Thursday, January 15, 2015
ပြည်စက်မှုဇုန်ရှိ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ သားပိုင် မြေကွက်များ စည်းကမ်းနှင့်မညီဟု ဆို
ပြည်စက်မှုဇုန်ရှိ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ သားပိုင် မြေကွက်များ စည်းကမ်းနှင့်မညီဟု ဆို
ပဲခူးတိုင်း ပြည်မြို့စက်မှုဇုန် (၂) တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏သား ဦးသန်းဇော်ရွှေ အမည်ပေါက် မြေကွက်များမှာ စက်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိ၍ စက်မှုဇုန်စည်းကမ်းနှင့် မညီညွတ်ကြောင်းစက်မှုဇုန် တာဝန်ရှိသူများက ဆိုသည်။
စက်မှုဇုန်ဥက္ကဋ္ဌ ဦးတင်ဌေးက “ဒီမြေကွက်တွေကို မော်တော်ကားစက်ရုံ တည်ဆောက်ဖို့ လျှောက်ခဲ့တာ၊ အခုအချိန်အထိ စိုက်ပျိုးရေးခြံအဖြစ် အသုံးပြုနေတာ၊ စက်မှုဇုန်စည်းကမ်းချက်များနဲ့ ကိုက်ညီမှုမရှိဘူး” ဟု ဧရာဝတီကို ပြောသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏သား ဦးသန်းဇော်ရွှေမှာ မော်တော်ကား ထုတ်လုပ်မှုစက်ရုံ တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် ပေ ၁၀၀ ပတ်လည်ရှိ မြေ ၁၄ကွက်ကို အမည်ပေါက် ရရှိထားခြင်းဖြစ်သည်။
ထိုအပြင် အဆိုပါ မြေကွက်များအတွက် သတ်မှတ်ထားသည့် တန်ဖိုးငွေကိုလည်း ယခုအချိန်တိုင် ပေးသွင်းထားခြင်း မရှိသေးကြောင်း စက်မှုဇုန်ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဌေးက ဆက်ပြောသည်။
“အဲဒီအကွက်တွေကို စစ်အစိုးရလက်ထက် တက်လာတဲ့ ခယက တွေ သွားကို မကြည့်ရဲတဲ့အကွက်၊ VIP ကွက်၊ VIP ကွက်ဆိုပြီး ထိလည်း မထိရဲကြဘူး။ သူ့အမည်ပေါက်နဲ့ရှိထားတာတော့ဟုတ်ပြီ၊ ကျနော်သိထားတာ ငွေမသွင်းရသေးဘူးလို့ သိထားတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ စက်မှုဇုန် (၂) ကို ၂၀၀၃ ခုနှစ်က စတင် အကောင်အထည်ဖေါ်ခဲ့ရာ ပေ ၁၀၀ ပတ်လည် မြေတကွက်လျှင် ကျပ်သိန်း ၅၀ အဖြစ် သတ်မှတ်ခဲ့ပြီး ၀ယ်ယူသူ နည်းပါးသဖြင့် ကျပ်သိန်း ၄၀ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်မှ စတင်၍ တကွက်လျှင် ကျပ် ၇၅ သိန်းအဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း၊ လျှောက်ထားသူများသည် ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးသို့ ငွေပေးသွင်းရကြောင်း သိရသည်။
ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက “ပဲခူးတိုင်း တယက က ဇုန်ကြီးကြပ်ရေး ကော်မတီကို လွှဲကတည်းက ဦးသန်းဇော်ရွှေရဲ့ ၁၄ ကွက် အပါဝအဝင် နောက်ထပ် ၆ ကွက်ကိုပါ သူတို့က တိုက်ရိုက်ချပေးခဲ့တာဖြစ်လို့ ကျနော်တို့ဆီကို လွှဲကတည်းက ငွေသွင်းမသွင်းဆိုတာ မသိရပါဘူး” ဟု ဧရာဝတီသို့ ဖြေကြားသည်။
ယခုအခါ အဆိုပါ ဦးသန်းဇော်ရွှေ၏ မြေကွက်များတွင် သရက်ပင်များ စိုက်ပျိုးထားပြီး တပ်မတော်အငြိမ်းစား တဦးဖြစ်သည့် ဦးစိုးမြင့်က စောင့်ရှောက်ပေးနေသည်။
“ဒီခြံက ဦးသန်းဇော်ရွှေရဲ့ ခြံပါ။ ဂရန်လည်း သူ့ဂရန်၊ မီတာလည်း သူ့နာမည်နဲ့။ ဦးသန်းရွှေရဲ့ PSO က ၂၅ သိန်းကို အပုံလိုက်ချပေးပြီး သရက်ပင်တွေ စိုက်ခိုင်းလို့ ကျနော်က စိုက်နေတာ။ စက်မှုဇုန်အတွက် ငွေသွင်းထားတာ မထားတာ ကျနော် မသိဘူး။ ကျနော့်ကို ငွေမပေးရသေးဘူးဆိုပြီး ဖယ်ခိုင်းလည်း ကျနော်က ဖယ်ပေးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော့်ကို ခိုင်းတဲ့လူက ဖယ်ပေးလိုက်ပါဆိုမှ ကျနော်ဖယ်ပေးမယ်။ တကယ်လို့ ငွေမသွင်းရသေးဘူး၊ မင်းဟာမင်း ငွေသွင်းပြီး ယူလိုက်ဆိုလည်း ကျနော်ကယူရမှာ” ဟု ဦးစိုးမြင့်က ဆက်ပြောသည်။
စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ် ပြည် တိုးချဲ့စက်မှုဇုန် (၂) ကို ပေ ၁၀၀ ပတ်လည် အကွက်ပေါင်း ၃၂၄ ကွက် ဖော်ထုတ်ခဲ့ရာ ယခုအခါ မြေကွက် ၅၀ ခန့်သာ စက်မှုလုပ်ငန်း လုပ်ကိုင်နေသည်ကို တွေ့ရသည်။
စက်မှုဇုန်များကို အကောင်အထည် ဖော်စဉ်က လျှောက်ထားသူ လုပ်ငန်းရှင်များ အနေဖြင့် စက်မှုလုပ်ငန်း လုပ်ဆောင်ပါမည်ဟု ကတိပေး ပြောဆို လျှောက်ထားရခြင်းဖြစ်ပြီး ၂ နှစ်အတွင်း စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်း မရှိပါက ပေးသွင်းထားသည့် ငွေပမာဏအတိုင်း လျော်ကြေး ပြန်လည်ပေးအပ်ပြီး သိမ်းယူနိုင်ကြောင်း စည်းကမ်းချက်များ ပါရှိသည်။
(ကောင်းမြတ်မင်း / ဧရာဝတီ)
No comments:
Post a Comment