ပြည်ခရိုင်တွင်း၊ ဒုတိယအကြိမ်ရေကြီးရေလျှံမှုများကြောင့် စာသင်ကျောင်းပေါင်းလေးဆယ်ကျော် ယာယီပိတ်ထားရကာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး
ပြည်၊ စက်တင်ဘာ ၁၅
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဒုတိယအကြိမ်ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာတန်းစာသင်ကျောင်း လေးဆယ်ကျော်အားယာယီပိတ်ထားရကာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ ခရိုင်တွင်းရှိ ပြည်၊ ပန်းတောင်း၊ ရွှေတောင် မြို့တို့တွင်မြစ်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ လက်ရှိအချိန်ထိ အခြေခံစာသင်ကျောင်းပေါင်း ပန်းတောင်းမြို့တွင်စာသင်ကျောင်း ၂၀ ကျောင်း၊ ရွှေတောင်မြို့တွင်စာသင်ကျောင်း ၂၂ ကျောင်း၊ ပြည်မြို့တွင် ၁ ကျောင်းပိတ်ထားခဲ့ရကြောင်း ပညာရေးမှူးရုံးများကသိရသည်။
“အခုလက်ရှိကတော့ ပန်းတောင်း နဲ့ ရွှေတောင်ဘက်တွေမှာ စာသင်ကျောင်းတွေရေကြီးနစ်မြုပ်လို့ ကျောင်းပိတ်ထားရတဲ့အကြောင်း စာတွေတင်လာကြပြီ။ တက်လာတဲ့စာတွေကိုကျွန်မတို့က သက်ဆိုင်ရာဌာနအဆင့်ဆင့်ကို တင်ပြသွားမှာပါ။ကလေးတွေပညာရေးကိုတော့ ရက်ရှည်ကျောင်းပိတ်ရက်တွေ နဲ့ စနေ တနင်္ဂနွေ ဥပုလ်အဲလိုနေ့တွေမှာ အစားထိုး ခေါ်ယူသင်ကြားစနစ် နဲ့ အချိန်ပိုခေါ်ယူသင်ကြားစနစ်တွေနဲ့ ပြန်လည်သင်ကြားပေးသွားမှာပါ။ ” ဟု ပြည်ခရိုင် ပညာရေးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပန်းတောင်းမြို့နယ်နှင့်ဧရာဝတီမြစ်ရေလယ်ကျွန်းများမှာ စက်တင်ဘာလဆန်းကမှ နေအိမ်များသို့ပြန်လည် ရောက်ရှိကာ ထူထောင်ရေးလုပ်နေဆဲကာလသာရှိသေးပြီး ယခုတစ်ကြိမ်ရေပြန်လည်တက်လာခြင်းကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်ခဲ့ရခြင်းကြောင်း အဆုံးအရှုံးပိုမိုများပြားကြောင်း ကျောင်းသားများအနေဖြင့် လည်း ကျောင်းများပြန်တက်ရသည်မှာရက်ပိုင်းသာရှိသေးပြီး ပျက်ကွက်ရက်များအတွက် သင်ခန်းစာများကို အမီလိုက်ရသည့်အတွက် စာမနိုင်သည့်အခက်ခဲများဖြစ်နေကြောင်း ဒေသခံကျောင်းသားမိဘများပြောသည်။
“ပထမရေကြီးချိန်ကပြင်ဆင်ချိန်မရလို့အခက်ခဲတွေအများကြီး ကျော်ဖြတ်လိုက်ရတယ်။ ခုဒုတိယအကြိမ် ရေကြီးတော့ပြင်ဆင်ချိန်ရလိုက်လို့တော်သေးပါတယ်။ ရေပြန်ကျချိန်မှာကျောင်းသားတွေအတွက် သောက်သုံးရေအခက်ခဲတွေကြုံရမယ်။ ကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအများကြီးပြန်လုပ်ရမယ်။ မနက်ကတော့စာသင်သေးတယ်။ စာသင်နေရင်းရေကတဖြေးဖြေးတက်လာလို့ နေ့လည်ကစပြီးကျောင်းပိတ် ထားလိုက်ရတယ်။ မြို့နယ်ကိုဓါတ်ပုံနှင့်တကွတင်ပြထားပါတယ်။” ဟု အခြေခံပညာမှုလတန်း(လွန်)ကျောင်း (ခတ္ထိယ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မျိုးအောင်ကပြောသည်။
ပြည်ခရိုင်အတွင်း ပထမအကြိမ်ရေကြီးနစ်မြုပ်ခဲ့စဉ်က စာသင်ကျောင်းပေါင်း ၁၂၂ ကျော်ပိတ်ထားခဲ့ရကာ ခရိုင်တွင်း စာသင်ကျောင်းပေါင်း ၁၀၆၈ ကျောင်းရှိပြီး ပြည်မြို့တွင် ၁၈၄ ကျောင်း၊ပေါက်ခေါင်းမြို့တွင် ၂၀၀ ကျောင်း ၊ ပန်းတောင်းမြို့တွင် ၁၅၇ ကျောင်း ၊ ပေါင်းတည်မြို့တွင် ၁၅၇ ကျောင်း၊ သဲကုန်းမြို့တွင် ၁၉၂ ကျောင်း နှင့် ရွှေတောင်မြို့တွင် ၁၇၈ ကျောင်းရှိကြောင်းသိရသည်။
ဝေလင်း(ပြည်)
No comments:
Post a Comment