Tuesday, August 19, 2014

ဝါးလည်ရွာမှသည်ကမ္ဘာသို့ပျံသန်းခဲ့သည့် စာပေ၊လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးချိုးဖြူငှက်သို့ တမ်းချင်းခရီး.............................ဝေလင်း(ပြည်)

ဝါးလည်ရွာမှသည်ကမ္ဘာသို့ပျံသန်းခဲ့သည့် စာပေ၊လွတ်လပ်ရေးနှင့်
ငြိမ်းချမ်းရေးချိုးဖြူငှက်သို့ တမ်းချင်းခရီး
==================================================
ဝေလင်း(ပြည်)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်အနိစရောက်ရောက်ချင်း ဆရာလူထုဦးလှက
သတင်းစာ ခေါင်းကြီးပိုင်းတွင် “ဖိုးလမင်းကြီးကြွေလေပြီ”
ဟူသောခေါင်းစဉ်ဖြင့် ရေးသားခဲ့ကာ ဈာပနအခမ်းနား တွင်လည်း
ဆရာကြီး၏အတ္တုပတ္တိအကျဉ်း စာတမ်းငယ်တစ်ခုရေးသားဖတ်ကြားရာ- “စာပေ၊
လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဖခင်ကြီးဆရာကြီးသခင်ကိုယ်တော်မှိုင်း”
ဟုခေါင်းစဉ်တပ်ခဲ့ပြီး ယင်းခေါင်းစဉ်ထက်လျော့၍ မတပ်လိုသလို
ထိုခေါင်းစဉ်သည်ပင်ပြည့်စုံလှသေးသည် မဟုတ်ပါလို့ဆိုခဲ့ပြန်သည်။
အတ္တုပတ္တိအကျဉ်းနှင့် လုပ်ဆောင်ချက်များကို ရေးသားဖတ်ကြားရာ၌လည်း
တစ်နာရီကျော်ခန့်ကြာမြင့်သော်လည်း နိဒါန်းသာဖြစ်သည်ဟု
ထပ်လောင်းပြောဆိုခဲ့ပြန်သည်။ ယခုအချိန်ကဆရာကြီး ကွယ်လွန်ခြင်းနှစ်ငါးဆယ်
ပြည့်ခဲ့ပေပြီ။ ဆရာကြီး၏ အနှစ်သာရသဘောတရားများက
ထာဝရရှင်သန်လျှက်ပင်ရှိသည်။

ဆရာကြီးကွယ်လွန်ခြင်း နှစ်ငါးဆယ်ပြည့် ကဗျာရွှတ်ဆိုပွဲကို ဆရာကြီး၏
မွေးရပ်ဇာတိဖြစ်သည့် ရွှေတောင်မြို့နယ် ၀ါးလည်ကျေးရွာတွင်ပြီးခဲ့သည့်
ဇူလိုင်လ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည်။ ဆရာကြီး၏ ဇာတိမြေ
တွင်ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် ဂုဏ်ပြုအောက်မေ့တသသည့်
ပွဲလေးလည်းဖြစ်သလို ဆရာကြီးကွယ်လွန်အနိစ္စရောက်ခဲ့သည့်
နေ့ရက်လည်းဖြစ်နေပြန်သည်။ တပြိုင်နက်တည်း ဆိုသလို ပန်းချီအနုပညာရှင်များ၏
ငြိမ်းချမ်းရေးပန်းချီလက်ရာများကို ပြည်မြို့ တီကျစ်ဆုံလမ်း
ဗေဒါရီပန်းချီ ခန်းမတွင်ပြုလုပ်ခဲ့သည်ဟု သိခဲ့ရပြန်သည်။
အစီစဉ်အားလုံးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး
ကွန်ရက်(ပြည်ခရိုင်) က ဦးဆောင်ကျင်းပပေးခဲ့သည်။

“ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က ဆရာကြီးမသေခင်မှာ
ငြိမ်းချမ်းရေးအစစ်မှန်ကိုမြင်သွားချင်တယ်လို့ပြော သွားခဲ့ ဘူးတယ်။
အဲဒီအတိုင်းလည်းအကောင်ထည်ဖော်ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် သေသွားတဲ့အထိ
ငြိမ်းချမ်းရေး ကို မြင်မသွားခဲ့ရဘူး။
ဒါကြောင့်မို့ဆရာကြီးရဲ့သူမနာကိုမနာငြိမ်းရေးမူအတိုင်း ပြည်တွင်း
ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းမယ်။
ဒီပွဲလေးကနေလည်းဆရာကြီးကိုပြန်ပြောင်းအောက်မေ့စေလို့တဲ့အတွက်ရယ်
ပြည်သူတစ်ရပ်လုံး က
ငြိမ်းချမ်းရေးရရှိရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ကြဖို့
အသိပေးနှိုးဆော်ခြင်းလည်းဖြစ်ပါတယ်။” ဟု
ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်) မှ
ဦးဇော်ဝင်းကပြောသည်။

ဇူလိုင်၏မိုးစက်များက 7 july မှစတင်ပြီး မဆဲဘဲတဖွဲဖွဲရွာသွန်းနေသည်မှာ
၁၉ ရက် အာဇာနည်နေ့၊ ၂၃ ရက်ဆရာကြီးကွယ်လွန်ခြင်း
နှစ်ငါးဆယ်ပြည့်သို့ပင်တိုင်အောင်ရွာသွန်းခဲ့ပြီး ဇူလိုင်လ
တစ်လလုံးလိုလို ဆိုသလိုပင်ဝမ်းနည်းခြင်းကို သက်သေပြနေသယောင်ထင်ရသည်။
ပြည်မြို့၊ တီကျစ်ဆုံလမ်း ဗေဒါရီပန်းချီပြခန်းထဲတွင်တော့
ဆရာကြီး၏ပုံတူပန်းချီကားများ နှင့် ငြိမ်းချမ်းရေးကိုဖော်ကျူးထားသည့်
ပန်းချီကားများကတော့ယင်း ၂၃ ရက်နေ့တွင်ပင် နံရံထက်၌၀ံ့ကြွားစွာ
နေရာယူချိတ်ဆွဲထားပြီး ဖြစ်သည်။ ထိုပန်းချီကားများကိုပင်
ရန်ကုန်လောကနတ်ပန်းချီပြခန်းတွင်ကျင်းပပြုလုပ်မည့် ပြပွဲ၌ ဇူလိုင်လ ၂၇
ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့ထိ ချိတ်ဆွဲပြသသွားအုံးမည်ဖြစ်သည်။

“ ကျွန်တော်တို့ပြည်မြို့က ပန်းချီဆရာ ၉ ဦးရဲ့ပန်းချီလက်ရာတွေဖြစ်တဲ့
ပန်းချီကား ၃၃ ကား ရှိတယ်။
ဆရာကြီးရဲ့စိတ်ဓါတ်တွေကိုသိရှိအောင်ကြိုးစားပြီး
ဆရာကြီးငြိမ်းချမ်းရေးလမ်းကြောင်းကိုဦးတည်ခံစား ပြီးရေးဆွဲခဲ့ပါတယ်။
ဒီပန်းချီကားတွေကို ရန်ကုန်ပြပွဲကိုသယ်သွားပြီး ရောင်းရတဲ့ကားတွေထဲက
သတ်မှတ် ထားတဲ့ရာခိုင်နှုန်းအတိုင်း
ဆရာကြီးဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို
ပေးအပ်လှူဒါန်းသွားမှာပါ။ အခုလို
နှစ်ပေါင်းလေးဆယ်ကျော်မပြုလုပ်ပဲထားခဲ့တဲ့
အမှတ်တရဂုဏ်ပြုပွဲလေးကိုလုပ်ဖြစ်တာ ၀မ်းသာဂုဏ်ယူ တယ်။
နောက်နှစ်တွေမှာလည်းလုပ်ဖြစ်အောင်ကြိုးစားသွားမယ်။”
ပြည်မြို့နယ်ပန်းချီအစည်းအရုံးဥက္ကဌ ဦးအောင်မြင့်ဆိုင် ကပြောဆိုသည်။

ထိုနေ့က ပန်းချီပြခန်းဖွင့်ပွဲလေးအပြီး မှိုင်းကွန်ရက်မှ ဆရာများ၊
ကဗျာဆရာများ၊ ပန်းချီဆရာများနှင့် နိုင်ငံရေးအင်အားစုများ
အရပ်ဘက်အဖွဲ့စည်းမှ မိတ်ဆွေများ၊ ဗ.က.သ ကျောင်းသားများဖြင့် ပဲခူးတိုင်း
အနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ၀ါးလည်ရွာလေးသို့
ငြိမ်းချမ်းရေးခရီး ထွက်ခဲ့ကြသည်။ အားလုံးကငြိမ်းချမ်းရေးကို
လိုလားကြသည့် ပန်းတိုင်ခြင်းတူကြသည့်အတွက် အကြီးအငယ်မရှိတသားထဲ
ဖြစ်ခဲ့ကြသည်သလို စမြင်ဖူး ကြသည်ဆိုသော်လည်း မိတ်ဆွေများလိုဖြစ်ခဲ့ကြသည်။
နိုင်ငံရေးဖြစ်စဉ်များတွင် ဆရာကြီးဒဂုန်တာရာက ရန်သူမရှိ၊ မိတ်ဆွေသာရှိဟု
ဆိုခဲ့သလို၊ ဆရာကြီး၏ ငြိမ်းချမ်းရေးမူကလည်း သူမနာ ကိုယ်မနာ
မူဖြစ်သည်မဟုတ်လား။ ရန်သူတွေလိုမဆက်ဆံကြပဲ အားလုံးမိတ်ဆွေတွေလို
နေထိုင်ပြောဆို ဆက်ဆံနိုင်ခဲ့ကြလျှင်
အကောင်းဆုံးဖြစ်နိုင်ကြမည်မဟုတ်လား။

ဝါးလည်ရွာလေးမှာ ပြည်မြို့နှင့် ၁၂ မိုင်ခန့်သာကွာဝေးပြီး ရန်ကုန်- ပြည်
ကားလမ်းမကြီးဘေးတွင်ရှိသည့် လယ်ယာလုပ်ငန်းကိုသာ
အများစုလုပ်ကိုင်စားသောက်နေထိုင်ကြသည့်ရွာလေးဖြစ်သည်။ ဒီရွာလေးမှ
အဘဦးစံထွန်း၊ အမိဒေါ်အုန်တို့က မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်
တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေး နေ့(၁၈၇၅)တွင်
ဆရာကြီးကိုမွေးဖွားပေးလိုက်သည်ပဲ။ ဤသို့ပင် မကွေးတိုင်း၊
နတ်မောက်မြို့လေးမှ ဗိုလ်ချုပ် အောင်ဆန်းလို
ပုဂ္ဂိုလ်မျိုးကိုမွေးဖွားပေးခဲ့သည်။ ဧရာဝတီတိုင်း ပန်းတနော်မြို့လေးမှ
ဦးသန့်လိုပုဂ္ဂိုလ်မျိုးကို မွေးဖွားပေး လိုက်သည်။ ထိုသို့မြန်မာသိ၊
ကမ္ဘာသိပုဂ္ဂိုလ်မျိုးတွေကို မထင်မရှားမွေးဖွားပေးခဲ့သော်လည်း
ကျေးဇူးမသိတတ်သူများက မေ့လျော့ထားခဲ့ကြသည်။
သမိုင်းကိုဖျောက်ဖျက်လိုကြသည်။ ပန်းတနော်မြို့လေးရှိ
ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အတွက် ဆရာတော်တစ်ပါးမှ
ဦးဆောင်ပြီးကိုယ်ထူကိုယ်ထ ကြိုးစားပုံဖော်နေ ရဆဲ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ဇာတိရွာလေးက မှုန်မှိုင်းဆဲ။ မည့်သည့်အခါမှ
နိုင်ငံတော်အဆင့် ဂုဏ်ပြု ထိန်းသိမ်းစောင့်ရှောက်ထားရာနေရာများအဖြစ်
ရောက်ရှိလာလေမည်မသိ။ မျိုးဆက်သစ်တို့ကသိစိတ်
အမှောင်တိုက်သွင်းခံနေရရှာသည်။

ရွာလေးကိုရောက်သည့်နှင့် ဆရာကြီး၏ငြိမ်းချမ်းရေးတရားများကို
ဆောင်းဘောက်ကြီးဖြင့် အသံကုန်ဖွင့်ထား သည်။
လျှပ်စစ်မီးမရသဖြင့်အင်ဂျင်မီးစက်ကြီးကိုလည်းနိုးဖွင့်ရသည်။
ဆရာကြီး၏အိမ်ကတော့မရှိတော့ ခြံဟု ယူဆရသည့် နေရာ၏ဘေး
ပဲခူးမျှော်-ပုဂံမျှော်-ရခိုင်မျှော်ဆုတောင်းပြည့်ဘုရား ဓမ္မာရုံလေးထဲတွင်
ကဗျာရွတ် ပွဲလေးကို ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။
အဝေးပြေးကားလမ်းမကြီး၏ဘေး တွင်ရှိသောကြောင့် တစ်ခါ တစ်ခါ
ကားများဖြတ်သန်းသွားသံမှာလည်း ဆူညံနေလေသည်။ ဘေးကပ်လျှက်တွင်တော့
ဆရာကြီးသခင် ကိုယ်တော်မှိုင်း မွေးဖွားရာဇာတိဝါးလည်ရွာ
ဆိုသည့်ဆိုင်းဘုတ်မှာ မွဲခြောက်လျှက်အချို့စကားလုံးများမှာ
ဆေးသားများကွာကျနေပါပြီ။ ပွဲကျင်းပမည်ဆို၍ ချုံနွယ်ပိတ်ပေါင်းများကို
ရှင်းလင်းထားပုံရသည်။ လတ်လတ် ဆတ်ဆတ်ခုတ်ဖြတ်ခံထားရသည့်
မြတ်ပင်အပိုင်းအစများကို မြင်တွေ့ခဲ့ရသည်။

အခမ်းအနားစတင်သည်ဆိုသည့်နှင့် အသီးသီးနှုတ်ခွန်းဆက်အမှာစကားများနှင့်
ဆရာကြီး၏ ဂုဏ်ကျေးဇူး များကိုအောက်မေ့တသလွမ်းဆွတ်ခြင်းတို့ကို
ပြောဆိုကြပြီး ကဗျာဆရာအသီးသီးနှင့် ဗ.က.သ ကျောင်းသား များက
ဆရာကြီးနှင့်ငြိမ်းချမ်းရေးကိုပုံဖော်ထားသည့် ကဗျာ ၁၃ ပုဒ်ကို
ရွတ်ဖတ်ကြသည်။ တစ်ယောက်က မြန်မာနိုင်ငံ၏လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို
အမွေးအနံ့မရှိသောစက္ကူပန်းနှင့်ခိုင်းနှိုင်း၊ တစ်ဦးကငြိမ်းချမ်းရေးကို
မငြိမ်းချမ်းသေးကြောင်းပြောဆို
နောက်တစ်ယောက်ကဆရာကြီးငြိမ်းချမ်းရေးမူများ ထာဝရရှင်သန်ဝေဆာ ရန်ဆုတောင်း
တစ်ဦးကဆရာကြီးကိုယ်စားငြိမ်းချမ်းရေးကိုတောင်းဆို။ တစ်ယောက်က
ငိုကြွှေးနေရသော ကလေးငယ်များကိုယ်စား အပစ်ရပ်ရန်တောင်းပန်
ဤသို့ဖြင့်ဆရာကြီး၏ငြိမ်းချမ်းရေး ခရီးရှည်ကြီးကို ပျံသန်းခဲ့ကြသည်။
တမ်းတခဲ့ကြသည်။ သံဓိဌာန်ချခဲ့ကြသည်။

“ ဆရာကြီးမွေးရပ်မြေမှာလုပ်ရတဲ့အတွက် ဆရာကြီးကိုလည်းအလွမ်းပြေတယ်။
သူတို့ဒေသမှာဆရာကြီးကို မေ့လျော့ထားတဲ့ ဒေသခံတွေကိုပုတ်နှိုးလိုက်သလို
ဖြစ်တဲ့အတွက် ဒီဒေသလေးကနေပြီး ငြိမ်းချမ်းရေးရဲ့ ဗိသုကာဆရာကြီး၊
ဖခင်ကြီးကိုမွေးခဲ့ပါလားဆိုတဲ့အသိကို ဒီဒေသကလူတွေအမြဲတမ်းအမှတ် ရနေစေချင်
ပါတယ်။ ဒီနေ့ငြိမ်းချမ်းရေးပွဲမှာကျွန်တော်အနေနဲ့ ဆုတောင်းချင်တာကတော့
လူသားတွေကသတ်ဖြတ်နေတာ ညှင်းပမ်းနှိပ်စပ်နေတာ
လူ့အခွင့်ရေးချိုးဖောက်နေတာတွေကို
အပြီးတိုင်ရပ်တန့်ပြီးငြိမ်းချမ်းတဲ့ကမ္ဘာကြီး
ဆီအရောက်လှမ်းနိုင်ဖို့ဆုတောင်းလိုက်ပါတယ်။” ဟုကဗျာရာ
ကိုမင်းယွန်း(ခေတ္တရာ) ကငြိမ်းချမ်းရေးစကား ဆိုခဲ့သည်။
အခမ်းအနားလေးပြီးဆုံးချိန်မှာတော့
ဒေသခံများပါစိတ်ပါဝင်စားစွာလာရောက်နားထောင် နေကြသည်ကို တွေ့ခဲ့ရသည်။
အချို့က၀မ်းနည်းမျက်ရည်ဝဲနေကြသည်။ တစ်ချို့ကဂုဏ်ယူနေကြသည်။
ဇူလိုင်လ၏မိုးစက်များ
ခဏတိတ်သွားချိန်တွင်ကျွန်တော်တို့ပြန်ရန်ပြင်ခဲ့သည်။
လမ်းတဘက်ကရာသီတောင်ယာသီနှံများကို ရောင်းနေသည့်တောင်သူတစ်ဦးက
ကျေးဇူးစကားကိုပြောဆိုလိုက်သည်။ ၀ါးလည်ရွာလေးမှပြန်လာ ခဲ့သောအခါ
ရင်ထဲစို့နင့်စွာခံစားမှုများက အမျှင်မပြတ်နိုင်။

၁၀ နှစ်သားရွယ်ဆရာကြီးသည် မန္တလေးမြတောင် ကျောင်းတိုက်ထဲမှ
ပါတော်မူသွားသည့် အရှင်နှစ်ပါးကို ငေးကြည့်ရင်း
နိုင်ငံရေးအသိစူးနစ်ခဲ့သည်။ ငွေကြေးကိုပဓာနမထား သတင်းစာအတတ်ပညာဖြင့်
ပြည်သူ လူထုကို နိုင်ငံရေးအသိပညာနိုးပေးနိုင်သည့် စာများကိုရေးခဲ့သည်။
ခေတ်ပညာတတ်လူငယ်များ မျိုးချစ်စိတ်၊ သခင်စိတ်ဖြစ်ပေါ်လာအောင်ဆောင်ရွက်
ပေးနိုင်ခဲ့သည်။ တိုင်းပြည်အကျိုးအတွက်သပိတ်မှောက်ကျောင်းသား
ကိုကူညီလိုစိတ်ဖြင့် အမျိုးသားကောလိပ်တွင် ကျောင်းဆရာဘ၀ကိုခံယူခဲ့သည်။
လူမျိုးရေးဘာသာရေး အဓိကရုဏ်းများကို အစောဆုံးတားမြစ်ရှုတ်ချခဲ့သည်။
သခင်လူငယ်များဖြင့် နိုင်ငံအနှံနိုင်ငံရေးတရားများ မမောမပန်းဟောခဲ့သည်။
အရေးတော်ပုံများတွင်လည်းညီညွတ်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ နယ်ချဲ့
တော်လှန်ရေးကာလတွင် အိုကြီးအိုမဖြင့် ဒုက္ခများကြားရှောင်တိမ်းခဲ့ရသည်။
လွတ်လပ်ရေးရပြီးသော အခါတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးရရန်ု
အားသွန်ခွန်စိုက်စိုက်လိုက်မတ်တတ် ဦးဆောင်ကြိုးစားခဲ့သည်။
ဤမျှဖြင့်အားမရသေး ကမ္ဘာငြိမ်းချမ်းရေး အတွက်ပင် နိုင်ငံခြားခရီးစဉ်များ
ဆွေးနွေးပွဲများကွန်ဖရင့်များ ကိုတက်ရောက်ခဲ့သည်။
ဘ၀တသက်တာလုံးတိုင်းပြည်နှင့်လူမျိုးအကျိုး
ကိုမြှပ်နှံလုပ်ဆောင်ခဲ့သော်လည်း အမေ့လျော့ခံဖြစ် နေရရှာသည်။
မွေးဖွားရက်သေဆုံးရက်များကိုပင် တရားဝင်အစိုးရရုံးပိတ်ရက်များ ဖြင့်
ဂုဏ်ပြုခြင်းမခံရ။ အထိမ်းမှတ်ရုပ်တုသော်မှထူစိုက်ခြင်းမရှိ။
ဇာတိရွာလေးကိုမှထိန်းသိမ်းစောင့်ရှောက် မှတ်တမ်းပြုခြင်မရှိ ရှေ့ဆက်၍လည်း
မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးကား မရေရာမသေချာသေးပေ။

မည်သို့ပင်ဖြစ်စေငြိမ်းချမ်းရေးဆိုသည်က လူတစ်စုတစ်ဖွဲမှလုပ်ရစကောင်းသည့်
အရာမဟုတ်။ လူသားတိုင်း၊
နိုင်ငံတိုင်းကကိုယ်ပိုင်အသိစိတ်ဓါတ်ဖြင့်လုပ်ဆောင်ရမည်သာဖြစ်သည်။
ထိုအတူငြိမ်းချမ်းရေးချိုးဖြူငှက်များ သည်လည်းမမောမပန်းပျံသန်း
နေကြရအုံးမည်သာဖြစ်သည်။

ဝေလင်း(ပြည်)
Daily Eleven သတင်းစာမှကူးယူဖော်ပြပါသည်။




No comments:

Post a Comment