မတ်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
#emg_editorials
စိန်ခေါ်မှုများစွာနှင့် မြန်မာနိုင်ငံ
“မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်အုပ်ချုပ်ရေးကို အညံ့ခံဖို့၊ လက်မြှောက်အရှုံးပေးဖို့ထက်စာရင် ထောင်ထဲကိုပဲ သွားခဲ့ကြတယ်” ဟု အမေရိကန်သမ္မတ အိုဘားမားက “သွေးထွက်သံယို တနင်္ဂနွေ” ဖြစ်ရပ် နှစ် (၅ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာလူငယ်များ၏ စိတ်ဓာတ်ကို ချီးကျူးပြောဆိုခဲ့သည်။ အဆိုပါ အခမ်းအနားသည် အမေရိကန် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု သမိုင်းတွင် အထင်ကရဖြစ်ခဲ့သော အလာဘားမားပြည်နယ်၊ ဆယ်လ်မာမြို့ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲ နှစ် (၅ဝ) ပြည့်ဖြစ်ပြီး ဆယ်လ်မာမြို့မှ မောင်ဂိုမာရီမြို့သို့ ချီတက်ဆန္ဒပြခဲ့သည့် အကြမ်းမဖက်ဆန္ဒပြသူ ၆ဝဝ ကျော်ကို အလာဘားမားပြည်နယ် တပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖြိုခွင်းခဲ့မှု အထိမ်းအမှတ်နေ့အဖြစ် ကျင်းပသည့် အခမ်းအနား ဖြစ်သည်။
မြန်မာလူငယ်များနှင့် ပတ်သက်၍ ချီးကျူးစကား ပြောကြားခဲ့သော အိုဘားမားအနေဖြင့် ၎င်းသမ္မတဖြစ်လာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု မူဝါဒများကို ပြောင်းလဲခဲ့သူ ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တွင် သမ္မတအဖြစ် အာဏာရပြီးနောက် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒများ ပြောင်းလဲကာ ပိုမိုထိတွေ့သော သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့သည်။ သမိုင်းဝင် ခရီးစဉ်များအဖြစ် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာနှင့် ၂ဝ၁၄ နိုဝင်ဘာလတို့တွင် မြန်မာနိုင်ငံသို့လည်း နှစ်ကြိမ် လာရောက်ခဲ့သူဖြစ်သည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ် အချို့နှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ဖူးသူ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သော အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစည်းအရုံး (YSEALI) မှ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း အစီအစဉ်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုအစီအစဉ်တွင် YSEALI လူငယ်ကိုယ်စားလှယ်များအဖြစ် ပါဝင်သော မြန်မာလူငယ်များ၏ ဆွေးနွေးမေးမြန်းမှုကို အိုဘားမားက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။ ထိုစဉ်က လူငယ်များနှင့် ဆွေးနွေးမှု အစီအစဉ်တွင် လူငယ်တစ်ဦးက ‘ဒီမိုကရက်တစ် အပြောင်းအလဲနှင့် စိန်ခေါ်မှုများစွာ ရှိနေသည့် မြန်မာနိုင်ငံ အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် မည်သည့်ကဏ္ဍအား အာရုံစိုက်လုပ်ဆောင်ရန် လိုအပ်ကြောင်း’ စသည်တို့ အပါအဝင် မြန်မာနိုင်ငံနှင့် ပတ်သက်သော မေးခွန်းများကို အိုဘားမားက ပြန်လည်ဖြေကြားခဲ့သည်။ ထိုသို့ဖြေကြားရာတွင် “ကျွန်တော်သာဆိုရင် လုပ်ချင်တဲ့ကိစ္စကတော့ မြန်မာပြည်သူတိုင်းလိုလိုလည်း ပြောနေကြတဲ့ ကိစ္စပါ။ နံပါတ်တစ်က နောင်နှစ်မှာ ၂ဝ၁၅ ရွေးကောက်ပွဲကို ကျင်းပပေးရမယ်။ နံပါတ်နှစ်က ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စပါ။ အရပ်သား အစိုးရစစ်စစ် ဖြစ်သွားစေဖို့အတွက် ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုပ်ပါမယ်။ နံပါတ်သုံးကတော့ သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့ နိုင်ငံရေးအရ လွတ်လပ်စွာစည်းရုံးခွင့်ရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်” ဟူသော ၎င်းသာ မြန်မာနိုင်ငံ သမ္မတကြီးဖြစ်ခဲ့ရင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အဖြေလည်း ပါဝင်သည်။ ယင်းကဲ့သို့ မြန်မာ့အရေးအား စိတ်ဝင်တစား ဖြေကြားခဲ့ဖူးသော အိုဘားမားက မြန်မာနိုင်ငံရှိ လူငယ်များနှင့် ပတ်သက်၍ အထက်ပါအတိုင်း ထပ်မံ မှတ်ချက်ပေး ပြောကြားခဲ့ခြင်းဖြစ်သည်။ အလားတူပင် မြန်မာနိုင်ငံ၏ အပြောင်းအလဲနှင့် ပတ်သက်၍ လတ်တလော ပေါ်ပေါက်နေသော အဖြစ်အပျက်များကို အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် အဆိုပါနိုင်ငံအား ဦးဆောင်တာဝန်ယူရသော အစိုးရ အပါအဝင် နိုင်ငံသူ နိုင်ငံသားအားလုံးတွင်သာ အဓိက တာဝန်ရှိမည် ဖြစ်သည်။ သို့သော် စစ်မှန်သော အပြောင်းအလဲများ လုပ်ဆောင်ရာတွင် ဒီမိုကရေစီစံများနှင့် လျော်ညီမှု မရှိသည်များကို ပြုပြင်ရမည် ဖြစ်သလို နိုင်ငံအတွင်း ပေါ်ပေါက်နေသော အထွေထွေကိစ္စရပ်များအား ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းသင့်ပါသည်။ ထို့အတူ ပေါ်ပေါက်နေသော ပြဿနာရပ်များ၏ အရင်းအမြစ်ကို ရှာဖွေ၍ ရလဒ်အဖြေကောင်းများ ရရှိရန် စေ့စပ်ညှိနှိုင်းရေး နည်းလမ်းများဖြင့် ဖြေရှင်းသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment