Thursday, May 29, 2014

ရှေးဟောင်းဝက်ထီးကန်ကြီးအတွင်း မြို့တော်ခန်းမတည်ဆောက်မည့် စီမံကိန်းကို ဒေသခံတို့ကန့်ကွက်


သီဟလွင်- ပြည် (မြစ်မခ)

ပဲခူးတိုင်းအနောက်ပိုင်းပြည်ခရိုင်၊ ၀က်ထီးကန်မြို့ ရှေးဟောင်းသမိုင်းဝင် ၀က်ထီးကန်ကြီး ဧရိယာအတွင်း ဒေသဖွံဖြိုးရေး ရန်ပုံငွေအစီအစဉ်ဖြင့် မြေဖို့အဆောက်အဦဆောက်လုပ်မည့် စီမံကိန်းကို လက်မခံနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၀က်ထီးကန်မြို့မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ကျပ်သိန်း ၅၀၀ ဖြင့် ဆည်မြောင်းဦးစီးဌာနအပါအ၀င် ကန်တူးဖော်ရေးကော်မတီတစ်ရပ် ဖွဲ့စည်း၍ စတင်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းများလုပ်ကိုင်ခဲ့ရာမှ မေလဆန်းမှ စတင်ကာမြေသားဖို့ လုပ်ငန်းများဆက်လက်ပြုလုပ်လာခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီကန်ကြီးက ရှေးတကောင်းခေတ်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်သလို ဒီကန်ကြီးရှိလို့မြို့ခံတွေက ဂုဏ်ယူဝံ့ကြွားကြတယ်။ ကန်ရဲ့ ထောင့်ရပ်ကွက်နဲ့ နီးမယ့် ကုန်းမြေတဆက်ထဲနေရာမှာမြေဖို့ပြီး မြို့တော်ခန်းမ ဆောက်မယ်လို့ကြားတယ်။ ကျေးရွာတွေဘက်မှာ ကြံ့ခိုင်ရေးပါတီကလိုက်ပြီးလက်မှတ်ထိုးခိုင်းတယ်။အဘကသဘောမတူဘူးဆိုပြီးမှတ်ချက်ရေးပေးလိုက်တယ်။” ဟု ၀က်ထီးကန်မြို့ခံရပ်မိရပ်ဖ ဦးလေးသန်းက ပြောသည်။

အဆိုပါ ကန်ကြီး ပြန်လည်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြေဖို့ထားသောနေရာတွင် မြို့တော်ခန်းမတည်ဆောက်ရန်အတွက်မြို့နယ်အုပ်ချုပ်ရေး ပိုင်းနှင့် ပူးပေါင်းကာဒေသခံများအား လက်မှတ်ထိုးသဘောထားကောက်ခံမှုများ ပြုလုပ်ခဲ့ရာ အများစုက လက်ခံကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်လင်းကပြောသည်။

“ကန်ပတ်လည်တာဘောင်ကို နှစ်ဆကျယ်သွားအောင်လမ်းတွေချဲ့ပေးပါတယ်။မြေဖို့တာကလည်း မြို့တော် ခန်းမဆောက်မလို့ပါ။ အားလုံးသဘောတူမှလုပ်မှာပါ။ခုကန့်ကွက်သံတွေကြားလို့လည်း ဘာမှဆောက်တော့ ပါဘူး ။ ကျွန်တော့်မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လုပ်ခဲ့တာ။ တူးဖော်ရေးမှာလည်း ဒေသခံတွေ ပါဝင်တဲ့ကော်မတီတစ်ရပ် ဖွဲ့ပြီးဆောင်ရွက်တာပါ။” ၄င်းကဆိုသည်။

ကန်ပြန်လည်တူးဖော်ရာတွင် ကန်တွင်းရေများအားတာဘောင်ချိုး၍ ဖောက်ထုတ်ခဲ့ရပြီး ယင်းတာဘောင်ချိုး ခဲ့သည့် နေရာမှာခိုင်ခန့်မှုအားနည်းနေ၍ မိုးရာသီရေတက်ချိန်တွင် တာဘောင်ချိုးပေါက်လာမည့် အရေးကို ကန်အောက်ပိုင်း နှောကန်အုပ်စုဒေသခံများက စိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်လှမြင့်ကပြောသည်။

အဆိုပါ ကန်ကြီးကိုအမှီပြု၍ ၀က်ထီးကန်မြို့အနီးတစ်ဝိုက်ရှိ ပနီပင်အုပ်စု၊မြို့မ၊ နှောကုန်း၊ လဘအုပ်စု၊ နှင့် အခြား ကျေးရွာများမှလယ်ယာမြေဧကသောင်းဂဏန်းခန့် စိုက်ပျိုးရေရရှိနေသည်ဟု ဒေသခံတို့ကဆိုသည်။

အဆိုပါ ရေကန်ကြီးတည်ရှိ နေခြင်းဖြင့် အနီးနားစမ်းတွင်း၊ လက်ယက်တွင်း၊ရေတွင်းများမှာ နွေ၊မိုး၊ဆောင်း သောက်သုံးရေမပြတ်ထွက်ရှိ နေကြောင်း၊ယခုအခါတွင် ကန်ကြီး၏ ကောလာမှုအခြေနေများကြောင့် ပြန်လည်းတူးဖော်ပြုပြင်ခြင်း လုပ်ငန်းများကိုလုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment