Sunday, October 4, 2015

“၂၀၁၅-ခုနှစ်၊ မော်တော်ယာဉ် ဥပဒေအသစ်ရဲ့နောက်ကွယ်က ပဋိပက္ခများကို ဘယ်လို ရှောင်ရှား သင့်သလဲ ”



ေ အာင် စိုး ( ပြည် )
၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ (၄) ရက်

၂၀၁၅ခုနှစ်၊စက်တင်ဘာလ(၇)ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၅၅ နဲ့ မော်တော်ယာဉ်ဥပဒေအသစ်ကို ပြဋ္ဌာန်း လိုက်ပါတယ်။

၁၉၆၄-ခုနှစ်၊မော်တော်ယာဉ်ဥပဒေကိုပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥပဒေ အမှတ်-၁၇နဲ့ ၁၉၆၄ခုနှစ်၊အောက်တိုဘာလ၉ရက်နေ့မှာ စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ စတင်ပြဋ္ဌာန်းခဲ့ ပြီး ၂၅နှစ်ခန့်အကြာ ၁၉၈၉-ခုနှစ်၊နိုဝင်္ဘာ၂၇ရက်နေ့မှာနိုင်ငံတော်ငြိမ်ဝပ် ပြားမှုတည် ဆောက်ရေး အဖွဲ့က ဥပဒေအမှတ်-၂၇ နဲ့ ဥပဒေကို ပြင်ဆင်ပြီး ဒဏ်ငွေများကို တိုး မြှင့် ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ခဲ့ရတာလည်း စတင်ပြဋ္ဌာန်းခဲ့စဉ်က ရှိခဲ့တဲ့ ဒဏ်ငွေ ပမာန ဟာ အများပြည်သူအတွင်း ထိရောက်ဟန့်တားမှု မရှိတော့ လို့ ဖြစ်ပါတယ်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို မလိုက်နာဘဲ အလွယ်တကူ ချိုးဖေါက်နေသူများကလည်း တစ်နေ့ ထက် တစ်နေ့ ပိုမို များပြားလာခဲ့ပါတယ်။ စည်းကမ်း လိုက်နာသူများ ရှိကြသလို စည်းကမ်း မလိုက်နာသူများကလည်း ဒုနဲ့ဒေးပါပဲ။ စည်းကမ်း မလိုက်နာသူများပြားလာ တာနဲ့အမျှ စည်း ကမ်းလိုက်နာသူ လူနည်းစုရဲ့ဘ၀ဟာ တစ်ဖြည်းဖြည်း မလုံခြုံတဲ့ဘ၀ကို ရောက်ရှိလာပါတော့ တယ်။ ကိုယ်က ဘယ် လောက်ပဲ စည်းကမ်းကို လိုက်နာပေမယ့် စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာ မောင်းသူတို့ ကြောင့် စည်းကမ်းတကျနေထိုင်သူတို့ဟာ အရေးကြုံလို့ လမ်းပေါ်ထွက် ကား မောင်းရမှာ၊ဆိုင်ကယ်မောင်း၊စက်ဘီးစီးရမှာကို တောင် ကြောက်ရွံ့
လာကြရတဲ့ အခြေအနေ မျိုးဖြစ် လာပါတယ်။ အဆိုးဆုံးကတော့ နယ်မြို့ တွေမှာ ဆိုင်ကယ်စီးဦးရေ များပြားလာတာနဲ့ အမျှ ဆိုင်ကယ်မောင်း သူ အချို့ဟာ လမ်းစည်းကမ်းကို ချိုးဖေါက်ချင်သလို ချိုးဖေါက်လာပါ တော့ တယ်။ အချို့ အသက် မပြည့်ဘဲ ကား/ဆိုင်ကယ် မောင်းနှင် နေကြသူများ ရှိကြသလို အသက်ပြည့်ကြသော်လည်း အများပြည်သူသွားလာရာ လမ်းမ ကြီးများပေါ်မှာ ယာဉ်မောင်း နှင်ခွင့် လိုင်စင် လုံးဝမရှိဘဲ မောင်းနှင်နေကြ သူတွေကလည်း များပြားလှပါတယ်။ စက်တပ် ထားတဲ့ မော်တော်ကား /မော်တော် ဆိုင်ကယ်များကို ကျွမ်းကျင်စွာ မောင်းတတ်ခြင်း ရှိ/မရှိ၊ သတ် မှတ် ထားတဲ့ လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းတွေကို ဘယ်လောက် အထိ သိရှိ နားလည် ပြီးခြင်း ရှိ/မရှိ သက်ဆိုင်ရာဌာနရဲ့ စစ်ဆေးမှုခံယူရခြင်းမရှိဘဲ အများပြည်သူဆိုင်ရာ လမ်းမ များ ပေါ်မှာ ဥဒဟိုမောင်းနှင်နေကြခြင်းဟာ စည်းကမ်းလိုက်နာသော အများပြည်သူများ အ တွက် ဘယ် လောက်အထိ အန္တရာယ်များလှတယ်ဆိုတာ တွေးကြည့်ရင် သိရှိနိုင်ပါလိမ့်မယ်။ မကြာမီက ကျွန်တော်တို့မြို့မှာ မိန်းကလေးတစ်ဦးဆိုင်ကယ်ကို လမ်းပြောင်းပြန် မောင်း လာ တာ တွေ့လို့ သတိပေးလိုက်မိပေမယ့် “ဒီခေတ်မှာလမ်းပြောင်းပြန် တွေ ဘာတွေလာမပြောနဲ့ မရှိတော့ဘူး” လို့ ပြန်ပြောလာပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီကနေ့ ယာဉ် စည်းကမ်း၊ လမ်းစည်း ကမ်းထိန်းသိမ်းဖို့ ဘယ်လောက်အထိလိုအပ်နေပြီ၊ မော် တော်ယာဉ်နဲ့ ပတ်သက်တဲ့ အပြစ်ဒဏ်တွေမှာ ထိရောက်ဟန့်တားလောက်တဲ့ ဒဏ်ငွေ သတ် မှတ်ချက်တွေ လိုအပ်လာပြီဆိုတာကိုလည်း တွေးကြည့်လို့ ရနိုင် ပါ တယ်။

ယနေ့ခေတ် အခါ ဟာ ၁၉၆၄-ခုနှစ်၊ မော်တော်ယာဉ်ဥပဒေပြဋ္ဌာန်း ကာစ ၁၉၆၄-ခုနှစ်ကာလနဲ့မတူညီတော့သလိုအဲဒီဥပဒေမှာသတ်မှတ်ထားတဲ့
ဒဏ်ငွေပမာနကို တိုးမြှင့်ပြင်ဆင်ခဲ့တဲ့၁၉၈၉-ခုနှစ်ကာလကရှိခဲ့တဲ့ မော်တော် ယာဉ်အရေအတွက်၊ မော်တော်ဆိုင်ကယ်အရေအတွက်တို့နဲ့လည်း မတူညီ ကြတော့ပါဘူး။ကားကြီးကားငယ်အမျိုးမျိုး၊သုံးဘီးဆိုင်ကယ်၊ထော်လာဂျီ၊မော်တော်ဆိုင်ကယ် စသည်တို့တိုးတက်များပြားလာမှုကြောင့်လည်းကောင်း ၊ ပြောင်းလဲကျင့်သုံးလာတဲ့ဈေးကွက်စီးပွါးရေးစနစ်တို့အရလည်းကောင်း၊
မြန်မာကျပ်ငွေဖေါင်းပွမှုတို့အရလည်းကောင်း၁၉၆၄-ခုနှစ်က ပြဋ္ဌာန်းခဲ့သော
မော်တော်ယာဉ် ဥပဒေနဲ့ ၁၉၈၉ -ခုနှစ်က ထိရောက်ဟန့်တားစေရန် ပြင်ဆင် သတ်မှတ်ပေးခဲ့တဲ့ ဒဏ်ငွေ ပမာနတို့ဟာ ယနေ့အချိန်ကာလနဲ့ မည်သို့မျှ မကိုက်ညီ တော့ဘဲထိရောက်ဟန့်တားစေမှုမရှိတော့တာ ကြောင့် နောက်ထပ်(၂၅)နှစ် ခန့်ကြာလာပြန် တဲ့ ယနေ့အချိန်အခါမှာ ယခုမော် တော်ယာဉ်ဥပဒေ အသစ်ကို ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ယခုမော်တော်ယာဉ်ဥပဒေအသစ်မှာ ပြဋ္ဌာန်းထားတဲ့ ဒဏ်ငွေ
များဟာ ယခင်ဥပဒေအဟောင်းမှာ ပြဋ္ဌာန်းထားတဲ့ဒဏ်ငွေများထက်
အဆ(၂၀) လောက်တိုးမြှင့်လာတယ်လို့ ဆိုကြပါတယ်။

ဒီလို တိုးမြှင့်လိုက်တဲ့အတွက်ရန်ကုန်ဘတ်စ်ကားလောကမှာ ဆူညံဆူညံ အသံများ ထွက်ပေါ်လာတာကိုကြားရပြီး ဥပဒေအသစ် ထွက်တာကိုမသိ လိုက်ကြဘဲ အဖမ်းခံရပြီး ဒဏ် ငွေဆောင်ရတော့မှ တိုးမြှင့်ထားတဲ့ ဒဏ်ငွေ ကိုသိရှိရတော့တယ်လို့လည်းကြားသိရပါတယ်။ ဥပဒေသစ်ကဒဏ်ငွေ တွေအဆမတန်တိုးမြှင့်လိုက်တဲ့အတွက်ရန်ကုန်ဘတ်စ်ကားလိုင်းအချို့မထွက်ကြတော့ဘဲရပ်နားထားတာ ကြောင့် ကျောင်းသူ
ကျောင်းသား၊ရုံးသူရုံးသားတွေနဲ့အများပြည်သူတို့သွားရေးလာရေးအခက်အခဲများ နဲ့ ရင်ဆိုင်ကြရတာတွေကိုလည်းသတင်းစာ၊ ဂျာနယ်နဲ့ ရုပ်မြင်သံကြား သတင်းလိုင်းတွေမှာဖတ်ကြရ၊ကြားကြရ၊ မြင်ကြရတာစိတ်မချမ်း မြေ့စရာပါပဲ။ ပိုဆိုးတာကတော့၂၄--၉-၂၀၁၅ရက်နေ့နံနက်၉နာရီခန့်က မန္တလေး မြို့၊ အောင် မြေသာစံမြို့နယ် ၁၉လမ်းနဲ့၆၆လမ်းထောင့် နန်းရှေ့ ၊ ကျုံးဘေး ပလက်ဖေါင်းမှာ ယာဉ်စစ်ဆေးရေး တာဝန်ထမ်းဆောင် ရင်း ယာဉ်ထိန်းရဲ တစ်ဦး ဓါးထိုးခံခဲ့ရပြီး သေဆုံးသွား စေတဲ့အထိ ဖြစ်ခဲ့ရ တဲ့ ဖြစ်ရပ်ဆိုးပဲဖြစ် ပါတယ်။
ဥပဒေသဘောအရ ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပြီး တာနဲ့အများ ပြည်သူဟာအသစ်ထုတ်ပြန်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေကိုသိရှိပြီး
ဖြစ်တယ်လို့မှတ်ယူရ မှာပဲဖြစ် ပါတယ်။ ဒါဟာအစဉ် တစိုက်အားဖြင့် လိုက်နာကျင့်သုံးကြရတဲ့ ဥပဒေမူသဘောတရားပဲ ဖြစ် ပါတယ်။ အဲဒီလို ထုတ်ပြန်ကြေငြာပြီးတဲ့နောက်မှာ ဥပဒေကိုမသိလို့ ကျူးလွန်မိတာပါလို့ အကြောင်းပြလို့ မရပါဘူး။ ဒီလို အကြောင်းပြတာကို လက်ခံမယ်ဆိုရင် လည်း ပြစ်မှုကျူးလွန် သူတိုင်းဟာ ဒီအကြောင်း ပြချက်ကို အကာအကွယ် ယူပြီး ပြစ်မှုတွေ တစ်ခုပြီးတစ်ခုကျူးလွန် နေကြပြီး လွတ်မြောက်နေကြမှာပါ။

ဒါပေမယ့်လည်း ယခုကဲ့သို့သော အများပြည်သူ အချိန်နဲ့ တစ် ပြေးညီ သိသင့် သိ ထိုက်တဲ့ ဥပဒေမျိုးကိုတော့ လက်တွေ့ကျင့်သုံးခြင်း မပြုမီ အများပြည်သူကို ထဲထဲဝင်ဝင် သိရှိအောင် အသိပညာပေးခြင်း တို့ကို ဦးစွာ ဆောင်ရွက်သင့်တယ်လို့လည်း ယူဆမိပါတယ်။ လက်တွေ့ အားဖြင့် လည်း ပညာပေးကာလဆိုပြီး ကျင့်သုံးခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့ဘူးပါ တယ်။ ဘတ်စ်ကားယာဉ် မောင်းသူ၊ ယာဉ်နောက်လိုက်၊ တစ် နေကုန် တစ်နေခမ်း စက်ရုံ အလုပ် ရုံတွေထဲမှာ အလုပ်လုပ်နေရသူများ နဲ့ တစ်နေကုန်ဝမ်းစာ ရှာဖွေ စားသောက် နေရ သူများစသူတို့ဟာ တစ် နေကုန်အလုပ်လုပ်၊ ညကျ မှ အိမ်ပြန် ရောက်ကြ၊ ညစားစား၊ ပြီးတာနဲ့အိပ်ယာဝင်၊ နောက်တစ်နေ့ မိုးမလင်းမီမှာ အိပ်ယာက ထပြီး အလုပ်ခွင် ပြန်သွားကြရခြင်းနဲ့ပဲ သံသရာ လည် နေကြရလေတော့ ဥပဒေအသစ် ပြဋ္ဌာန်းတာကို အခြားအခြားသော ရုံးဝန်ထမ်း လုပ်သား ပြည်သူများလို သိနိုင်ခွင့် အားနည်းတတ်ကြတာ မျိုး တွေ ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အရင်တုန်းက ဥပဒေအဟောင်းနဲ့ မတူတော့ဘဲ ထိရောက်ဟန့် တားစေလောက်တဲ့ ဒဏ်ငွေအသစ်နဲ့ ပြဋ္ဌာန်း ထားတဲ့ ဥပဒေဖြစ်တာ ကြောင့် အများပြည်သူအတွင်းမှာ ထဲထဲဝင်ဝင် အရင် သိရှိကြရလေ အောင်တတ်သိပညာရှင်များကရှင်းလင်းပွဲတွေ၊ပညာပေးကာလ တွေ ဦးစွာ ပြုလုပ်သင့်တယ်လို့ ယူဆမိပါတယ်။( အချို့သော မော်တော် ယာဉ်လိုင်းများမှာ ရှင်း လင်းပွဲတွေ ပြုလုပ်နေကြပြီလို့လည်း သိရပါတယ်။)

မော်တော်ယာဉ်ဥပဒေအသစ်ကို မိမိဘာသာ ရှာဖွေမလေ့လာနိုင် သူများအဖို့ တတ်သိ ပညာရှင်များလာရောက် ရှင်းလင်းတဲ့အခါမျိုးမှာလည်း သေချာစွာ ဂရုတစ်စိုက်နားထောင်မှတ် သား ခြင်း၊ မရှင်းလင်းတာရှိရင် ချက်ချင်းပြန် လည် မေးမြန်းခြင်း၊ တတ်သိပညာရှင်များ လာ ရောက် ရှင်းလင်းခြင်း မပြုနိုင်သေးဘူးဆိုရင်လည်း မိမိတို့ လိုက်နာရ မြဲ လမ်းစည်းကမ်း၊ ယာဉ် စည်းကမ်းများကို ပဲ ဆက်လက်လိုက်နာနေကြရမှာဖြစ်ပါတယ်။ ၂၀၁၅-ခုနှစ်မော်တော် ယာဉ် ဥပဒေအသစ်ရဲ့ ပုဒ်မ-၈၀ မှာ “၁၉၆၄ ခုနှစ်၊မော်တော်ယာဉ် ဥပဒေအရ ထုတ်ပြန်ထား သော နည်းဥပဒေများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန် ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင် သည်” လို့ ပြဋ္ဌာန်းချက်ရှိထားတဲ့အတွက်ဖြစ်ပါတယ်။ နောက်ပိုင်းနည်းဥပဒေအသစ် ထွက်လာတဲ့အခါမှာတော့ နည်း ဥပဒေ အသစ်မှာ ပါရှိတဲ့အတိုင်း ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းများကို ဆက်လက်လိုက်နာ သွား ကြရမှာဖြစ်ပါတယ်။ “စည်းကမ်းလိုက်နာ၊ ဘေးကင်းကွာ”ဆိုတဲ့ မူကို နှလုံးသွင်းကြရမှာပဲ ဖြစ်ပါ
တယ်။

ဖမ်းဆီးအရေးယူသူများအပိုင်းကလည်း လောလောဆည်ကာလမှာ
မော်တော်ယာဉ် ဥပဒေအသစ်နဲ့ မညီသမျှတို့ကို တွေ့သမျှ ပုဒ်မတပ်အရေး ယူနိုင်ခွင့် ရှိတယ်ဆိုပေမယ့် အများ ပြည်သူကို လတ္တလောအားဖြင့် အန္တရာယ်ဖြစ်စေနိုင်တဲ့ စည်းကမ်းချိုးဖေါက်မှုမျိုးကိုပဲ ချက်ခြင်း လက်ငင်း ဦးစားပေးအရေးယူခြင်းတို့ ပြုသင့်တယ်လို့ ယူဆမိပါတယ်။ ဥပဒေအသစ် တစ်ခု ပြဋ္ဌာန်းကာစမှာ ဥပဒေအသစ်အတွက် လိုအပ်တဲ့ နည်းဥပဒေများ အသင့်မဖြစ်သေးတဲ့အတွက် နောက်ကနေလိုက် ပြဋ္ဌာန်းပေးရတာမျိုးဖြစ်
သလို အဲဒီဥပဒေအရ အရေးယူအပြစ်ပေး ခြင်းခံရမယ့် အများပြည်သူဘက် ကလည်း အဲဒီဥပဒေ အတိုင်း လိုက်နာနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချိန် ကာလဆိုတာလည်း ရှိသင့်တာဖြစ်ပါတယ်။ ဥပဒေအသစ်တစ်ခုပြဋ္ဌာန်းပြီး တစ်လ မပြည့်ခင်ကလေးမှာ ဒီဥပဒေအသစ်ကို လက်တွေ့ကျင့်သုံးလိုက် တဲ့အခါ အများပြည်သူဘက် ကလည်း ဥပဒေအသစ်ကို လိုက်နာနိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်ချိန်မရလိုက်တာကြောင့် ဖမ်းဆီးတဲ့ တရားစွဲအဖွဲ့ အစည်း၊ တရားစီရင်ရေးတာဝန်ဆောင်ရွက်ကြရတဲ့ ဌာနများနဲ့ အများပြည် သူတို့ အကြား ပွတ်တိုက်မှုဆိုတဲ့ ပဋိပက္ခအသွင်ဖြစ်ပေါ်နိုင်ကြပါတယ်။

တရားစီရင်ရေးအပိုင်းကလည်း တရားစွဲတင်လာတဲ့ မော်တော်ယာဉ် ဥပဒေအသစ်အရ အမှုများနဲ့ ပတ်သက်ပြီး ဒဏ်ငွေသတ်မှတ်ချက် အမြင့်ဆုံး အပြစ်ဒဏ်များအထိ ချမှတ်နိုင်ခွင့် ရှိသော်ငြားလည်း ကျူးလွန်သူရဲ့ ကျူး လွန်ပုံ အခြေအနေ(ဥပမာ သတ်မှတ်ထားသည့် အမြန် နှုန်းထက် ပို၍ သို့မဟုတ် လျော့၍ မောင်းနှင်ခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊မူးယစ်ဆေးဝါးသို့မဟုတ်စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများသုံး စွဲ၍ သော်လည်းကောင်း အရက်သေစာမူးယစ်သောက်စား ၍ သော်လည်း ကောင်း မောင်းနှင် ခြင်းစသည်)တို့အပေါ်သုံးသပ်ပြီး ပြစ်မှုနဲ့
့လျော်ညီ ပြီး ယခင်ဥပဒေအဟောင်းထက်လည်း ပိုမို ထိရောက်ဟန့်တားမှု လည်း ရှိစေမယ့် ဒဏ် ငွေ ပမာနမျိုးကိုသာ တပ်ရိုက်သင့်သေးတယ်လို့ ယူဆပါတယ်။ နောက်ပိုင်း ကာလ တစ်ခု အထိ ကျင့်သုံးပညာပေးပါလျှက်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖေါက်မှုများ လျော့နည်း မသွားခဲ့ဘူးဆို တဲ့ အခါမျိုးကျမှသာ ဒဏ်ငွေအပြစ် ဒဏ်ကို တိုးမြှင့်သင့်တယ်လို့ ယူဆပါ တယ်။ (ယခုလို တင်ပြလို့ မိချောင်းမင်း ရေခင်းပြတယ် လို့လဲ မထင်စေချင် ပါဘူး ။)
ဒါ့အပြင် ယာဉ်စစ်ဆေးဖမ်းဆီးမှုပြုလုပ်ကြတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် များ၊ တရားစွဲတင် ရင် ဖြတ်သန်းရမယ့် မှုခင်းတပ်ဖွဲ့(CRO)၊ မြို့နယ်ဥပဒေရုံး ၀န်ထမ်းများ၊ တရားရုံးတရားသူကြီး များအပါအ၀င် တရားရုံးဝန်ထမ်းများတို့ အနေနဲ့လည်း အသစ်ပြဋ္ဌာန်းလိုက်တဲ့ မော်တော်ယာဉ် ဥပဒေအရ တရားစွဲ တင်ခံရသူများအား ဥပဒေသစ်နဲ့ပတ်သက်ပြီး စိတ်ရှည်စွာနဲ့ နားလည် သဘောပေါက်အောင် ရှင်းလင်းပြဖို့လည်း လိုအပ်ကြလိမ့်မယ်လို့ ယူဆပါ တယ်။ အခုလို မိမိ တို့ရဲ့ တာဝန်ဝတ္တရားအရ ဆောင်ရွက်ကြရတဲ့ သက်ဆိုင် ရာဌာနဆိုင်ရာအသီးသီးတို့အနေနဲ့မကြာမီက ပြဋ္ဌာန်းလိုက်တဲ့ မော်တော်
ယာဉ်ဥပဒေအသစ်နဲ့အများပြည်သူတို့အသားမကျသေးမီလတ္တလောကာလ
လေးမှာ ညှိညှိနှိုင်းနှိုင်း၊ ချိန်ချိန်ဆဆနဲ့ ဆောင်ရွက်သွားကြမယ်ဆိုရင် ပြီး ခဲ့တဲ့ ၂၄-၉-၂၀၁၅ရက်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉လမ်းနဲ့ ၆၆ လမ်းထောင့်၊ နန်းရှေ့ကျုံးဘေး ပလက် ဖေါင်းမှာ ယာဉ်စစ်ဆေးရေး တာဝန် ထမ်းဆောင်ရင်း ဓါးထိုးခံခဲ့ရပြီး သေဆုံးသွားစေတဲ့ အထိ ဖြစ်ခဲ့ရ တဲ့ ဖြစ်ရပ်ဆိုးမျိုးနဲ့အခြားမလိုလားအပ်သောအခြေအနေဆိုးများကို ရှောင်
ရှားနိုင်လိမ့်မယ်လို့ ယူဆပါ ကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါ တယ်။

ေ အာင် စိုး ( ပြည် )

၂၀၁၅-ခုနှစ်၊အောက်တိုဘာလ (၄)ရက်နေ့(တနင်္ဂနွေနေ့ထုတ် ) ဒီမိုကရေစီတူဒေးသတင်း စာ၊ အတွဲ(၂)၊အမှတ်(၂၆၇)

ပြည်​သတင်း
www.facebook.com/pyaynews
09 430 47862


No comments:

Post a Comment