ပြည်သတင်းလူငယ်(ပြည်သတင်း) ကိုင်တိုင်ရေး ဒုတိယမြောက် ဒီမိုကရေစီတူဒေးသတင်းစာ မှာပါလာတဲ့ သတင်းဆောင်းပါးလေးပါ..
သစ်ချောက်ပင်အောက်…..ပန်းကောက်နေကြသူများ…….
K3(pyay)
ကျွန်တော်တို့နိုင်ငံတွင် စားစရာမရှိခြင်းထက် နေစရာမရှိသော အိုးမဲ့အိမ်မဲ့ဆင်းရဲသား လူတန်းစားများစွာရှိသည့်အနက်တွင် ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ဧရာဝတီမြစ် ကမ်းနားဘေး သဲသောင်ပြင်တွင် အမိုးအကာယိုင်နဲ့နဲ့တဲကလေးများစွာရှိနေသည်။အဆိုပါတဲကလေးများတွင်နေထိုင်ကြသူအများစုဟာ နေ့စဉ်ပြည်မြို့အတွင်းသို့ တောင်းရမ်းစားသောက်ရင်း ၀မ်းစာရှာဖွေသောလုပ်ငန်းဖြင့် ငယ်စဉ်ကမှ အစ သေဆုံးသွားချိန်အထိ အသက်မွေးဝမ်းကြောင်းပြုရရှာသည်။ ဆင်းရဲသားပပျောက်ရေးစာရင်းတွင် မည်သည့်အခါမှ သူတို့တွေမပါဝင်ခဲ့ကြပါ။ ပြည်မြို့အတွင်းနေထိုင်သူ ဒေသခံများ၏ကူညီပံ့ပိုးမှု့အောက်တွင်ဘ၀တွေကို ရှင်သန်ကြီးပြင်းလာခဲ့ကြရသည်။၁နှစ်အရွယ်ကလေးငယ်ကို ရင်ဝယ်ပိုက်ကာ မိခင်ဖြစ်သူ မှမြို့တွင်းလှည့်လည်တောင်းရမ်းနေမှုများသည် ကျွန်တော့အတွက်အဆန်းမဟုတ်သလို ပြည်မြို့သူ/သားများတွက်လည်း အလေးထားစရာကိစ္စဟုမတွေးမိခဲ့ကြပါ။ဖယိုဖရဲ အမိုးအကာတဲကလေးများအောက်တွင် မိသားစုဘ၀ရပ်တည်မှုအတည်တကျမရှိခဲ့ ပတ်ဝန်းကျင်မှာလည်း သူ့တို့လိုလူများသာရှိနေသောကြောင့် အရွယ်မရောက်သေးသော ကလေးဘ၀မှအစ မိခင် ဖခင်ဖြစ်လာကြတဲ့အချိန်ထိ ဒီပုတ်ထဲက ဒီပဲများသာဖြစ်ခဲ့ကြရသည်။သူတို့တွေကို မည်သူကမှ အရေးတယူမဆက်ဆံကြပါ။ပြည်မြို့တွင် သူတို့အတွက် ဘ၀တိုးတက်စရာဆိုလို့ ၂၀၁၂ ခုနှစ်ခန့်က ပြည်မြို့ ရွာဘဲနယ်မြေ ရတနာထီးဖြူရပ်ကွက်မှာ လမ်းဘေး(လမ်းပျော်)ကလေးသူငယ်များ မိမိတို့ကိုယ်တိုင် ကိုယ့်ဘ၀ကိုရပ်တည်လာနိုင်ပြီး လူမှု့အသိုင်းအ၀ိုင်းထဲမှာ ၀င်ဆန့်လာစေရန် နှင့် ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံရမှုများ လျော့နည်းလာစေရန် ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းဖွင့်လှစ်ပေးခဲ့သည့် လမ်းဘေးကလေးများကူညီစောင့်လျှောက်သော ဂရုဏာလက်များကွန်ယက် ဆိုသော လူမှုရေးအဖွဲ့တစ်ခုသာပေါ်ထွက်လာခဲ့သည်။ အဆိုပါ ကွန်ယက်မှ ယနေ့ခေတ်အတန်းပညာများကို စာစရာပေး သင်ကြားလာခဲ့ခြင်းဖြစ်ပေသည်။
ဒီကွန်ရက်အကြောင်းရေးပြလျှင် ရင့်နင့်ဖွယ်ကိစ္စတချို့ဖြစ်ခဲ့တဲ့ညတစ်ညလေးရှိခဲ့ဘူးပါတယ်…၃-၈-၂၀၁၂ ရက်နေ့ ညမှောင်မိုက်ချိန် လမ်းဘေးကလေးငယ်များစွာနှင့်သူတို့မိခင်တွေစုစုပေါင်း လေးဆယ်ကျော်လောက်ကို စည်ပင်သာယာအဖွဲ့၊ရဲတပ်ဖွဲ့၊မီးသတ်တွေ ဒေသဆိုင်ရာအာဏာပိုင်တွေမှ အမှိုက်သိမ်းကားကြီးနှင့်သယ်ဆောင်ကာ ရခိုင်ရိုးမတောင်ပေါ် ညောင်ခြေထောက်ရွာအနီးက တောထဲမှာစွန့်ပစ်ခဲ့သည့် နိုင်ငံကျော် ကမ္ဘာကသိလောက်အောင် ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့သည်။ ထိုစွန့်ပစ်ခံရသူတို့သည် ရခိုင်ရိုးမကြီးမှ ပြည်မြို့သို့ ခြေလျှင်ပြန်လျှောက်လာသူများလည်း အခက်ခဲမျိုးစုံကျော်ဖြတ်ပြီး ပြန်လည်ရောက်ရှိခဲ့သည်။
နေ့စဉ်ဆိုသလို တောင်းရမ်းလို့ ရရှိလာတဲ့ ပိုက်ဆံအနွမ်းလေးများကို ပလတ်စတစ်အိတ်ကလေးများဖြင့် ထမင်းဟင်းဝယ်ယူကာ ကြုံရာနေရာတိုင်းတွင်စားသောက်တတ်ကြသည်ကအဆန်းမဟုတ်တော့ပါ။လုပ်စားတော့ မိုးခေါင် ခိုးစားတော့ ခွေးဟောင်ဆိုသလိုပါပဲ ဒေသဆိုင်ရာအာဏာပိုင်များ အမြဲအရိပ်တကြည့်ကြည့် စောင့်ကြည့်ခံနေရသော လူတန်းစားများဖြစ်သည်။ကူညီဖို့ ဖေးမဖို့ ကြည့်ရှုနေခြင်းမျိုးမဟုတ်ပါ။ သူတို့တွေမှာ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေးနှင့်ပညာရေးဆိုတာ ကြားဖူးယုံမျှသာရှိသည် ကိုယ်တိုင် မကျင့်ဆောင်တတ်ကြ ကျင့်ဆောင်ပေးမည့်သူမယ်မယ်ရရတစ်ဦးတစ်ယောက်မှမရှိခဲ့ပါ။
တနေ့သောညနေခင်း ပြည်မြို့ဧရာဝတီမြစ်ကမ်းဘေးကတ္တရာလမ်းမပေါ်သို့ ဖြေးညင်းသောခြေလှမ်းများတရွေ့ရွေ့လျှောက်လှမ်းခဲ့သည်။ညနေဆည်းဆာ နေ၀င်ချိန်ပြည်မြို့တစ်ဖက်ကမ်းမြစ်အလှခံစားရှု့မျှော်သူများစွာရှိသည်။ထို့ကြောင့်လည်း ကမ်းနားလမ်းတလျှောက် အကြော်ဆိုင်များယနေ့တိုင်စည်ကားလျှက်ရှိပေသည်။ အကြော်စုံတစ်ပွဲပေးဖို့ ကျွန်တော်အနီးရှိ စားပွဲထိုးလေးအားမှာလိုက်သည်။သိပ်မကြာပါ ထိုကောင်လေးအကြော်စုံတစ်ပွဲချပေးကာပြန်လှည့်ပြီး နောက်တိုးလာသည့်ဝိုင်းများနေရာချပေးခြင်း ထပြန်သည့်ဝိုင်းများမှ အကြွင်းအကျန်လေးများကို ခါးတွင်အညိုရောင်သန်းနေသောအ၀တ်စနှင့်ရှင်းလင်းသန့်စင်ခြင်းများကို တစ်ဦးတည်းလုပ်ကိုင်နေသည်ကို သတိထားမိ၏။ ညီလေးအားတဲ့ချိန်စကားလေးပြောပါရစေ…ဟုစကားစလိုက်မိရာ..ခဏနေတော့ အသက်ရှုသံပြင်းထန်မောပန်းနေသော ထိုကောင်လေးနှင့်စကားပြောမိသည်။….သူ့ကို ပြည်မြို့က ကမ်းနားသဲသောင်ပြင်တွင်မွေး၏ မိခင်ဖြစ်သူ မှာယနေ့ထိတောင်းရမ်းစားသောက်နေရပြီး ဖခင်မှာကောင်လေးကိုမွေးပြီးကတည်းက ကွယ်လွန်ခဲ့သည်။…ဘာကြောင့်ကွယ်လွန်တယ်ဆိုတာကို မျက်ရည်စတွေနဲ့ယနေ့ထိ သူကျွန်တော်ကို မပြောခဲ့ပါ။ ”ကျွန်တော်ကျောင်းတတ်ချင်တာပေါ့ ကျောင်းဆိုတာ မြင်ဖူးတယ် ကြားဖူးတယ်….ကျောင်းတက်ဖို့စရိတ်မရှိဘူး….. ထားပေးမယ့်သူလည်းမရှိပါဘူး… အမေ့ကိုစားစရိတ်ရှာဖွေကျွေးရအုံးမယ်….ဒီအလုပ်ကလည်းထွက်လို့မဖြစ်သေးပါဘူး…သားအသက်က ခု ၁၄နှစ်ထဲရောက်နေပါပြီ ဒီအကြော်ဆိုင်လေးမှာစားပွဲထိုးအလုပ်နဲ့ စားရိတ်ငြိမ်း တစ်လကို ၂၀၀၀၀ိ/နှစ်သောင်းပေးပါတယ် သားအတွက်တော့ လုံလောက်တယ် အမေကလကုန်တိုင်း ပိုက်ဆံလာယူပြီး….သားကို မုန့်ဖိုး ငါးထောင်ပြန်ပေးတယ်”…ဟု ဘ၀မှာ တူသားပေသားကျနေသည့် ကောင်လေး၏ အပြောကိုလည်း ကြားနေရသည်။ “သားမှာအစ်မရှိပါတယ် ..ခုသူက မကောင်းတဲ့အလုပ် ပွင့်ပွင့်လင်းလင်းပြောမယ်အကိုရယ် ပြည့်တန်ဆာအလုပ်…..ခုထိလုပ်နေတုန်းပါပဲ” ဟု ပထမတုန်းကနှင့် မတူသော ၀မ်းနည်းသည့်လေသံလေးနဲ့ ပြောတဲ့ ကောင်လေးစကားတွေဆက်မကြားနိုင်တော့ပါ သူရဲ့ပါးပြင်မှာ စီးကျလာတဲ့မျက်ရည်တွေသုတ်ရင်း သူလည်းဆက်မပြောနိုင်တော့ပါ……ကျွန်တော်တို့နိုင်ငံမှာယခုကဲ့သို့ကလေးသူငယ်လို ဘ၀တူတွေများစွာ ပေါများလှပါသည်။လူ့ဘ၀တွင် လူဖြစ်ပြီး လူသားခြင်းတူပြီး ရပ်တည်မှုကွာခြားနေတဲ့ ကောင်လေးလိုလူမျိုးများ ကျွန်တော်တို့နိုင်ငံတွင် မရေတွက်နိုင်အောင်များသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေတ်မှီတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ ဆင်းရဲသားပပျောက်ရေး ဆင်းရဲသားလျော့ချရေး၊ .ကျောင်းနေအရွယ်ကလေးကျောင်းနေရေး မိဘပြည်သူဝိုင်းကူပေး…စသည်ဖြင့် ခေါင်းစဉ်အလှအပ များစွာထဲတွင် ဘ၀မလှကြသူများယနေ့ထိမကုန်နိုင်အောင်ရှိခဲ့ကြပေသည်။ကလေးသူငယ် အလုပ်သမားများမရှိဟု အတန်ကြာ ကြွေးကြော်ထားခဲ့တဲ့ အစိုးရတစ်ရပ်အောက်မှာ အမှန်တကယ်ပဲ ပပျောက်နေပြီလားဆိုတဲ့မေးခွန်းတွေက အဖြေမရှိနိုင်ဖြစ်နေတာ ယနေ့ထိပါပဲ။၂၀၁၁-ခုနှစ်မှ ၂၀၁၄-ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုးတက်မှုများစွာရှိခဲ့ပါသည်။ ၂၀၁၂-ခုနှစ် နိုဝင်ဘာ (၆)ရက်နေ့တွင် လာအိုနိုင်ငံမှာကျင်းပသည့်(၉)ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို ၂၆% မှ ၂၀၁၅-ခုနှစ်တွင် ၁၆% သို့လျော့ချနိုင်ရေးရည်မှန်းချက်ချမှတ်ဆွေးနွေးသွားခဲ့ပါသည်။ထိုအထဲတွင် ကောင်လေးတို့လိုလူတန်းစားမျိုးမပါခဲ့ပါ။မေလ-၂၁ရက်နေ့ညတွင် မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့လူမျိုး လှေစီးပြီး ရေမနစ်သူ ဒုက္ခသည် နှစ်ရာကျော်ကို တွေ့ရှိခဲ့ပြီး တစ်ပတ်ခန့်အကြာမှာ ထပ်မံပြီး ၇၀၀-ကျော်တွေ့ရှိခဲ့ကြသည်။နိုင်ငံတော်မှ ထိုသူတို့အား သနားဂရုဏာကြီးမားစွာကူညီစောင့်လျှောက်ပံ့ပိုးကာ ခေတ္တခဏကယ်တင်ထားခဲ့သည် ယနေ့အထိ သူတို့နိုင်ငံသို့လွဲပြောင်းမပေးရသေးပါ။.လှေစီးရင်း ရေမနစ်တဲ့သူများဟာ အံ့သြစွာ တစ်ပတ်အတွင်း သုံးစကျော်ထပ်မံရောက်ရှိလာခဲ့ပါသည်။ လှေမစီးရသည့်သူများအတွက်တော့ ရင့်နင့်ဖွယ်ဖြစ်ရပ်တစ်ခုလို့ တင်စားရပေလိမ့်မည်။ .ကယ်ဆယ်ရေးစခန်းများဖြင့် ထားရှိသည့်ထိုသူများနေရာတွင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဆင်းရဲမွဲတေနေသူအခြေခံလူးတန်းစားများကိုသာ ယခုလို ယခုကဲ့သို့ သနားဂရုဏာကြီးမားစွားခေတ်သစ်အစိုးရအနေဖြင့် ထားပေးနိုင်ခဲ့ပါလျှင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ၊ပညာရေးပြည့်စုံသောနိုင်ငံ၊ကျန်းမာရေးကောင်းမွန်သူများလှစွာသောနိုင်ငံများ ဖြစ်လာကောင်းဖြစ်လာနိုင်ပါကြောင်း ..နိုင်ငံတော်၏အထောက်ပံ့များဖြင့် ပညာတတ်လူငယ်များဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း ပေါ်ထွက်လာနိုင်ပါသည်။ ပြည်မြို့ကမ်းနားလမ်းက လေလွင့်သွားတဲ့ ဘ၀လေးများအမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်းတစေ့တစ်စောင်းရေးသားရပေတော့မည်။….ကမ်းနားလမ်းကအပြန်…ကောင်လေးရဲ့ပြောစကား…နားထဲကြားရသည်က…” အမေ့ကိုလည်း..စားစရိတ်ရှာပေးရအုံးမယ်...ကျွန်တော်လည်းကျောင်းတက်ချင်တယ်….. ဒီအလုပ်ကလည်းဆက်မလုပ်လို့လည်းမဖြစ်ဘူး”..ဆိုတဲ့ကလေးငယ်ရဲ့ စကားသံတွေကတော့…..လမ်းလျှောက်ရင်း…လမ်းပျောက်နေသည်များလား…လှေမစီးပါပဲ ရေနစ်နေသူများလား……သစ်ချောက်ပင်အောက်…ပန်းကောက်နေသူများလားဆိုသည်ကို ယနေ့ထက်တိုင် မမေ့နိုင်တော့ပါ။…..
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ..စနေနေ့ ဇွန် ၆-ရက် ၂၀၁၅ စာမျက်နှာ(၁၈)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉

No comments:
Post a Comment