By သီဟလွင်- ပြည်(မြစ်မခ)
ပြည်ခရိုင်ကျောင်းသားများမှ ဦးဆောင်ကာ ပြည်မြို့တွင် ဒီဇင်ဘာ(၈)ရက်နေ့က အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒထုတ်ဖော်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ပြည်ခရိုင်ရှိတက္ကသိုလ်ကျောင်းသားများ၊ ပြည်မြို့ အခြေခံပညာ အထက်တန်း ကျောင်းသားများနှင့် အတူ တ.က.သကျောင်းသားများ၊ ဗ.က.သများအဖွဲ့ချုပ်ကျောင်းသားများ၊ ကျောင်းသား မိဘများနှင့် အရပ်ဖက်လူ့အဖွဲ့စည်းများပါဝင်ခဲ့ရာ စုစုပေါင်းအင်အား (၁၅၀)ခန့်ဖြင့် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သပိတ်မှောက်ကျောင်းသားများသည် ပြည်မြို့၊ ပြည်ကွန်ပျူတာတက္ကသိုလ်ရှေ့မှစတင်ကာ ပြည်မြို့ အ.ထ.က(၄) အထက်တန်းကျောင်းရှေ့၊ ပြည်တက္ကသိုလ်ရှေ့ ၊ အ.ထ.က(၁)ကျောင်းရှေ့နှင့် ပြည်မြို့လည်ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့အထိ ချီတက်ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့သည်။
“ဒီဥပဒေရေးဆွဲတုန်းကလည်းကျွန်တော်တို့ကျောင်းသားတွေ၊ ဆရာတွေမသိခဲ့ရဘူး။ မူကြမ်း ထွက်လာ တော့လည်းကန့်ကွက်နေတဲ့ကြားက ဇွတ်တင်းအတည်ပြုခဲ့ကြတယ်။ အဲဒီလိုမျိုးတွေ လုပ်နေ သရွေ့ကတော့ ဒီမိုကရေစီဆန်တဲ့ပညာရေး ဥပဒေဟာဘယ်တော့မှထွက်ပေါ်လာမှာမဟုတ်ဘူး။”ဟု သပိတ်မှောက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သောပြည်နည်းပညာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ကိုရန်နိုင်ကျော်ကပြောသည်။
သပိတ်မှောက်ဆန္ဒဖော်ထုတ်သူများသည်ကျောင်းသားသမဂ္ဂလွတ်လပ်စွာဖွဲ့စည်းရေး၊ ဒီမိုကရေစီ ပညာရေး ရရှိရေး၊ ကျောင်းသား၊ ပြည်သူများအား အခြေခံသော အမျိုးသား ပညာရေး ဥပဒေပေါ်ပေါက်ရေး စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သူများမှာ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်ခြင်းမဟုတ်သဖြင့် ပြည်မြို့နယ် ရဲတပ်ဖွဲ့နှင့် အတူ ပြည်မြို့ အုပ်ချုပ်ရေးအာဏာပိုင်များက စတင်ချီတက်လာစဉ်တားမြစ်ရန် ကြိုးစားသော်လည်း ဆန္ဒဖော်ထုတ်သူများက လက်မခံဘဲ ဆက်လက်ဆန္ဒုထုတ်ဖော်ခဲ့ကြသည်။
“အစိုးရကိုရာဇသံပေးထားတဲ့ရက်ပေါင်း(၆၀)အတွင်းမှာသူ့တို့ဘက်က အခုချိန်ထိ တစ်စုံတစ်ရာ ညှိနှိုင်း ဆောင်ရွက်တာမျိုးတွေ မရှိသေးတာရယ်၊ ပြီးတော့ ရန်ကုန်က မဟုတ်ဘဲ နယ်တိုင်းက ကျောင်းသားတွေက ဒီပညာရေးဥပဒေမူကြမ်းကို လက်မခံဘူးဆိုတာပြသတဲ့အနေနဲ့ပြုလုပ်တာပါ။” ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ အဖွဲ့ဝင် ကိုအောင်နေပိုင်က ပြောသည်။
နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ နိုင်ငံလုံးဆိုင်ရာကျောင်းသားထုအရေးပေါ်အစည်းအဝေး ပြုလုပ်ပြီး နောက်ပိုင်း ရန်ကုန်မြို့တွင် ကျောင်းသားများမှ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို (၄)ရက်တာ သပိတ်မှောက်ဆန့်ကျင်မှုများပြုလုပ်ပြီး အစိုးရအနေဖြင့် ရက်(၆၀)အတွင်း သပိမှောက်ကျောင်းသားများဖြင့် လာရောက်စေ့စပ်ညှိနှိုင်းရန် တောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက်များကိုထုတ်ပြန်ခဲ့သည်။
ထိုသို့ထုတ်ပြန်ခဲ့ပြီးနောက် မြင်းခြံမုံရွာ မန္တလေးတောင်ငူနှင့် ပြည်မြို့များတွင် အမျိုးသား ပညာရေး ဥပဒေမူကြမ်းအားကန့်ကွက်သပိတ်မှောက်မှုများ၊ သက်ဆိုင်ရာနယ်အသီးသီးမှ ဗ.က.သ ကျောင်းသားများမှ ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။
မြစ်မခ သတင်းမီဒီယာမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment