ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတွေ စာရင်းမှာ ကျန်နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာကနေ ချေးယူထားတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ ကိုးဘီလီယံအထိ ရှိတယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံတွေကနေ ချေးယူထားတဲ့ ကြွေးမြီတွေဟာ ၁၉၈၈ ခုနှစ် မတိုင်မီ အထိ အမေရိကန်ဒေါ်လာ ငါးဘီလီယံနဲ့ ၁၉၈၈ ကနေ ၂၀၁၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သုံးဘီလီယံ ရှိနေပြီး ခုအစိုးရလက်ထက်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရှိနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆိုပါတယ်။
ပြည်ပနိုင်ငံတွေဟာ နိုင်ငံအချင်းချင်း ချေးငွေပေးတဲ့အခါ အကြွေးနဲ့ ချေးယူမယ့် နိုင်ငံရဲ့ ဂျီဒီပီ အချိုးကို ကြည့်ကာ ချေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံဟာ အကြွေးခံနိုင်ရည်ရှိတဲ့ နိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြပါတယ်။ “အရေးကြီးတာက အဲဒီအကြွေးကို ထိထိရောက်ရောက် သုံးဖို့ပဲ လိုပါတယ်” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပို့ဆောင်ရေးဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ကိုရီးယားသမ္မတ နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ဆီကနေ အမေရိကန် ဒေါ်လာ ၄၅ သန်းနဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အီတလီနိုင်ငံ အစိုးရ Italy Development Cooperation ဆီကနေ ယူရိုသန်း ၂၀ အသီးသီးချေးယူ ထားတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ ဆီကနေ သိရပါတယ်။

The Voice
No comments:
Post a Comment