Saturday, October 4, 2014

လူမှုကွန်ရက်တွင် နာမည်ကျော်နေသော အလယ်တန်းကျောင်းအုပ်ကို လူမှုထူးချွန်ဆရာဆု ပေးမည်ဟု သတင်းထွက်



ရန်ကုန်၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၅ ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲတွင် ပေးအပ်မည့် လူမှုထူးချွန်ဆရာဆုကို စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ အုန်နှဲဘုတ်ကျေးရွာ၌ တာဝန်ထမ်းဆောင်နေသော အလယ်တန်းကျောင်းအုပ် ဦးသန်းလှိုင်ကို ပေးအပ်ရန် ရွေးချယ်ထားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ပညာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

၎င်းသည် ချောင်းဦးမြို့နယ်၊ ဆူးလေကုန်း ကျေးရွာတွင် ရှစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းကျေးရွာ၏ လူမှုရေး ပရဟိတ လုပ်ငန်းများကို ပါဝင်ကူညီခဲ့ခြင်းကြောင့် လည်းကောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့က ဦးသန်းလှိုင်ကို ဝမ်းနည်းစွာ နှုတ်ဆက်နေသည့် မြင်ကွင်းဓာတ်ပုံများကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြည့်ရှုသူများပြီး ပညာရေး ဝန်ကြီးဌာနကလည်း သိရှိသွားသောကြောင့် လည်းကောင်း အဆိုပါဆုကို ပေးအပ်ရန် ရွေးချယ်ခြင်း ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် ကမ္ဘာ့ဆရာများနေ့တွင် ဂုဏ်ထူးဆောင် ဆရာဆု ၂ ခုနှင့် ထူးချွန်ဆရာဆု ၂ ခု ချီးမြှင့်လေ့ ရှိကြောင်း၊ ဂုဏ်ထူးဆောင် ဆရာဆုတွင် ပင်စင်စား သက်ကြီးဆရာကြီးများကို ချီးမြှင့်ပြီး ထူးချွန်ဆရာဆုတွင် ရပ်ကျိုးရွာကျိုးနှင့် ပညာရေးအကျိုး ကူညီဆောင်ရွက်သော ဆရာ၊ ဆရာမများကို ရွေးချယ်ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ယင်းနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ဦးသန်းလှိုင်ကို လူမှုထူးချွန်ဆရာဆု ရွေးချယ်ထားသည်ဆိုသည့် သတင်း မှန် မမှန်အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိပေ။

ယခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အဆင့် အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ MICC ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment