နိုင်ငံရေးပါတီများ နှင့် မဲဆန္ဒရှင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် မဲဆန္ဒရှင် ပြည်သူတွေ တွေ့ဆုံပွဲတစ်ခုကို ပြည်မြို့ ယဉ်ကျေးမှုရုံ(အားကစားခန်းမ)တွင်ကျင်းပခဲ့ရာ ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့်အဖွဲ့တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၉နာရီချိန်ခန့်တွင်ကျင်းပပြုလုပ်သွားကြောင်းသိရသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူသည် မဲစာရင်းတွင် အချက်လက်မှားများထပ်မံသေချာပြင်ဆင်ပြီး နောက်ဆုံးအကြိမ်မဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် ထပ်မံပါမလာပါက ဆန္ဒမဲအားမည်ကဲ့သို့ပြန်လည်ပေးရမည်ကို မိုးမေတ္တတာ နာ/ကူ (ပြည်)အတွင်းရေးမှူး ဦးညီညီအောင်မေးမြန်းမှုကို ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက “ ကော်မရှင်အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူတိုင်းမဲပေးနိုင်အောင် ကြိုးစားပြီးဆောင်ရွက်နေပါတယ်။၂၀၁၃ ခုနှစ်လောက်ကစပြီး မဲစာရင်းတွေသေချာပြုစုဖို့ မြို့နယ်တိုင်း ညွှန်ကြားထားပြီးပါပြီ။ခရိုင်မြို့နယ်ရပ်ကျေးတွေအားလုံး ကိုယ့်ဆိုင်ကယ်ကိုယ်ဆီထည့်လုပ်နေရပါတယ်။လွဲမှားနေတဲ့အပေါ်မှာ ကျွန်တော်တို့အလုပ်လည်းရှုပ်ပါတယ်။စိတ်မကောင်းလည်းဖြစ်ပါတယ်။မဲမပေးခင် ၇ရက်အလိုမှာ ခရိုင်နဲ့ရပ်ကျေးတွေရဲ့ထောက်ခံချက်နဲ့ပြင်ဆင်ခွင့်တော့ရအုံးမှာပါ။မဲစာရင်းကိုလည်း ကိုယ်ကိုယ်တိုင်သွားကြည့်သင့်ပါတယ်။ ဟု ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကျော်ညွှန် ကပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မေးခွန်းများ မေးမြန်းဆွေးနွေးခွင့် ရရှိနိုင်ရန် စိတ်ပါဝင်စားသူတက်ရောက်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ အဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့ခြင်းမရှိကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာခြင်းမရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီအား အခမ်းအနားတက်ရောက်လာသည့်မဲဆန္ဒရှင်ပြည်သူ ကိုသိန်းမင်းထွန်းက ယခုလိုသုံးသပ်ပြောဆိုလိုက်သည်။ “ လက်ရှိမှာ ဒီပါတီက အာဏာရပါတီကြီးပါ။အခမ်းအနားတက်ရောက်လာတဲ့ မဲဆန္ဒရှင်ပြည်သူတွေကို တလေးတစ်စားရှိဖို့တော့လိုပါတယ်။ဒီအခမ်းအနားမှာ ပါတီခြောက်ခုဖိတ်ကြားထားတာပါ။အခုငါးခုပဲတက်လာတယ်။ကျွန်တော်တို့ ပြည်သူမဲဆန္ဒရှင်တွေမေးသမျှမေးခွန်းတွေကိုလည်းသူတို့ဖြေရပါမယ်။ဖိတ်ာကားခဲ့စဉ်က မဲဆန္ဒရှင်ပြည်သူတွေမေးခွန်းမေးလျှင် ဖြေပေးရမဲ့အစီအစဉ်တွေပါတယ်။ဒီအခမ်းအနားမှာ ကျွန်တော်တို့ မဲဆန္ဒရှင်တွေမေးမဲ့ မေးခွန်းတွေကို သူတို့မဖြေရဲလို့လား။မဖြေချင်လို့လား။မဖြေ၀ံ့လို့လား။မဲဆန္ဒရှင်တွေကိုတော့လေးစားစွာဆက်ဆံဖို့လိုပါတယ်လို့မြင်ပါတယ်။
ယင်းအခမ်းအနားသို့ ပြည်ခရိုင်အတွင်းမှ နိုင်ငံရေးပါတီအသီးသီးနှင့် မဲဆန္ဒရှင် ပြည်သူ ၃၀၀ ကျော်တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားအား ထိုနေ့ နေ့လည် ၁၁း၃၀ ခန့်တွင်ပြီးဆုံးသွားကြောင်းသိရသည်။
ပြည်သတင်း
www.facebook.com/pyaynews
K3(pyay)
No comments:
Post a Comment