Saturday, July 4, 2015

ဆန္ဒမဲတစ်ပြား ၀ါးမစားနဲ့ တာဝန်ကြေစေ မဲတစ်ပြားပိုင်ရှင်ရေ…… K3(pyay)

ဆန္ဒမဲတစ်ပြား ၀ါးမစားနဲ့ တာဝန်ကြေစေ မဲတစ်ပြားပိုင်ရှင်ရေ……  

K3(pyay)                                 

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးလက်အောက်တွင် ဆယ်စုနှစ်များစွာ ကျရောက်ခဲ့ရခြင်းကြောင့် မဲဆန္ဒရှင်များစွာသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အခွင့်အရေးကို မသိရှိသည့်အပြင် ရွေးကောက်ပွဲအတွေ့အကြုံနှင့် ဆယ်စုနှစ် နှစ်ခုကျော် ဝေးကွာနေခဲ့ရသည်။ ကျွန်တော်တို့ပြည်သူတွေ ဆန္ဒမဲတစ်ပြားပေးနိုင်ဖို့ နှစ်ပေါင်းများစွာမှတစ်ကြိမ်ဆိုသလို ကြမ်းတမ်းခက်ခဲခြင်း စိုးရိမ်ပှုပန်မှုတွေကြားက မျှော်လင့်ကြီးစွာစောင့်စားရပြီးမှ မဲတစ်ပြားကိုင်ကာ မိမိကြိုက်နှစ်သက်ရာ နိုင်ငံခေါင်းတစ်ဦးရွေးချယ်ခဲ့ကြရသည်။မဲတစ်ပြားမည်မျှတန်ဖိုးကြီးသည်ကို သိရှိစေရန်အတွက်တတ်သိနားလည်သလောက်ရေးသားရမည်ဆိုပါလျှင် ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ကြရသည့် သက္ကရာဇ်များစွာရှိခဲ့ဖူးသည်။

၁၈၈၆-ခုနှစ် ဇန်န၀ါရီလမှ အစပြုကာ အင်္ဂလိပ်လက်အောက်သို့ မြန်မာနိုင်ငံကျရောက်ခဲ့သည်။မြန်မာနိုင်ငံတွင် ပထမဦးဆုံးရွေးကောက်ပွဲကို ၁၉၄၇-ခုနှစ် ဧပြီလတွင်ကျင်းပပြုလုပ်ခဲ့ရာ ဖဆပလအပါဝင် နိုင်ငံရေးပါတီ(၅)ပါတီနှင့် တစ်သီးပုဂ္ဂလနှစ်ဦးသည် လွှတ်တော်ကိုယ်စားလှယ်နေရာ (၂၅၀)အတွက်ဝင်ရောက်အရွေးခံခဲ့သည်။ လွှတ်တော်မှ ၁၉၄၇-ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို တညီတညွှတ်တည်း အတည်ပြုနိုင်ခဲ့သည်။ ဒုတိယအကြိမ်ရွေးကောက်ပွဲကို ၁၉၅၂-ခုနှစ်တွင်ကျင်းပပြုလုပ်ခဲ့ပြီး တတိယအကြိမ်ရွေးကောက်ပွဲကို ၁၉၅၆-ခုနှစ်တွင်ကျင်းပခဲ့သည်။ထို့နောက် စတုတ္ထအကြိမ်ရွေးကောက်ပွဲကို ၁၉၆၀-ခုနှစ်ဖေဖော်ဝါရီလတွင်ကျင်းပနိုင်ခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများပျောက်ကွယ်ခဲ့သည်။ ဗိုလ်ချုပ်နေ၀င်းမှဦးနေ၀င်းအသွင်ပြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီတည်းကိုသာ တည်ရှိခွင့်ပေးသည့်အတွက် ၄င်းခေတ်က ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးကောက်ပွဲဆိုသည်မှာ ပါတီမှရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအား ကြိုက်တယ် မကြိုက်ဘူး ရွေးချယ်ရခြင်းဖြစ်သည်။ တစ်ပါတီအာဏာရှင်စနစ်ဖြင့် နိုင်ငံအားအုပ်ချုပ်ခြင်းဖြစ်ပြီး ထိုစနစ်အရ လွှတ်တော်ကိုယ်စားလှယ်(၄၅၁)ဦး၊ထိုမှ (၄၆၄)ဦးရွေးချယ်ခဲ့ပြီး နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည့်  ၁၉၈၆-ခုနှစ် ရွေးကောက်ပွဲတွင် (၄၈၉)ဦး ရှိခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြောက်ပွဲအား စုစုပေါင်း(၄)ကြိမ်ပြုလုပ်ခဲ့ကြသည်။ ၁၉၈၈-ခုနှစ်တွင် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံဖြစ်ပွားခဲ့ပြီး ထို့နောက်စစ်တပ်မှ ဒုတိယအကြိမ် အာဏာပြန်သိမ်းသွားခဲ့သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၁၉၉၀-ခုနှစ်တွင် ကျင်းပပေးခဲ့ပြီး ထိုရွေးကောက်ပွဲမှာ အနိုင်ရသောပါတီအား အာဏာလွဲပြောင်းခြင်းမရှိဘဲ နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် စစ်တပ်မှ လွမ်းမိုးအုပ်ချုပ်ခဲ့သည်။ ၂၀၁၀-ခုနှစ်၊နိုဝင်ဘာလတွင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးခဲ့ပြန်ပါသည်။ ၂၀၁၂-ခုနှစ်၊ဧပြီလတွင် ကိုယ်စားလှယ်နေရာ(၄၃)နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့သည်။

ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ဦး၏တာဝန်ဖြစ်သည်။ထိုတာဝန်ကို အကောင်းဆုံးနှင့်တန်ဖိုးအရှိဆုံးဖြစ်အောင်အသုံးချတတ်ရမည်။ ဆန္ဒမဲပေးခြင်း ပျက်ကွက်ရှောင်လွဲနေခြင်းသည် ပြည်သူတစ်ဦး နိုင်ငံသားတစ်ဦး၏ တာဝန်မကျေပွန်ရာရောက်ပါသည်။အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်စာရင်းတွင်ပါဝင်သူအားလုံး ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူ(သို့)ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ အမျိုးသား၊အမျိုးသမီးး၊ဘာသာမရွေး၊ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိပါသည်။ဆန္ဒမဲပေးခွင့်မရရှိသူများမှာတော့၊ သာသနာ့ဝန်ထမ်း၊ထောင်ဒဏ်ကျခံနေရသူ၊စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေအရ တားမြစ်ခြင်းခံရသူ၊နိုင်ငံခြားသား(သို့)နိုင်ငံခြားသားအဖြစ်ခံယူထားသူတို့သည် ဆန္ဒမဲပေးခွင့်မရှိကြပါ။

ယခုလာမည့် ၂၀၁၅ရွေးကောက်ပွဲကြီးနီးလာသည်နှင့်အမျှ ပြည်တွင်းမှာပြဿနာပေါင်းမြောက်များစွာကြားသိနေရသည်။နိုင်ငံအတွင်း ယခုကဲ့သို့ရွေးကောက်ပွဲများနီးလာသည်တိုင်း ပြဿနာများပေါင်းမြောက်များစွာကြားသိနေရသည်ကအဆန်းမဟုတ်တော့ပေမယ့် ထူးခြားမှုများစွာကတော့ဆန်းပြားနေသည်။ မဲပေးခွင့်မဲဆန္ဒရှင်များစာရင်းကို တိုင်းဒေသကြီးအသီးသီးခွဲခြားခါ ကြေငြာရာတွင် ကျေးရွာလုံးကျွတ် မွေးနေ့ မွေးလ များတစ်ပုံစံတည်းတူညီနေခဲ့ကြသလို မြို့ရွာများတွင်လည်း ဒေသအသီးသီး မွေးနေ့ မွေးလများတူနေတာတွေမြင်မကောင်းအောင်ကျယ်ပြန့်လျှက်ရှိနေသည်။ဆန္ဒမဲပေးစာရင်းမထွက်ခင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှ ဆယ်အိမ်မှူး၊ရာအိမ်မှူးများ ကိုယ်တိုင်အရောက်လာရောက်စာရင်းကောက်ယူကြသည်။လာရောက်ကောက်ယူ ဆယ်အိမ်မှူး၊ရာအိမ်မှူးများသည် အများအားဖြင့် နိုင်ငံတော်တွင်း ဆယ်တန်းအောင်သူရှားပါးသည်။ရွေးကောက်ပွဲဆိုင်ရာအချက်အလတ်အသိပညာ၊ဗဟုသုတနှင့်အင်မတန်နည်းပါးခြင်းများစွာရှိနေသည်ဟု သုံးသပ်မိပါသည်။နောက်တစ်နည်း ဆန္ဒမဲပေးပိုင်ခွင့်စာရင်းတစ်အိမ်တက်တစ်အိမ်ဆင်းကောက်ယူရာတွင် အခကျေးငွေတစ်ပြားတစ်ချပ်မှမရရှိသောကြောင့် ပြီးစလွယ်လိုက်ကောက်ယူပြီး ပြီးစလွယ်ရေးတင်ပြသည်ဟုသုံးသပ်ပါသည်။တချို့သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတို့သည် အခြေခံမဲဆန္ဒရှင်စာရင်းလက်ထဲရောက်သည်နှင့် သက်ဆိုင်ရာ နယ်မြေကောက်ကွက်၊ရာအိမ်မှူး၊ဆယ်အိမ်မှူးများခေါ်ယူကာ မိမိနယ်ပိုင်ထဲမှ အမည်မှား၊သေဆုံးသူများ အမှားစာရင်းများကို သေချာစိတ်ပါလက်ပါ ပြန်လည်ပြင်ဆင်ပြီးမှ မဲစာရင်းများကပ်သောကြောင့် ပြဿနာတစ်စုံတစ်ခုတောင်မကြားရပါ ညွှန်ပြရလျှင်(ပြည်မြို့၊ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး)တွင်ယခုလို တိကျသေချာစွာပြန်လည်စစ်ဆေးပြီး အမှားမရှိအောင်တတ်နိုင်သမျှ စာရင်းပြုစုပြီးမဲစာရင်းကပ်တော့ ဘယ်သူမှ ဘာမှပြောစရာမဖြစ်တော့ပါ။ ထိုသို့သော အဖြစ်မျိုးသည် ခရိုင်ရွေးကောက်ပွဲကော်မရှင်များနှင့်ပတ်သက်နေသည်။ ခရိုင်မှတဆင့် မြို့နယ်အလိုက် ခရိုင်အထွေထွေအုပ်ချုပ်ရေးစာရင်းများနှင့် လ.၀.က ဌာနမှ ပုံစံ ၆၆/၆ များအပေါ်အခြေခံကောက်ယူထားသည့် စာရင်းများအရထုတ်ပြန်ခဲ့ခြင်းများဖြစ်သောကြောင့် မွေးနေ့ မွေးလတူညီနေမှုများကို တူညီနေနိုင်စရာအကြောင်းမရှိပါ။သို့သော်လည်းတူညီနေကြသည်။တူညီနေသော မွေးနေ့ မွေးလများအတွက် ဂုဏ်ပြုသောအနေဖြင့် ဟက်ပီဘတ်ဒေးများပြုလုပ်ပေးမည်ဟုဆိုကာ လူမှုကွန်ယက်စာမျက်နှာများနှင့်ပြည်တွင်းနေထိုင်သူများ၏ လှောင်ပြောင်ခြင်းများပျံနှံ့လျှက်ရှိခဲ့သည်။လှောင်ပြောင်သူများတွင်အပြစ်ဟုမမြင်မိပါ။ဖြစ်ပျက်နေသည်ကိုပွင့်လင်းမြင်သာစွာ ဒီမိုကရေစီလိုလားသူများသဖွယ်ပွင့်လင်းစွာထုတ်ဖော်ရေးသားတင်ပြ ပြောဆိုနေကြသည်ဟုမြင်မိပါသည်။မည်သို့ပင်ဆိုစေကာမှု သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းများမှလည်း မဲဆန္ဒရှင်စာရင်းများကိုနေအိမ်အထိလာရောက်ကောက်ယူသွားခဲ့ခြင်းဖြစ်သည်ကိုငြင်းပယ်၍မရပါ။အုပ်ချူပ်ရေးပိုင်းလိုအပ်ချက်လား ကွန်ပျူတာစာစီလိုအပ်ချက်လားတော့ကျွန်တော်မသိပါ။ လာမည့်၂၀၁၅ ရွေးကောက်ပွဲ အရေးကြီးသည်ကိုတော့ပြည်သူတိုင်းသိကြသည်။အရေးကြီးလှသော ရွေးကောက်ပွဲကို ကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲများနှင့်မတူမှာတော့သေချာလှပါသည်။ထို့ကြောင့် လူတစ်ဦးတစ်ယောက်မှာ အမည်မှား၊အချက်အလက်မှား၊သေသည့်သူများပါရှိနေမှုများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်မှပြန်လည်ပြင်ဆင်ခွင့်ပေးထားပြီးဖြစ်ပါတယ်။ အမည်ထည့်သွင်းပေးရန်တောင်းဆိုလွှာ ပုံစံ (၃)၊မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်ခွင့်တောင်းဆိုလွှာ ပုံစံ(၃-က)ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မှီရက်ပေါင်း(၃၀)ထက်နောက်မကျစေရ၊ပြင်ဆင်လွှာ၊ကန့်ကွက်လွှာ ပုံစံ (၄)၊အခြားမဲဆန္ဒနယ်သို့ပြောင်းရွေ့ပေးရန်တောင်းဆိုလွှာ ပုံစံ(၄-က)၊အချက်အလက်သတ်ပုံမှားယွင်းနေမှုများအတွက် ပုံစံ (၄-ဂ)၊.ဖြင့်ပြန်လည်တင်ပြအမှားပြင်ဆင်ချက်များအခွင့်အရေးရရှိထားပြီးဖြစ်ပါသောကြောင့် ယခုကြေငြာသည့်ပြည်တွင်းမဲဆန္ဒရှင်များစာရင်းသည် အခြေခံမဲဆန္ဒရှင်စာရင်းများဖြစ်သဖြင့် လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်နိုင်သည့်အခွင့်အရေးများစွာရှိနေပါသည်။ထို့ကြောင့် အရပ်ဖက်လူမှုအဖွဲ့အစည်း၊ပါတီအဖွဲ့အစည်းပေါင်းစုံနှင့်ပြည်သူအပေါင်းတို့ပှုးပေါင်းဆောင်ရွက်မှုများကြောင့် မိမိနိုင်ငံအတွက် မိမိရွေးချယ်သည့် ခေါင်းဆောင်ကောင်းရရှိရန်အင်မတန်အရေးကြီးသည့်အချိန်အခါရောက်ရှိနေသောကြောင့် ရရှိထားသည့်အခွင့်အရေးတစ်ရပ်အပေါ် ရွေးချယ်မှုမမှားရန်လိုအပ်လှပါသည်။လှေပေါ်ကဆင်းမည်ဆိုပါက အထူးသတိချပ်ကာဆင်းရသကဲ့သို့ မြင်းပေါ်တက်မည်ဆိုကလည်းလှေနည်းတူအထူးသတိချပ်ကာတက်ရမည်ဖြစ်သည်။ဒီအစိုးရမကောင်း၍နောက်ထပ်အစိုးရတစ်ရပ်ရွေးချယ်သည်ဖြစ်စေ၊နောက်အစိုးရက ဒီအစိုးရလောက်မကောင်းမှာဆိုး၍ ဒီအစိုးရပဲရွေးချယ်သည်ဖြစ်စေ၊မိမိနိုင်ငံအတွက် ဖွံ့ဖြိုးးတိုးတက်အောင် ဆင်းရဲသားပြည်သူများဘက်မှ မားမားမတ်မတ်ရပ်တည်ပေးနိုင်မည့် လူသားအခွင့်အရေးများကို ဒီမိုကရေစီနည်းစနစ်မှန်ကန်စွာအပြည့်အ၀ပေးနိုင်မည့် ခေါင်းဆောင်ကောင်းကိုသာရွေးချယ်ရမည်ဖြစ်ပါသည်။

ကျွန်တော်တို့ခေါင်းဆောင်ကောင်းရွေးချယ်ရာတွင် ထိုခေါင်းဆောင်သည်…

ယုံကြည်ထိုက်သူဖြစ်အောင်…ရိုးသားရမယ်။

အားကိုးထိုက်သူဖြစ်အောင်….ကြိုးစားရမယ်။

လေးစားထိုက်သူဖြစ်အောင်…ဖြူစင်ရမယ်။အဲဒိလိုခေါင်းဆောင်ကောင်းတွေကို မိမိရရှိထားသည့် မဲတစ်ပြားအားတန်ဖိုးရှိစွာ မိမိ မိသားစု၊ရပ်ကွက်၊ကျေးရွာ၊မြို့နယ်၊နိုင်ငံအတွက် ခေါင်းဆောင်းကောင်းရွေးချယ်နိုင်ကြမှာဖြစ်ပါတယ်။ ရေဗှုးနှင့်ဖိနပ်မပါလျှင်နွေအခါ ပှုပြင်းလှသည့်အချိန်ဝယ် အပှုဒဏ်ကာကွယ်ရန် ဖိနပ်တစ်ရံနှင့်အပှုဒဏ်ကိုအံတုရင်းမောပန်းလာပါက ရေစာပြေ ရေဗှုးကလေးပါမှ သက်သာစေမည်ဖြစ်သောကြောင့် နွေအခါ ရေဗှုးနှင့်ဖိနပ်ဆောင်ရန်လိုအပ်သလို ၂၀၁၅.ခုနှစ်ရွေးကောက်ပွဲတွင်လည်း မိမိနိုင်ငံကို ဦးဆောင်မည့် ခေါင်းဆောင်ကောင်းရွေးချယ်ရန်လိုအပ်ပါကြောင်းရေးသားအပ်ပါသည်။

ဝန်ခံချက်။  ။New Myanmar Foundation-၂၀၁၄-ခုနှစ်၊ဒီဇင်ဘာလ၊ပထမအကြိမ်ထုတ်(မဲဆန္ဒရှင် အသိပညာပေးရေးဆိုင်ရာ လက်စွဲစာအုပ်)မှ ရည်ညွှန်းကိုးကားသည်။

… K3(pyay) ၂၀၁၅၊ဇူလိုင်၊၄ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးဂျာနယ်
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

No comments:

Post a Comment