Wednesday, May 7, 2014

ပြည်မြို့တွင် ကော်ရူ အိပ်ပျော်နေသည့် လူငယ်နှစ်ဦး ရထားကြိတ်ခံရ

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မတ်လ ၇ ရက်က ကော်ဗူး ရှူရှိုက်ကာ ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသော လူငယ်နှစ်ဦးကို ရထားစက်ခေါင်း ကြိတ်မိခဲ့သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ပြည် မီးရထား ရဲစခန်းမှူး ရဲအုပ်အောင်ဝင်း ကပြောသည်။

“ကလေးတွေက ကော်ရူပြီး အိပ်ပျော်နေတဲ့ အချိန် ရထားလာတယ် မလာဘူးဆိုတာ မသိလိုက် နိုင်ဘူး။ တစ်ဦးက ခါးလယ်ကို ဖြတ်ကြိတ်ခံလိုက်ရတယ်။ နောက်တစ်ဦးက ပေါင် နဲ့ ခြေသလုံးကို ကြိတ်ခံရတယ်။ အကြိတ်ခံရတဲ့ တစ်ယောက်က ကော်ဗူးကို လက်ထဲမှာ စုတ်ကိုထားတာ”ဟု မီးရထား စခန်းမှူး ရဲအုပ် အောင်ဝင်း ကဆိုသည်။

ဖြစ်ပွားပုံမှာ ထိုနေ့ည(၁၁)နာရီအချိန်က ပြည်ဘူဒါတွင် ပြည် မှ ရန်ကုန်သို့ ထွက်ခွာမည့် အမြန်ရထား၏ တွဲဆိုင်းများအား တွဲရွှေ့မှုများပြုလုပ်ခဲ့သည်။ စက်ခေါင်းအမှတ် DF -1221 သည် မိုင်တိုင်အမှတ် (၁၆၁) ဂိတ်တံခါး တစ်နှင့်နှစ်အ ကြား သံလမ်းအမှတ် (၂) ပတ္တမြားခြံဘေး အရောက် ကော်ရှူ အိပ်ပျော်နေသူ နှစ်ဦးကို ကြိတ်မိခြင်းဖြစ်သည်။

ရထားစက်ခေါင်း အကြိတ်ခံရမှုကြောင့် ပြည်မြို့ ဖက်တန်းလမ်း ရွာဘဲရပ်ကွက်နေ အသက် (၁၆)နှစ်အရွယ် ကျော်မြင့်ဌေး ၀ဲဘက်ပေါင်ရင်းမှ ခြေသလုံးအထိ ကြေမွကျိုးပဲ့ဒဏ်ရာများ၊ နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ပြည်မြို့ ခေတ္တရာမြို့သစ်နေ အသက်(၁၇)နှစ်အရွယ် စိုးမင်းထွန်းမှာ ယာဘက်ခြေသလုံးပြတ်ဒဏ်ရာ ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ပြည်မြို ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသနေသည်။

လူငယ်နှစ်ဦးသည် စက်ဘီးဆိုင်ကယ် ဘီးဖာရာတွင် အသုံးပြုသည့် TV LR SPECIAL ADHESIVE စာတန်းတံဆိပ်ပါ အ၀ါရောင်ကော်ဗူးကို ရှူရှိုက်ကာ အိပ်မောကျနေသဖြင့် ရထားအကြိတ်ခံရကြောင်း မီးရထားဌါနက မှတ်ချက်ပြုထားသည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပြည်မြို့ မီးရထားရဲစခန်းတွင် သေမှုသေခင်းအမှတ်( ၁/၂၀၁၄) ဖွင့်လှစ်ကာ ၄င်းအမှုကို ရဲအုပ်အောင်ဝင်း မှ စစ်ဆေး ဆောင်ရွက်နေသည်။ လွန်ခဲ့သောသုံးလခန့်က ဂရုဏာလက်များ ကွန်ယက် လေလွင့်ကလေးများ ကူညီစောက်ရှောက်ရေးအဖွဲ့ လူငယ်များကော်ရှူခြင်းနှင့်ပတ်သတ်ပြီး ကော်ဗူးအေ၇ာင်းဆိုင်များကို (လူငယ်များအားကော်ဗူးမရောင်းရန်)ပညာပေးကွင်းဆင်းခြင်း လုပ်ငန်းများပြုလုပ်ခဲ့သည်။

“ကော်ရှူတာနဲ့ ပတ်သတ်ပြီး ဥပဒေပြဌါန်းထားတာလဲ မရှိဘူး။ ရဲကလည်း အသက်မပြည့်တဲ့ ကလေးတွေကို ဖမ်းလို့မရဘူး။ သုံးစွဲတဲ့လူကိုယ်တိုင်က ဖြတ်ချင်တာတောင် ဖြတ်ပေးမဲ့ ဆေးခန်းတွေမရှိဘူး။ နည်းပညာလည်းမရှိဘူး။ အကျိုးသက်ရောက်မှု ပြင်းထန်ပြီး လူကို သေလောက်တဲ့အထိ ဖြစ်လာပြီ။ ဒါ နမူနာ ပေးလိုက်တာဘဲ” ဟု ကရုဏာလက်များ ကွန်ယက်အား တည်ထောင်သူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေး ကပြောသည်။

ပြည့်သဲမောင်(ပြည်)

No comments:

Post a Comment