ကန်စွန်းရွက်ခူးရန်သွားစဉ် အတက်ရောဂါထပြီး လယ်ရိုးမြောင်းအတွင်း လဲကျရေနစ်သေဆုံး
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတလည်တိုက်နယ်ဆေးရုံတွင်
ဇွန်လ (၁)ရက်နေ့ နေ့လည်(၂း၀၀)နာရီအချိန်ခန့် ပေါက်ခေါင်းမြို့နယ်မှ
ရေနစ်သေဆုံးသောအမျိုးသားတစ်ဦး အလောင်းရောက်ရှိ နေကြောင်း
သတင်းအရ ပေါက်ခေါင်းမြို့မရဲခစန်းမှ တာဝန်မှူးရဲအုပ်မောင်မောင်ခိုင်စိုးနှင့်
အဖွဲ့သည် သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့သွားရောက်စစ်ဆေးရာ နံနက်(၈း၃၀)နာရီအချိန်ခန့် ပေါက်ခေါင်းမြို့နယ်၊
မစိုးရိမ်အုပ်စု၊ စောကဲအရှေ့စုကျေးရွာနေ မင်းမင်း (၃၃)နှစ်၊ (ဘ) ဦးသန်းမြင့်၊ လယ်လုပ်သူသည် စောကဲအရှေ့စု ကျေးရွာမြောက်ဘက် ကိုက် (၃၀၀) ခန့်
အကွာရှိ လယ်ထဲတွင် ကန်စွန်းရွက်ခူးရန် တစ်ဦးတည်း ထွက်လာစဉ်လမ်း
ခရီးတွင် အကျယ် (၄)ပေ၊ အနက် (၂)ပေခန့်ရှိ လယ်ရိုးမြောင်းတွင် ရေနစ်ပြီး
သတိလစ်မေ့မြောနေသည်ကို ဖခင်ဖြစ်သူ ဦးသန်းမြင့် (၆၅)နှစ်၊ (ဘ) ဦးထွန်းပေါ်၊ လယ်လုပ်သူမှ တွေ့ရှိသဖြင့် ပေါင်းတလည်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးနေကြောင်း သိရှိရသည်ဟု
ပေါက်ခေါင်းမြို့မရဲစခန်းမှ သိရသည်။
ထိုသေဆုံးသူမင်းမင်းမှာ ယခင်ကပင် အတက်ရောဂါခံစားနေရသူဖြစ်ပြီး
ကန်စွန်းရွက်ခူးရန် အသွားတွင်အတက်ရောဂါထပြီးလယ်ရိုးမြောင်းအတွင်း လဲကျကာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်းစုံစမ်းသိရှိရသည်ဟုပေါက်ခေါင်းမြို့မ
ရဲစခန်းကဆို၏။
ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်းသည်ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်
စုံစမ်းစစ်ဆေးပေးပါရန် ရဲအုပ်မောင်မောင်ခိုင်စိုးမှ သတင်းပေးတိုင်တန်းချက်
အရ ပေါက်ခေါင်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၅)ဖြင့်အမှုရေး
ဖွင့်ထားရှိပြီး အမှုအား စခန်းမှူး ဒုရဲမှူးခင်ဇော်ဦးမှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်းသိရသည်။

No comments:
Post a Comment