ဇော်မင်းထိုက်
ပြည် - ပြည်မြို့ပေါ် ၁၀ ရပ်ကွက်တွင် ယာဉ်မတော်တဆမှုလျှော့ပါးစေရန် ပြည်ခရိုင် ယာဉ်စည်းကမ်းကြီးကြပ်ရေးကော်မတီက စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်ရာ ငါးရက်အတွင်း ယာဉ်စီးရေ ၃၃၈ စီးကို အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။
ဒီဇင်ဘာ ပထမပတ်အတွင်း ပညာပေးကာလအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ရုံးဖွင့်ရက်အတွင်း စည်းကမ်းမဲ့ ရပ်နားယာဉ်၊ ခွင့်မပြုသောလမ်းများဝင်ရောက်သည့်ယာဉ်၊ တန်ပိုတင်သောယာဉ်စသည့် ခရီးသည်တင်များအပါအဝင် မော်တော်ကား ၁၀ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီးနှင့် မော်တော်ဆိုင်ကယ် ၃၂၆ စီးကို အရေးယူခဲ့သည်။
'' ဆိုင်ကယ်တွေကတော့ အဓိက ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ နံပါတ်ပြားမတပ်တာတို့ဖြစ်တယ်။ တိုက်ပြီးထွက်ပြေးတာတွေရှိတယ်။ နံပါတ်ပြားစစ်တဲ့အခါ ကညနက မရသေးရင် နံပြတ်ပြား ပုံစံတူတပ်ဖို့အပြင် အဲ့ဒီ့ထာဌာနကအတည်ပြုထားတဲ့ စလစ်စာရွက်စာတမ်း ပါဖို့လိုတယ် '' ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ပြောသည်။
ပြည်ခရိုင်ယာဉ်စည်းကမ်း ကြီးကြပ်ရေးကော်မတီက ယာဉ်မတော်တဆမှုများ လျော့ကျရေးအတွက် မြို့ပေါ် ၁၀ ရပ်ကွက်တွင် လမ်းမတော်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ ကမ်းနားလမ်းဆုံ စသည့်နေရာများတွင် ဖမ်းဆီးအရေးယူမှုများဆောင်ရွက်နေပြီး အရေးယူခံရသူများသည် တရားရုံးဒဏ်ကြေး ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်စသည့်အပြင် တိုင်းဒေသကြီး စီမံဒဏ်ကြေး ၅၀၀၀ ကျပ်ပါထပ်ဆောင်းပေးဆောင်ရသည်။
ပြည်သတင်းသို့ ဆက်သွယ်လိုပါက 09430 47862 သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
No comments:
Post a Comment