Saturday, July 5, 2014

စိုက်ပျိုးရေးကျွန်းမြေများပျိုကျခြင်း ကျောက်စုပ်လုပ်ငန်းကြောင့် ဟုတ်/မဟုတ် ကွင်းဆင်းစစ်ဆေးမည် ပြည့်သဲမောင်(ပြည်)




စိုက်ပျိုးရေးကျွန်းမြေများပျိုကျခြင်း ကျောက်စုပ်လုပ်ငန်းကြောင့်
ဟုတ်/မဟုတ် ကွင်းဆင်းစစ်ဆေးမည်

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် သရက်သုံးပင်ကျေးရွာမှ
တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသည့် ကျွန်းမြေများပျိုနေမှုကို
ကျောက်စုပ်လုပ်ငန်းကြောင့် ဟုတ်မဟုတ် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း
ရွှေတောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်မောင်မြင့်
ကပြောသည်။

" ကျွန်တော်တို့လဲပါမယ်။ အုပ်ချုပ်ရေး လဲပါမယ်။
လိုင်စင်နဲ့ပတ်သတ်တဲ့ဌါနတွေလဲပါမယ်။ ကွင်းဆင်းဖို့ရှိတယ်။
ဘယ်ရက်ရယ်လို့မသတ်မှတ်ရသေးဘူး" ဟု ရွှေတောင်မြို့နယ်
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်မောင်မြင့် ကပြောသည်။

သရက်တစ်ပင်ကျေးရွာသားများ လုပ်ကိုင်စားသောက်သည့် ကျေးရွာအနောက်ဘက်ရှိ
ကွင်းအမှတ်၄၅၀ ကျွန်းကြီးသည် ကျောက်စုပ်လုပ်ငန်းများကြောင့် တစ်ပတ်အတွင်း
မြေဧက(၂၀)ခန့်ပျိုကျခဲ့ပြီး စိုက်ပျိုးသီးနှံများပါ ဆုံးရှုံးခဲ့ကြောင်း
ဒေသခံကျေးရွာသားများက ပြောသည်။

ကျောက်စုပ်လုပ်ငန်းလုပ်ကိုင်၇န် အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနတွင်
မြေနေရာ လျှောက်ထားလာပါက မြေစာရင်းဌါနကမြေပုံရေးဆွဲပေးကာ
ရေအရင်းအမြစ်ဦးစီးဌါနမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးရသည့်အတွက်
ရေအရင်အမြစ်ဦးစီးဌါနတွင်တာဝန်ရှိကြောင်း ၄င်းကပြောသည်။

" တကယ်တမ်းပြောရရင် ရေမြေဖြိုးမှာ တာဝန်ရှိတယ်။ သူကကန့်ကွက်တယ်ဆိုမရဘူး။
လိုင်စင်ပေးတဲ့အခါမှာ ကျေးရွာအုပ်စုရဲ့သဘောထားရယူပြီး ဆွေးနွေးထားရမယ်။
လိုင်စင် ဘာလို့ချပေးတယ်ဆိုတာရေမြေဖြိုးကပြည်သူတွေကိုမြင်သာအောင်ရှင်းပြရမယ်။

အဆိုပါနေရာတွင် နိုင်ငံတော်မှတရားဝင်ခွင့်ပြုချက်ရရှိထားသော
ကျောက်စုပ်လုပ်ငန်းရှင်များက ကျောက်စုပ်မော်တော်(၃၄)စီး (CB) ကျောက်တင်
သဘောင်္ကြီးနှစ်စင်း ဖြင့် ဇွန်လ၂၂ရက်မှ စ၍ လာရောက်လုပ်ကိုင်ခဲ့ကြောင်း
ရွာမိရွာဖတစ်ဦးဖြစ်သူဦးလှကြိုင်ကပြောသည်။

" ကျောက်မရှိတော့ဒီကျွန်းက အခံမကောင်းဘူး။ ကျွန်းထိပ်တည့်တည့်မှာ
မော်တော်တွေနဲ့လာစုပ်နေတာ။ ကျွန်းပျိုတော့စိုက်ထားတဲ့
သီးနှံတွေလည်းကုန်ရော။ အဲဒါကိုဆက်စုပ်နေရင် ကျွန်းကြီးတစ်ခုလုံးပျိုမယ်။
ရွာလည်းထိခိုက်လာနိုင်မယ်" ဟု၎င်းကဆိုသည်။

ကျောက်စုပ်လုပ်ငန်းအား ရပ်ဆိုင်းပေးရန်အတွက် ဇွန်လ၂၃ရက်တွင် ကျောက်စုပ်
လုပ်ငန်းရှင်များ နှင့်ညှိနှိုင်းခဲ့ပြီး ဇွန်လ၂၅ရက်တွင်
သရက်သုံးပင်ကျေးရွာမှ အိမ်ထောင်စုအားလုံး ၏ လက်မှတ်ဖြင့်
ရွှေတောင်မြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး နှင့်
လွှတ်တော်ကိုယ်စားလှယ်များ ထံတင်ပြခဲ့ကြောင်း လည်းရွာမိရွာဖ
ဦးဝင်းကြည်ကပြောသည်။

ဇူလိုင်လ၁ရက်နေ့တွင် ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် လွှတ်တော်
ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုသော်လည်း ကျောက်စုပ်လုပ်ငန်းမှာ
ရပ်ဆိုင်းသွားခြင်းမရှိသဖြင့်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အားတင်ပြကာ လိုအပ်ပါက
ဆန္ဒဖော်ထုတ်သွားမည်ဟုလည်း ကျေးရွာသားများကပြောသည်။

သတင်း ပြည့်သဲမောင်(ပြည်)

ဓါတ်ပုံ ရေခဲ( ပြည်)

No comments:

Post a Comment