Wednesday, September 16, 2015

ကမ်းပါးပြိုကျမှုကြောင့် သဲဖြူကျေးရွာတွင် နေအိမ် ငါးလုံးရေထဲမျှောပါ



ကမ်းပါးပြိုကျမှုကြောင့် သဲဖြူကျေးရွာတွင် နေအိမ် ငါးလုံးရေထဲမျှောပါ

 

ပြည် စက်တင်ဘာ ၁၆

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ကုန်းသလင်းအုပ်စုအတွင်းရှိ ကုန်းသလင်းရွာ၊မြရွာ၊နှင့်သဲဖြုကျေးရွာများအတွင်း ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ကုန်းသလင်းကျေးရွာ နှင့် သဲဖြူကျေးရွာတို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က သဲဖြူကျေးရွာအတွင်း ကမ်းပါးပြိုကျမှုများကြောင့် နေအိမ် ၅ လုံး ရေထဲမျှောပါသွားခဲ့ပြီး နေအိမ်သုံးလုံး ဖျက်သိမ်းပြောင်းရွေ့ခဲ့ရကြောင်းသိရသည်။

 

“ရေ၀ဲစားပြီး သုံးကြိမ်လောက် မှာကမ်းတွေဆက်တိုက်ပြိုပြီးအိမ်ကရေထဲမျှောပါသွားတယ်။တစ်ရွာလုံးကူညီရွေ့ပြောင်းပေမယ့် အ၀တ်အစားလောက်ပဲသယ်နိုင်တယ်။ကျန်တဲ့ပစ္စည်းတွေအကုန်ပါသွားတယ်။ညအိပ်ချိန်သာပါသွားမယ်ဆိုရင် ကျွန်မတို့မိသားစုရေထဲပါသွားမှာသေချာတယ်။နေစရာမြေကွက်မရှိတော့ဘူး။ပြန်ဆောက်ဖို့လည်းဘာမှမရှိဘူး။ပထမရေကြီးလို့ဒုက္ခရောက်တယ်။အခုအိမ်ရေထဲအထိမျှောပါသွားတယ်ဆိုတော့ကျွန်မတို့အတွက်အခက်ခဲတွေအများကြီးဖြစ်နေပါတယ်။” ဟု သဲဖြူကျေးရွာနေ မစန်းစန်းနွယ်ကပြောသည်။

အဆိုပါ သဲဖြူကျေးရွာအတွင်း စက်တင်ဘာ ၉ ရက်ခန့်မှစတင်ကာ ကျေးရွာအတွင်းရေကြီးရေလျှံမှုတစ်ချို့ဖြစ်ပေါ်လာခဲ့ပြီး ဧရာဝတီမြစ်ရေ တက်လာမှုနှင့်အတူ စက်တင်ဘာ ၁၅ ရက်နေ့ည ၇ နာရီခန့်တွင် ကမ်းပါးပြိုကျခြင်းများဖြစ်ပေါ်ခဲ့ရာ နေအိမ် ၅ လုံးရေထဲမျှောပါသွားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့အခုကွင်းဆင်းစစ်ဆေးတာ နေအိမ် ၅လုံးရေထဲမျှောတယ်။ဖျက်နေရတဲ့အိမ်တေတွလည်းရှိတယ်။အဲဒိအိမ်တွေကို အခုပါလာတဲ့ စားနပ်ရိက္ခာတွေပေးထားခဲ့မှာပါ။ပြန်လည်တည်ဆောက်ဖို့အတွက်မြေနေရာကိစ္စတွေကတော့ မြေစာရင်းအပါဝင် လူမှုဝန်ထမ်းနဲ့ပြန်လည်နေရာချထားရေးအဖွဲ့တွေရော သက်ဆိုင်ရာဌာနတွေနဲ့ တိုင်ပင်ညှိနိုင်းဆောင်ရွက်သွားမှာပါ။” ဟု ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ပြောသည်။

 အဆိုပါ သဲဖြူကျေးရွာအတွင်း အိမ်ခြေပေါင်း ၁၆၁ အိမ်တည်ရှိပြီး ရေထဲမျှောပါသွားခဲ့သည့်နေအိမ် ၅ လုံး အလျှင်အမြန်အိမ်ဖျက်ထားရသည့် နေအိမ် ၃ လုံး တို့အား ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့သည်စားနပ်ရိက္ခတစ်ချို့အား စက်တင်ဘာ ၁၆ ရက်နေ့နံနက်မှာကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ထိုကမ်းပါးပြိုကျမှုအန္တရာယ်ရှိနိုင်သည့် နောက်ထပ်နေအိမ် ၁၀ လုံးအားရွေ့ပြောင်းလျှက်ရှိပြီး ရေထဲမျှောမသွားစေရန် နေအိမ်များအားနီးစပ်ရာသစ်ပင်များတွင် ကြိုးများချဉ်နှောင်ထားလျှက်ရှိကြောင်းသိရသည်။

 
K3(pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ


No comments:

Post a Comment