ဆန္ဒမဲပေးရန် နှင့်ခရီးသွားလာနိုင်ရေးအတွက် ပြုလုပ်ထားသည့်မှတ်ပုံတင်မှာ ၅ လအထိကြာသော်လည်းမရသေး
သဲကုန်း အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် တံခွန်တိုင်အုပ်စု မအူကန်ကျေးရွာတွင် ခရီးသွားလာရေး နှင့် ဆန္ဒမဲပေးရန်တို့အတွက် မှတ်ပုံတင်မရရှိကြသေးသဖြင့် ဒေသခံများမှ စိုးရိမ်လျှက်ရှိနေကြောင်းသိရသည်။ပြီးခဲ့သည့် ၅လခန့်မှစတင်ကာ ကျေးရွာရာအိမ်မှူးများနှင့် မြို့နယ် လ၀က ရုံးမှ စာရေးရာထူးရှိ တာဝန်ရှိသူတစ်ချို့တို့က မအူကန် မှုလတန်းစာသင်ကျောင်းအတွင်း မှတ်ပုံတင်ပြုလုပ်မည့် သူတစ်ဦးလျှင် ကျပ် ၂၀၀၀ ကောက်ခံ၍ တစ်ပတ်အတွင်းရမည်ဆိုကာ လာရောက်ပြုလုပ်ခဲ့ရာ ၅ လအချိန်ကြာသည့်တိုင်အောင် မှတ်ပုံတင် ရရှိခြင်းမရရှိသောကြောင့် မဲပေးနိုင်ဖို့အခွင့်အရေးနှင့်ခရီးသွားလာရေးတွေအတွက်စိုးရိမ်ပှုပန်မှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။
“ လွန်ခဲ့တဲ့ငါးလကတည်းက လ၀က အဖွဲ့တေတွနဲ့ကျေးရွာကလူကြီးတွေ စာသင်ကျောင်းမှာလာပြီးမှတ်ပုံတင်ပြုလုပ်ခိုင်းတယ်။မှတ်ပုံတင်ပြုလုပ်မဲ့သူ တဦးကို နှစ်ထောင်ကျပ်နဲ့အိမ်ထောင်စုဇယားအတွက် တစ်ထောင် ပေးဆောင်ခဲ့ကြတယ်။ပြောတော့တစ်ပတ်ကြာမယ်ဆိုပြီးခုထိမရဘူး။မှတ်ပုံတင်ရှိမှမဲပေးလို့ရမှာ။ခရီးသွားလို့ရမှာ။ခုထိမရသေးဘူးဖြစ်နေတယ်။မဲပေးဖို့ကနီးလာပြီ မှတ်ပုံတင်မရသေးတော့ မဲပေးလို့လည်းမရဘူး။ခရီးသွားလို့လည်းမရဘူး။အမြန်လုပ်ပေးစေချင်တယ်။ ” ဟု မအူကန်ကျေးရွာ ဦးကျော်ညွှန် ကပြောသည်။
ယင်းတံခွန်တိုင်အုပ်စု မအူကန်ကျေးရွာတွင် အိမ်ခြေ ၄၀၀-ခန့်တည်ရှိပြီး လူဦးရည် ၁၅၀၀-ခန့်နေထိုင်လျှက်ရှိကြောင်းသိရသည်။ မှတ်ပုံတင် ပျက်စီး ပျောက်ဆုံး အသစ်လုပ်သူ ၁၀၀-ကျော်ရှိနေပြီး မှတ်ပုံတင်လာရောက်ပြုလုပ်ပေးသည့်နေ့တွင် မပြုလုပ်လိုက်ရသူများလည်းရှိနေခဲ့ကြောင်းသိရသည်။
ယင်းကိစ္စများနှင့်ပတ်သက်၍ ပြည်ခရိုင် လ၀ကရုံးသို့ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီကိစ္စက သဲကုန်းမြို့နယ်ကိုသာ တိုက်ရိုက်မေးပါ။ကျွန်မတို့အနေနဲ့လည်း သဲကုန်းမြို့နယ်ကိုပဲပြန်မေးရပါမယ်။”တာဝန်ရှိသူတဦးမှပြန်လည်ဖြေကြားခဲ့ပြီး သဲကုန်း လ၀ကရုံးဖုန်းနံပါတ် ၀၅၃ ၆၂၀၂၁ သို့အကြိမ်ကြိမ်ဆက်သွယ်သော်လည်းဖုန်းကိုင်ခြင်းမရှိခဲ့ပါ။မှတ်ပုံတင်လာရောက်ပြုလုပ်ပေးစဉ်က လိုက်ပါလာသည့် မအူကန်ရွာ ရာအိမ်မှူး ဦးလှအောင်က “ ဆန္ဒမဲပေးခါနီးကျရင်အကုန်လုံးပေးမှာပါ။ဒီကိစ္စကို ရပ်/ကျေး ဥက္ကဌကိုခဏခဏလှမ်းပြောထားနေရပါတယ်။မှတ်ပုံတင်အမြန်ဆုံးပေးနိုင်ဖို့ခဏခဏလှမ်းပြောနေရပါတယ်။ ”ဟု ၄င်းကပြောသည်။
အဆိုပါ တံခွန်တိုင်အုပ်စုအတွင်း မအူကန်၊ရေပြာ၊မကျီးပင်ကန်သာ၊ကူကြီး၊သစ်ရောင်းကန်၊ရွာထောင်ကုန်း၊ကြို့ပင်သာ၊သာစည်၊အလယ်ကုန်းကျေးရွာ နှင့် နိဗ္ဗာန်ကုန်းကျေးရွာတို့တည်ရှိသည်။ ယင်းမှတ်ပုံတင် ပျက်ပြီးပျောက်ဆုံးသူ များမှာ မှတ်ပုံတင်နံပါတ် ရှိထားပြီးဖြစ်၍ ဆန္ဒမဲပေးပိုင်ခွင့်အမည်စာရင်းပါနေခဲ့သော်လည်း ဆန္ဒမဲပေးရန် မဲထုတ်ယူရာတွင် မှတ်ပုံတင်ပြ၍ မဲထုတ်ယူရမည်ဆိုသောကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမည်ကိုစိုးရိမ်လျှက်ရှိပြီး ထိုကျေးရွာတွင် မဲစာရင်းအမည်မှားများပြန်လည်ပြင်ဆင်ရန်အတွက် ၅-မိုင်ဝေးကွာသည့် တံခွန်တိုင်ကျေးရွာသို့သွားရောက်နေရမှုများကြောင့် အခက်ခဲများစွာကြုံတွေ့ရလျှက်ရှိကြောင်းဒေသခံများထံမှသိရသည်။
K3(pyay)
ပြည်သတင်း
www.facebook.com/pyaynews
No comments:
Post a Comment