Wednesday, February 18, 2015

လောက်ကိုင်တွင် ကယ်ဆယ်ရေး ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် ၂ ဦး ဒဏ်ရာရ

လောက်ကိုင်တွင် ကယ်ဆယ်ရေး ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် ၂ ဦး ဒဏ်ရာရ
############################################################

ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် လောက်ကိုင်မြို့၌ ပိတ်မိနေသည့် ဒုက္ခသည်များကို ပြန်လည် သယ်ဆောင်လာသည့် ကယ်ဆယ်ရေးယာဉ်တန်းမှာ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

လောက်ကိုင်မြို့မှ ရွေ့ပြောင်းလုပ်သား ၄၀ ကျော် တင်ဆောင်လာပြီး ကြက်ခြေနီ အလံလွှင့်ထူထားသည့် အပြာရောင် ကျောက်သယ်ကားကို လောက်ကိုင် – ချင်းရွှေဟော် ကားလမ်းပေါ်ရှိ ပါစင်ကျော်ကျေးရွာနှင့် လုံထန်ကျေးရွာ အကြားတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နေ့လယ် ၂ နာရီ ၀န်းကျင်က ပစ်ခတ်ခံခဲ့ရခြင်းကြောင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁ ဦးနှင့် ကယ်ဆယ်ရေး လုပ်သား ယာဉ်မောင်း ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ယာဉ်တန်းတွင် လိုက်လာသူ ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။

ဧရာဝတီ သတင်းထောက်က “ကားလမ်းရဲ့ ဘယ်ဖက်အခြမ်းတောင်ပေါ်ကနေ လှမ်းပစ်တာ။ ဒီကားအရောင်ကလည်း စစ်ကားနဲ့ မမှားနိုင်တဲ့ အပြာရောင်။ ထင်သာမြင်သာအောင်လည်း ကြက်ခြေနီအလံတင်ထားတဲ့ကြားက အပစ်ခံရတာပါ။ ပစ်ခတ်ခံရတဲ့ အချိန်ကတော့ ၅ မိနစ်လောက်ပဲ ကြာပါတယ်” ဟု ပြောသည်။

ယင်း ပစ်ခတ်တိုက်ခတ်မှုကြောင့် နေရီကုမ္ပဏီမှ ယာဉ်မောင်း ကိုဇော်မင်းထိုက်မှာ ကားမှန်ကွဲစများ မျက်စိ ထိမှန်သွားခြင်းဖြစ်ပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်လည်းဖြစ်၊ ကွမ်းလုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်လည်းဖြစ်သူ ကိုမိုးကျော်မှာ ဝမ်းဗိုက်သို့ ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူနှစ်ဦးကို ကွမ်းလုံပြည်သူ့ဆေးရုံ၌ တင်ပို့ကုသထားသည်။

လောက်ကိုင်မြို့မှ ဒုက္ခသည် ၁၀၀ ကျော်တင်ဆောင်လာသည့် ကယ်ဆယ်ရေးယာဉ် ၇ စီးမှာ ကြက်ခြေနီအလံများ တင်ပြီး လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ ထွက်ခွာလာချိန်တွင် အထက်ပါအတိုင်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ထိုကဲ့သို့ ချုံခို တိုက်ခိုက်ခြင်း မပြုမီ ချင်းရွှေဟော်ဘက်မှ တပ်မတော်ယာဉ်တန်းများ လောက်ကိုင်ဘက်သို့ ဦးတည် မောင်းနှင်သွားပြီး နာရီဝက်ခန့်အကြာတွင် ချင်းရွှေဟော်မြို့နှင့် ၃ မိုင်အကွာ ခွေးတမော့တောင်၌ ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်ကြား ပစ်ခတ်ရာမှာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

မြန်မာ့ တပ်မတော်မှ အရာရှိကြီးတဦးက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “နိုင်ငံတကာမှာလည်း ကြက်ခြေနီနဲ့ လခြမ်းနီဆိုတဲ့ အမှတ်တံဆိပ်တွေ တင်ထားရင် မပစ်ကြဘူး။ နိုင်ငံတကာစစ်ပွဲ ဥပဒေအရ နှစ်ဖက်အဖွဲ့အစည်းတွေက ဒါကိုလိုက်နာရတယ်” ဟု ပြောကြားသည်။

“လူ ၇၀၀၀၊ ၈၀၀၀ လောက်ကို ကယ်ထုတ်ပြီး မှ လူ ၂ ယောက်ပဲ ထိခိုက်ခဲ့တာဆိုတော့ အကျိုးအမြတ်နဲ့ တွက်ကြည့်ရင် အများကြီးဖြေသာပါတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်လုပ်ကိုင်နေသူတဦးက ပြောကြားသည်။

ဧရာဝတီ

ကယ်ဆယ်ရေး ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသွားသူတဦး (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


No comments:

Post a Comment