့ အခုရပ်။ နာငြီးတယ်။ အိပ်မရဘူး။ ဘာညာနဲ့ ဆိုပြီး နှောင့်ယှက်ပါတယ်။ ကျွန်တော်တို့ နံဘေးနားမှာ ရဲသားလည်းရှိတယ်။ အုပ်ချူပ်ရေးမှူးလည်း ခေါ်ပြီး ထိန်းခိုင်းလိုက်ပါတယ်” ဟု ဦးမြင့်အောင်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက“လက်ရှိမှာ တော့ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စခန်းမှာ အမှုဖွင့်ထားပါတယ်။ စခန်းကလည်း လက်ခံပါတယ်။ ပုဒ်မ ၂၉၄၊ ၅၀၆ နဲ့ လက်ခံပါတယ်။ အရေးယူ ဆောင်ရွက်ပေးပါတယ်။ အဲဒီလူကို သူတို့ တာဝန်အရ ဖမ်းတယ်။ အချူပ်ထဲ ထည့်ထားတယ်” ဟု ပြော ကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင် ရာရွေးကောက်ပွဲကော်မရှင်ကို အကြောင်း ကြားထားကြောင်း သိရသည်။
သက်ပိုင်
http://news-eleven.com/2015-general-election/%E1%80%80%E1%80%B6%E1%80%99%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9-nld-%E1%80%99%E1%80%B2%E1%80%86%E1%80%BC%E1%80%9A%E1%80%B9-%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%82%90%E1%80%AF%E1%80%B6%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%95%E1%80%BC%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%BA-%E1%80%B1%E1%80%80%E1%80%BA%E1%80%B8%E1%80%9B%E1%80%BC%E1%80%AC
No comments:
Post a Comment