ဦးသန့်ကို ဘယ်သူသတ်သလဲ
*******************************
မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်သည် အသက် ၆၅ နှစ်အရွယ် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယော က်မြို့၊ ကိုလံဘီယာဆေးရုံကြီး၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ဦးသန့်ကွယ်လွန်သောအခါ ကမ္ဘာကျော်အေပီသတင်းစာကြီးက Cancer Kills U Thant ဟူ၍ခေါင်းစဉ်တပ်ပြီး ရေးသားဖော်ပြခဲ့သည်။ ” ဦးသန့်သည် နယူးယောက်မြို့၊ ကိုလံဘီယာ Pres-byterian Medical Center တွင် ကွယ်လွန်ခဲ့သည်။ သူသည် ပါးစောင်ကင်ဆာကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။ ယင်းကင်ဆာပိုးများသည် လည်ေ ချာင်းသို့ပျံ့နှံ့ခဲ့ပြီး နောက်ပိုင်းအဆုတ်အအေးမိခြင်း (Pneumonia) ရောဂါကိုပါခံစားခဲ့ရသည်။ ဦးသန့်သည်အစာကို မျိုချ၍မရသောကြောင့် လပေါင်းအတော် အကြာ ပိုက်ဖြင့် အစာသွင်းပေးခဲ့ရသည်” ဟုလည်း အေပီသတင်းစာကြီးက ဖော်ပြခဲ့သည်။
ဆေးပြင်းလိပ်ကြိုက်သူ
ဦးသန့်ကို ၁၉ဝ၉ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီတိုင်း၊ မအူပင်ခရိုင် ပန်းတနော်မြို့တွင် ဖွားမြင်ခဲ့သည်။ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီး ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် အငြိမ်းစားယူခဲ့သည်။ ဘဝကို အရိုးရှင်းဆုံး နေထိုင်ကျင့်ကြံခဲ့သော ဦးသန့် သည် ဆေးပြင်း လိပ်ကို နှစ်ခြိုက်ခဲ့သည်ဟု သိရသည်။
” ဦးသန့်လို ဘဝကိုအရိုးရှင်းဆုံးနေခဲ့တဲ့ လူတစ်ယောက်မှာ အစွဲအလမ်းဆိုလို့ သိပ်များများမရှိဘူး။ ဆေးပြင်းလိပ်သောက်တာဟာ သူ့ရဲ့ရှားရှားပါပါး အစွဲအလမ်းတစ်ခုပါ။ ဦးသန့် ဆေးပြင်းလိပ်စွဲတဲ့အကြောင်းကြောင့် ကုလသမဂ္ဂ ယန္တရား အလုပ်လုပ်ပုံရဲ့ ထူးဆန်းချက်တွေကို သိခဲ့ရသည်။ ဦးသန့်လက်ထက်မှာ ကော် မတီတွေကနေ အထွေထွေညီလာခံကို အလုပ်စီးဆင်းရမယ့်အစား ညီလာခံကကော်မတီတွေကို ပြောင်းပြန်စီးသလိုမျိုးဖြစ်ခဲ့တာတွေလည်းရှိတယ်။ နောက်ပိုင်းမှာ ပြောကြတာက ဦးသန့် ဟာ အထွေထွေညီလာခံခန်းမထဲမှာ ဆေးလိပ်သောက်လို့မရတဲ့အတွက် တချို့အလုပ်တွေကို သူဆေးလိပ်သောက်လို့ရ တဲ့ ကော်မတီရုံးခန်းတွေ ထဲကို ပြန်ယူလုပ် တဲ့အ တွက် အခုလိုဖြစ်ရတာလို့ဆိုတယ်” ဟု အငြိမ်းစားသံအမတ်ကြီး ဝဏ္ဏကျော်ထင်ဦးသက်ထွန်းက ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သော ဦးသန့်မွေးနေ့ ရာပြည့် အခမ်းအနား၌ပြောကြားခဲ့သော အမှတ်တရမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
သံအမတ်ကြီးဟောင်း ဦးအောင်သန့်၏ ” မြန်မာ့မီးရှူးတန်ဆောင်၊ ကမ္ဘာ့သံတမန်ခေါင်းဆောင်” ဆောင်းပါးတွင်လည်း ဦးသန့်၏ ဆေးပြင်းလိပ်ကြိုက်သည့် စရိုက် ကို တွေ့ ရသည်။ သံအမတ်ကြီးဦးသန့်၏လက်အောက်သို့ စာရေးသူ (ဦးအောင်သန့်)ပြောင်းရွှေ့အမှုထမ်းစက အသက် ၃ဝ မပြည့်သေး။ သံအမတ်ကြီးက ၅ဝ ပြည့်ခါနီး။ သံ အ မတ်ကြီးက အလွန်ကျန်းမာသည်။ ဂရုလည်းစိုက်သည်။ သွားကိုက်သည်ဟု ရံဖန်ရံခါ ကြားဖူးသည်မှအပ ဘာရောဂါမှရှိသည်ဟု မကြားဖူးပေ။
ထိုအချိန်တွင်သူ၏ကိုယ်အလေးချိန်သည် အတိုးအလျော့မရှိ တည်ငြိမ်နေသည်မှာ ၁ဝနှစ်လောက် ရှိပြီဟု ပြောလေ့ရှိ၏။ ဆေးပြင်းလိပ်တော့ တော်တော်သောက်၏။ သူ့အ ခန်းမှာ ညှိနှိုင်းအစည်းအဝေးရှိသည့်အခါ၌ အစည်းအဝေးပြီးလျှင် ကျွန်တော်နှင့် သြစတြေးလျအမျိုးသမီးစာရေးမတို့သည် တံခါးဖွင့်၍ စားပွဲခင်းတစ်ခုစီဖြင့် မီးခိုးများ ခါ ထုတ်ရသည်မှာ အမော။
ကင်ဆာဖြစ်ပြီ
၁၉၇၃ ခုနှစ် အောက်တိုဘာလတွင် ဦးသန့်၏ ညာဘက်ပါးစောင်သွားဖုံးရင်း၌ အနာလေးတစ်လုံးပေါက်၍ သွားဆရာဝန်နှင့်ကုသခဲ့သည်။ ယင်းအနာလေးကို ဓာတ်ခွဲ စမ်း သပ်ကြည့်သောအခါတွင် ကင်ဆာကလပ်စည်းများကိုတွေ့ခဲ့ရပြီး လှီးဖြတ်ထုတ်ပယ်ခဲ့ရသည်။ ၁၉၇၄ ခုနှစ် မတ်လတွင် ဦးသန့်သည် ဆေးရုံသို့ ထပ်တက်ရသည်။ ပါးမှ ကင်ဆာရောဂါသည် လည်ချောင်းဆီသို့ ကူးစက်ခဲ့ပြီးလည်ပင်း၊ပခုံနှင့် လက်မောင်းရင်းရှိ အရိုးအနီးမှ ကင်ဆာ ကလပ်စည်း ပေါင်း ၃ဝဝ ခန့်ကို ခွဲ စိတ်ထုတ်ပယ်ခဲ့ရသည်။
ဦးသန့်ကိုကုသပေးသူမှာ အမေရိကန်ကင်ဆာရောဂါကု ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဂျွန်ကွန်လီ (Dr. John J. Conley) ဖြစ်သည်။ ထို့ပြင် ဦးသန့်ကိုကုသသည့်
ဆေးမှာလည်း ယင်းခေတ်ကာလက နောက်ဆုံးပေါ် ကင်ဆာဆေးတစ်မျိုးဖြစ်သော ကီမိုသာရာပီ (Chemot- herapy) ဖြစ်သည်။ သို့သော် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဆေးရုံစတင်တက်ခဲ့သော ဦးသန့်သည် နိုဝင်ဘာ ၂၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ ခန့်တွင် ကွယ်လွန်အနိစ္စရောက် ရှိခဲ့သည်။
ဦးသန့်ဒဿန
” လူတစ်ယောက်သည် ကိစ္စ အားလုံးတွင်ကြားနေ (Neutral) နေရန် မဖြစ်နိုင်သည်မှာမှန်သည်။ သို့သော် ဆုံးဖြတ်ချက်ချရာ၌ သမာသမတ်ကျခြင်း (Impartial) ကားဖြ စ်နိုင်သည်” ဟု ခံယူပြောဆိုခဲ့သော တတိယမြောက်အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်သည် ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၄၉)၊ သီရိပျံချီဘွဲ့ (၁၉၅၃)၊ စည်သူဘွဲ့ (၁၉၅၇)၊ မဟာသရေစည်သူဘွဲ့(၁၉၆ဝ) စသည့် ဘွဲ့များစွာကို ရရှိခဲ့သူဖြစ်သည်။
အလင်းဆက် (IR)
No comments:
Post a Comment