Saturday, May 16, 2015

နာကျင်ခြင်းများဖြင့်ဤခရီးမနီးသေးပါ.......ငြိမ်းချမ်းဝေ..


နာကျင်ခြင်းများဖြင့်ဤခရီးမနီးသေးပါ
========================

(The Daily ELEVEN သတင်းစာ ၁၂.၅.၂၀၁၅ မှကူးယူ ဖော်ပြပါသည်

တစ်ခါတစ်လေတွင်ကျွန်တော်တို့သွားရသည့်ခရီးအကွာဝေးကို မသိနိုင်သလို ဘယ်လိုခရီးမျိုးဆိုတာကိုလည်း သိနိုင်ခြင်းမရှိပဲ သွားမိနေသည့်ခရီးများစွာရှိဖူးကြပါလိမ့်မည်။ တစ်နေရာမှတစ်နေရာသို့သွားနေသည့်ခရီး၊ အရေးပေါ်ခရီး၊ နာရေးခရီး၊ သာရေးခရီး၊ ဘုရားဖူးခရီး အလုပ်ကိုင်ရွှေ့ပြောင်းခဲ့ရသည့်ခရီး ခရီးပေါင်းများစွာ လိုလိုလားလားခရီး၊ မနှစ်သက်ပဲလျှောက်နေရသည့်ခရီး မွေးဖွားသည်မှသေဆုံးသည်ထိ မကုန်နိုင်အောင်ပင်သွားနေရသည်။

သေသည့်နောက်မှာပင် သံသရာ ခရီးဆိုတာကရှိသေးသည်။ ထိုထိုအထဲတွင် စိတ်ဆင်းရဲခြင်း၊ ပူပန်သောကများနှင့် ဒုက္ခတို့ကို ကိုယ်ရောစိတ်ပါ ခံစားရင်းသွားနေရသည့် ခရီးများသည်က ဘ၀နှင့်ပင်နှိုင်းယှဉ်လာချိန်တွင် ဤခရီးမနီးသေးပါဟု ပြောမိလိမ့်မည်ထင်သည်။

မနီးသေးသောခရီးများအတွက်တစ်ဦးကိုတစ်ယောက် ဖေးမလမ်းပြရင်း၊ ကူညီစောင့်ရှောက်ရင်း ခဲရာခဲဆစ်ဖြတ်သန်းနေကြရသည်။ မိတ်ဆွေကောင်းတစ်ယောက်ရှိမည်ဆိုပါက မည်သည့်ခရီးကိုမဆို သွားနိုင်သည်မဟုတ်လား။

အခုတလောထွက်ဖြစ်နေသည့်ခရီးများကတော့ ရေလှူသွားရသည့်ခရီးများသာဖြစ်သည်။ အတိကျဆိုရ လျင်တော့ ဧပြီလကတည်းကဟု ပြောရမည်ထင်သည်။ တိုင်းကျော်၊ ပြည်ကျော်ဟုဆိုသလိုပင် ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီးမှ မကွေးတိုင်းဒေသကြီးခရီးစဉ်များဖြစ်သည်။ အိမ်ရှေ့ပူအိမ်နောက်မချမ်းသာ ဆိုသလို ပြည်သူလူထုအပူကို ပြည်သူလူထုကသာသိရှိခံစားနိုင်ကြသည်။ အိမ်ဦးခန်းတွင်ထိုင်နေသူများ ကတော့ မသိချင်ယောင်ဆောင်ကာ နာစေးနေကြသည်။

မေလ၏ အပူချိန်မကျသေးသလို မိုးရိပ်မိုးရောင်များကိုလည်း မမြင်ရသေးပါ။ ကျေးရွာသုံးရေကန်များကတော့ ပက်ကြားအက်မြေသားများအဖြစ် ဖွလန်ကျဲလို့နေပါပြီ။ ကျွဲ၊ နွားများက အိမ်အရိပ်များတွင် လျှာထွက်ကာ မောပန်းနေကြသည်။ အိမ်မွေးခွေးများကတော့ ရေစည်နား၊ စဥ့်အိုးနားများတွင် ကပ်လျက်ထိုင်ရင်း မောပန်းကြီးစွာ အသက်ရှုနေရသည်။ သက်ကြီးရွယ်အိုအဘိုးအဘွားများကတော့ ရပ်တောင်လေးများခပ်ရင်း ပိုမိုအိုစာနေသယောင်ထင်နေရသည်။ သက်လတ်ပိုင်းယောကျားသားများကတော့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းဖြင့် အိမ်အပြင်လမ်းမပူပူကိုမျှော်ကြည့်နေကြသည်။

နွေအပူရေအလှူများအဖြစ် မကွေးတိုင်းကံမမြို့နယ်ကျေးရွာများဖြစ်သည့် ပေပင်၊ သက္ကယ်မြောင်၊ ပယ်ကျ၊ ပြောင်ကျ၊ ဖန်ခါးပင်ကျေးရွာများသို့ ဧပြီလ မှ စကာ အလှူရှင်ပေါင်းများစွာ အကြိမ်ရေ ၃၀ ထက်မနည်း ရောက်ခဲ့ပြီးဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။ ထိုအထဲတွင်အိမ်ဦးခန်းထိုင်နေသူများမပါ ၀င်ခဲ့ပါ။

“ ကံမမြို့ပေါ်ကအုပ်ချုပ်ရေးပိုင်းကတော့ ရေတစ်ခေါက်ကိုဘယ်လောက်ကျလည်း ကုန်ကျမှုမေးမြန်းတာရှိတယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဘက်ကတော့ ကန်တူးဖို့ပြန်ပြင်ဖို့ မေးတယ် လက်တွေ့လာကူညီတာတော့ ဘာမှမရှိသေးဘူး ” ဟု ပယ်ကျကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်လင်း ကပြောသည်။

စကားလုံးလှလှများဖြင့် ကတိက၀တ်များကိုသာပေးတတ်ကြသူများအဖို့ လက်တွေ့ကျကျကူညီဖြေရှင်း ပေးခြင်းမရှိခဲ့ကြောင်း ဒေသခံများကတစ်ညီတစ်ညွတ်တည်းပြောဆိုကြပါတယ်။ ဤနေရာတွင်စည်းလုံး ညီညွတ်ခြင်းကို ကောင်းစွာအသုံးကျနိုင်သူများကတော့ ခေတ်ပညာတတ်လူငယ်တစ်စုဖြစ်ကြပြီး ပရဟိတစိတ်ပြင်းထန်လှသည့် လူငယ်များက ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင် ရင်းဖြင့် ထိုဒေသများဆီသို့ နေ့စဉ်ဆိုသလို၊ ရက်ခြားဆိုသလို၊ ထွက်ခွါနေကြသည်ကိုကြားသိမြင်တွေ့နေရသည်။

မေလ ၁၀ ရက်နေ့ ရေလှူခရီးဖြစ်သည့် ပြည်မြို့ခံများ၏ စုပေါင်းရေလှူတွင် ပရဟိတလူငယ်လေးများက ဦးဆောင်ကာသွားကြသည်။ ၂၀ လီတာ ဆန့် ရေသန့်ဗူးကြီး ၁၀၀၀ နှင့် ဂါလံ ၃၀၀ ဆန့် ရေကန်နှစ်ကန်ကို လည်း ရေအပြည့်ဖြည့်ကာ တင်ဆောင်သွားကြသည်။ ရေဖိုး၊ ဆီဖိုးနှင့်အထွေထွေကုန်ကျစရိတ်များကို ထွက်စကြည့်ပါက တစ်ခေါက်လျှင် ၆ သိန်းနှင့်အထက်မှာကုန်ကျသည်။အခြားအဖွဲ့လေးများလည်း ထိုသို့နေစဉ်ခရီးများကိုထွက်နေကြရသည်။ ပြည်မြို့ခေတ္တရာနာရေးကူညီမှုအသင်းကတော့ ရေတိုင်ကီတင်ဆောင်ထားသည့် လော်လီကားကြီးတစ်စီးကို ကျေးရွာများကို ပေးထားကာ ဧရာဝတီမြစ်အတွင်းများ ရေများကိုစုပ်ယူ၍ သုံးရေအတွက် ခေါက်တုံ့ခေါက်ပြန် သယ်ယူဝေငှပေးနေသည်။ အများဆုံးတွေ့ရသည့်အဖွဲ့များကတော့ မိုးမေတ္တာနာရေးကူညီမှုအသင်း၊ ခေတ္တရာနာရေးကူညီမှုအသင်း၊ မြကျွန်းသာပရဟိတလူငယ်များ၊ F 3 ၊ အခြားအဖွဲ့များကိုလည်းတွေ့ရသည်။

အားလုံးကိုကြုံကြည့်မည်ဆိုပါက ကျေးရွာများ ရေရှားပါးမှုပြသာနာများကို ဖြေရှင်းပေးနိုင်ရန် ပြည်သူအချင်းချင်း အသုံးပြုငွေမှာ သိန်း ၁၀၀ နီးနီးသို့ရောက်ရှိနေပြီဖြစ်သည်။ ယင်းမှာ ကံမမြို့နယ်ကျေးရွာများ သို့သာရှိသေးသည်။ ကျေးရွာ ၇ ရွာခန့်မှ အိမ်ထောင်စု ၁၀၀၀ ခန့်အတွက် လတ်တလောဖြေရှင်းပေးနေခြင်း ဖြစ်သည်။
“ ရေလှူဒါန်းတဲ့သူတွေကတော့ နေ့စဉ်လာနေတယ်၊ ဒါပေမယ့်လုံလောက်မှုတော့မရှိသေးဘူး မိုးကလည်း ၀ါဆိုလလောက်မှရွာတတ်တယ်၊ နယုန်လထဲမှာနည်းနည်းရွာတတ်တယ် မိုးခေါင်နေရင်တော့ ရေရဖို့မလွယ်သေးဘူး၊ ရေလှူဒါန်းတဲ့လူတွေလာမဲ့အချိန်ကိုပဲမျှော်နေရတယ်” ဟု ပယ်ကျကျေးရွာခံတစ်ဦးက ပြောဆိုခဲ့သည့်အတွက် ရေရှားပါးမှုပြသာနာကို ဖြေရှင်းရမည်မှာ တစ်လကျော်ကျန်သေးသည်ဟု ထွက်ဆမိပြန်သည်။

အရပ်ဘက်အဖွဲံလေးများပမ်းသွားမည်ကို စိုးမိသည်။ ဟုတ်လည်းဟုတ်ပါသည်။ အလှူဒါန်းဆိုသည်မှာအမြဲတစေလုပ်နိုင်သည့်အရာမဟုတ်ပါ။
ထိုအရာများကိုစနစ်တကျကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် သူမှာ လက်ရှိအစိုးရအဖွဲ့စည်းများကလွဲ၍ မည်သူမှမဖြစ်နိုင်ပါ။ တာဝန်အရှိဆုံးသူများကလည်း ၎င်းတို့ကလွဲ၍ အခြားမရှိပါ။ မည်သို့ဖြေရှင်းလျှင်ရနိုင်သည်ဆိုသည်ကို ဒေသခံသက်ရွယ်ကြီးရင့်သူအတွေ့ကြုံရှိသူများက ပြောပြနိုင်သည်။ အကြံဥာဏ်များပေးနိုင်သည်။ ပြည်သူအများဖြေရှင်းပေးနေသည်ဆိုသည်မှာ လက်တလောသာဖြစ်သည်။ အမြဲတစေမဟုတ်ပါ။ အနာတစ်ခုကိုအယောင်ကျအောင်လုပ်ပေးနေခြင်းဖြစ်သည်။ အမြစ်ပြတ်အောင် လုပ်ရမည်။ ရေရှည်ပြသာနာများကို ဖြေရှင်းပေးနိုင်ရန် လုပ်ဆောင်ပေးသင့်သည်။

ပူပြင်းလှသည့်နေရောင်အောက်တွင် ရေတစ်ထမ်း၊ ရေတစ်ပုံးရဖို့အတွက် လှူဒါန်းမည့်သူကိုမျှော်နေကြရသည်။ တန်းစီစောင့်ယူရသည်။ သက်ကြီးရွယ်အိုမှစ၊ ကလေးများပါ သူတို့နိုင်သလောက်ဝန်ကိုထမ်းချင်းဖြင့် ရေရှိနိုင်ရန် ထွက်လာကြရသည်။ လှူဒါန်းမည့်သူများကလည်းနေပူထဲမှာပင်၊ မိုင်ပေါင်းများစွာကိုဖြတ်သန်း၍ လာခဲ့ကြရသည်။ ကျေးရွာများအရောက်တွင် သူတို့လှူဒါန်းမှုကို အားရ၀မ်းသာရယူသွားသည့် သူများကိုကြည့်ကာ ပီတိပြုံးများစိတ်မကောင်းခြင်းများဖြင့် ခံစားနေကြရသည်။

“ကျွန်တော်တို့အဖွဲ့ ရေရှားတယ်ဆိုတဲ့ဒေသတွေဖြစ်တဲ့ ပုသိမ်-မုံရွာကားလမ်းဘေးက ကျေးရွာတွေကို သွားဖြစ်တယ် သူတို့ဘက်မှာလည်း အခုချိန်ထိရေကရှားနေတုန်းပဲ လှူဒါန်းသူတွေအရောက်ပေါက်နည်း နေသေးတယ်လို့ပြောကြတယ် ဒီဘက်ကံမမြို့နယ်ဘက်ကကျေးရွာတွေကိုတော့ ရေလှူသူတွေ အသွားစိပ်တယ် ဒီကားလမ်းဘေးကကျေးရွာတွေကိုတော့ ဒီလထဲမှာပဲ လှူဒါန်းသွားမယ်လို့ မှန်းထားပါတယ်” ဟု မိုးမေတ္တာနာရေးကူညီမှုအသင်းမှ ကိုမျိုးညိန်းဇော်ကပြောခဲ့သည့်အတွက် သူတို့၏မလျော့သော ဇွဲနှင့် စာနာမှုတရား၏ လက်တံများကအတော်ကိုခရီးပေါက်ရောက်ခဲ့မှန်းသိသာနေသည်။

ဆိုခဲ့သလိုပင်ကျွန်တော်တို့၏ခရီးများက ပျော်ရွှင်ခြင်းလား၊ ၀မ်းနည်းမှုလားမသိနိုင်ပါ။ အဘယ်မျှရှည်ကြာသည် လည်းမသိနိုင်ပါ။ ဘယ်နှစ်လောက်ဆက်လက်သွားနေရအုံးမည်ဆိုတာ မသိနိုင်ပါ။ ရေရှားပါးမှုပြသာနာများကို မကြားရမသိရပါက ထိုပြသာနာများလည်း အမှန်တကယ်မဖြစ်ပျက်ခဲ့ပါက ကျွန်တော်တို့လည်း ထိုခရီးများကို သွားရမည်မထင်ပါ။ တစ်နည်းအားဖြင့် ထိုခရီးများကိုမသွားရရင်နေပါစေ။ ထိုကုသိုလ်များကိုမရရင်လည်း နေပါစေ။ ထိုအဖြစ်များကိုကျေးလက်နေပြည်သူလူထုများမခံစားချင်ပါ။ မကောင်းသတင်းများကို သယ်ဆောင်ရင်းလာနေရသည့်သွားနေရသည့် ခရီးများသာဖြစ်သည်ဟုကျွန်တော်တွေးမိသည်။

ခရီးသွားရခြင်းကိုနှစ်ကြိုက်မိသော်လည်း ရေလှူလိုက်ပါရသည့်ခရီးများသွားတိုင်း ကျွန်တော်တို့ နာကျင်ခံစားခဲ့ရသည်။ နွေနေအောက်တောင်စောင်းတောင်ကတုံးများတွင် အရိပ်မဲ့အိမ်ကလေးများ၊ ရေတစ်ခေါက်ရရန်သွားနေသည့် ဒေသခံများ၊ ရှားပါးမှု၏ဒဏ်ကိုတန်းတူခံစားနေရသည့် တိရစ္ဆာလေးများ၊ ကိုမြင်တွေ့နေရသည်မှာ စိတ်မချမ်းမြေ့လှပါ။ မျှော်လင့်ရိပ်များကိုမမြင်လိုပါ။ ထိုခရီးများအဆုံးသတ်မည့်နေ့။ ဘယ်လောက်လိုပါသေးသလဲ။ ကိုယ်ရောစိတ်ပါဒုက္ခများကို ခံစားရင်း ဘ၀ခရီးကိုဖြတ်သန်းနေရသည့် ကျေးလက်ပြည်သူလူထုများ၏ ခရီးဆုံး၊ အဆုံးသတ်သွားမည့်နေများက ဘယ်လောက်လိုပါသေးသလဲ။ ဟုတ်ကဲ့ပြောဆိုစရာတစ်ခွန်းပဲရှိပါသည်။ နာကျင်ခြင်းများဖြင့်ဤခရီးမနီးသေးပါ။

ဝေလင်း(ပြည်)

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019



No comments:

Post a Comment