Wednesday, July 23, 2014

လယ်တီသိမ်တော်မဖျက်ရန် တစ်ကိုယ်တော် ဆန္ဒပြသူ ဒဏ်ငွေဖြင့် လွတ်မြောက်


Written by  ရေခဲ(ပြည်)



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ လယ်တီသိမ်တော်ကြီး မဖျက်ရန် မတ်လအတွင်း ပြည်ရွှေဆံတော်စေတီတွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးကျော်ဆွေဆိုသူကို ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ထောင်တစ်လ(သို့မဟုတ်) ငွေဒဏ်ကျပ် သုံးသောင်းပေးဆောင်ရန် ပြည်မြို့နယ် တရားရုံးက ဇူလိုင် ၂၂ရက် တွင် အမိန့်ချမှတ်လိုက်သည်။

တရားရုံး၏ အမိန့်အရ ငွေဒဏ်ရွေးချယ်ခဲ့သော်လည်း ပေးဆောင်ရန်အဆင်သင့်မဖြစ်ခဲ့၍ အချုပ်ခန်းအတွင်း တစ်နာရီကျော်ကြာနေခဲ့ရသေးသည်ဟု ဦးကျော်ဆွေက ပြောသည်။

“အရင်ဆန္ဒပြခဲ့တုန်းကတောင် ဒဏ်ငွေတစ်သောင်းအပြင် မပိုဘူး။ အခု ပုဒ်မ(၁၈)ကို ထောင်ဒဏ်တွေ လျှော့ပေးနေပြီဆိုပေမဲ့ ဒဏ်ငွေတွေ တိုးချနေတယ်။ ကျွန်တော်က တစ်သောင်းပဲ ထင်ထားတာ”ဟု အချုပ်ခန်းထဲ ရောက်ရှိနေသူ ကိုကျော်ဆွေက မဇ္ဈိမကို ပြောသည်။

ကိုကျော်ဆွေသည် မတ်၂ရက်၊ မွန်း လွဲ ၁ နာရီအချိန်တွင် ပြည်မြို့၊ရွှေဆံတော်ဘုရား မြောက်စောင်းတန်းလမ်း ခြင်္သေ့ကြီး နှစ်ကောင်ရှေ့၌ လယ်တီသိမ်တော်ကြီး ဓာတ်ပုံပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ သိမ်တော်ကြီးအား မဖျက်ရန် မိနစ်၂၀ကြာ ဆန္ဒပြတောင်းဆိုသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ပြည်မြို့ မြို့မစခန်းမှူး ဒု-ရဲမှူးမျိုးမြင့်က တရားလိုလုပ်တိုင်တန်း၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုခြင်းဖြစ်သည်။

ယင်းအမှုကို ပြည်မြို့နယ်တရားရုံးတွင် ရာကြီးမှုအမှတ်၂၇၈၅/၂၀၁၄ ဖြင့် မြို့နယ်တရားသူကြီး ဒေါ်စန္ဒာက လက်ခံစစ်ဆေးပြီးနောက် ၁၀ ကြိမ်မြောက် ရုံးချိန်းတွင် ယင်းသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment