ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများဖြစ်သော
သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် ပျူမြို့ဟောင်းများ၏ မြေယာရှုခင်း
(Landscape) ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ
အကူအညီ ပေးမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ်လကုန်ပိုင်းက နေပြည်တော်၌ ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ
ဦးစီးဌာနမှ ကိုယ်စားလှယ် အဖွဲ့နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါ်စန္ဒာခင်တို့ တွေ့ဆုံစဉ် ပျူမြို့ဟောင်းများ မြေယာရှုခင်း ပြင်ဆင်ရေး၊
စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများ
အကူအညီပေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်သည် ပျူမြို့ဟောင်း
သုံးမြို့ဆီသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု နည်းပါး နေသေးသဖြင့်
မြေယာရှုခင်း ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် သင့်လျော်ကြောင်းနှင့်
ထိုင်း ဗိသုကာပညာရှင်များက ဒီဇိုင်း ရေးဆွဲရန် ပျူမြို့ဟောင်းများသို့
လာရောက် လေ့လာမည် ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အနေဖြင့် ကမ္ဘာ့
အမွေအနှစ်အဖြစ် သတ်မှတ် ခံထားရသည့် အယုဒ္ဓယမြို့ဟောင်းကို ထိန်းသိမ်းသည့်
နေရာတွင် ကောင်းမွန် လာသဖြင့် ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့်
ပူးပေါင်း ဆောင်ရွက်၍ (Landscape) ဒီဇိုင်း ဆွဲပေးရန် အတွက် အကူအညီ
တောင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့်
ပျူမြို့ဟောင်းများကို ဇွန်လ ၂၂ ရက်တွင် ယူနက်စကိုက ကမ္ဘာ့ အမွေအနှစ်
စာရင်းဝင်အဖြစ် အသိအမှတ် ပြုခဲ့ခြင်းဖြစ်ပြီး ပျူမြို့ဟောင်းများနှင့်
ပတ်သက်၍ စီမံခန့်ခွဲမှု အစီ အစဉ်များ၊ အဆိုပါ ဧရိယာသို့ သွားသော လမ်းများ၊
ရှေးဟောင်း ဇုန်များအတွင်း ဆက်သွယ်ထားသည့် လမ်းများ၊ လာရောက် လည်ပတ်မည့်
ကမ္ဘာလှည့် ခရီးသွားများ လုံခြုံရေးနှင့် ကမ္ဘာလှည့် ခရီးသွားများ သွားလာရေး
လွယ်ကူစေရန် ဆောင်ရွက်ပေးမှု၊ သန့်စင်ခန်းများ၊ နားနေဆောင်များမှ အစ
စိုက်ပျိုးမြေနှင့် လူနေအိမ်များ ထပ်မံ တိုးချဲ့ခြင်း မရှိစေရန် ရှေးဟောင်း
ဇုန်များအတွင်း တိရစ္ဆာန်များ ထိန်းကျောင်းမှု မရှိစေရန်၊ ဒေသခံများအား
အသိပညာပေးမှုများ လုပ်ဆောင်ရန်၊ ရှေးဟောင်း ပစ္စည်းများ ခိုးယူ ရောင်းချမှု
မဖြစ်စေရန် အပါအဝင် ပျူမြို့ဟောင်း ထိန်းသိမ်းရန် အတွက် ဘတ်ဂျက်နှင့်
ဝန်ထမ်းအင်အားများ တိုးချဲ့ ခန့်ထားရန် လိုအပ်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပျူမြို့ဟောင်းများမှ တစ်မြို့ဖြစ်သည့် ဟန်လင်းသို့
သွားရာလမ်းများသည် ဆိုးရွားနေသည့်အတွက် ယခုအခါ ပြင်ဆင်နေပြီး ရှေးဟောင်း
ဇုန်များ အတွင်းရှိ လမ်းများကိုလည်း မြေသားလမ်းများ ဖောက်လုပ်ပေးခြင်း၊
ဖောက်လုပ်ပြီး မြေသားလမ်းများ ကိုလည်း မြေနီခင်းခြင်းများ
လုပ်ဆောင်နေကြောင်း သိရသည်။ ထို့အပြင် ယဉ်ကျေးမှု ပြတိုက်များကို အဆင့်
မြှင့်တင်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များနှင့် သတင်း စုံစမ်းရေးဌာနများ
ထားရှိခြင်းတို့ကို လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရှေးဟောင်းသုတေသန ပြတိုက်နှင့် ရှေးဟောင်းပစ္စည်းများ အတွက် လုံခြုံရေးများ တိုးချဲ့ချထား လျက်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ လုံခြုံရေး အတွက်လည်း လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။ ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေကို ယူနက်စကို အနေဖြင့် နှစ်စဉ် စောင့်ကြည့် စစ်ဆေးလျက်ရှိပြီး နှစ်နှစ်တစ်ကြိမ် အစီရင်ခံစာများ တင်သွင်းနေရသည့် အတွက် စီမံခန့်ခွဲမှု အစီအစဉ် (Management Plan) ကို ကောင်းစွာ ရေးဆွဲရမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။
ကြေးမုံသတင်းစာ
ယခုအခါ ရှေးဟောင်းသုတေသန ပြတိုက်နှင့် ရှေးဟောင်းပစ္စည်းများ အတွက် လုံခြုံရေးများ တိုးချဲ့ချထား လျက်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ လုံခြုံရေး အတွက်လည်း လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။ ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေကို ယူနက်စကို အနေဖြင့် နှစ်စဉ် စောင့်ကြည့် စစ်ဆေးလျက်ရှိပြီး နှစ်နှစ်တစ်ကြိမ် အစီရင်ခံစာများ တင်သွင်းနေရသည့် အတွက် စီမံခန့်ခွဲမှု အစီအစဉ် (Management Plan) ကို ကောင်းစွာ ရေးဆွဲရမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။
ကြေးမုံသတင်းစာ
No comments:
Post a Comment