Thursday, September 18, 2014

ရန်ကုန်-ပြည်ကားလမ်းပေါ်မှ ယာဉ်တိုက်မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံး

သီဟလွင် (မြစ်မခ)

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် အင်းမတိုက်နယ်ရှိ ပြည်-ရန်ကုန် ကားလမ်းပေါ်တွင် စက်တင်ဘာလ (၁၇)ရက်နေ့ မနက်ပိုင်းက ဟိုင်းလတ်ကားနှင့်စလွန်းကား မျက်နှာချင်းဆိုင်ဝင်တိုက်ရာ ၁၆ ဦးဒဏ်ရာရပြီး စက်ဘီးစီးလာ သည့် ဆယ်တန်းကျောင်းသူတစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ (၁၆)ဦးအနက် (၄)ဦးကို ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသောဒဏ်ရာသူများကို အင်းမတိုက်နယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း အင်းမရဲစခန်းမှူး ဦးဝင်းနိုင်က ပြောသည်။

“ဒဏ်ရာရတဲ့သူတွေက စိုးရိမ်စရာတော့မရှိတော့ပါဘူး။ တစ်ချို့လည်း ဆေးရုံက ပြန်ဆင်းကုန်ကျပါပြီ။ အားလုံး အခြေအနေကောင်းပါတယ်။ ရဲလုပ်ငန်းတွေအရ ယာဉ်တိုက်မှုအတွက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ် နေပါတယ်” ဟု ၄င်းကပြောသည်။

ဖြစ်စဉ်မှာ အင်းမတိုက်နယ်အတွင်းရှိ ပြည်-ရန်ကုန်ကားလမ်းမိုင်တိုင်အမှတ် ၁၅၄/၆ နှင့် ၁၅၄/၇ ကြားတွင် ပြည်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ဟိုင်းလတ်ကားနှင့် အိမ်စီးကားတစ်စီးဖြင့် ၀င်ရောက်တိုက်မိခဲ့ပြီး ဆယ်တန်းကျောင်းသူနှစ်ဦးစီးလာသည့် စက်ဘီးကို ထပ်မံတိုက်မိရာမှ ကျောင်းသူတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းများဖြစ်ကြသော ဦးမိုးအောင်နှင့် ဦးဝင်းမော်တို့ကို အင်းမရဲစခန်းတွင် (ပ)၃၃/၂၀၁၄  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)/၃၃၈ ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 သီဟလွင် (မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment