Monday, May 12, 2014

ကိုယ်နှင်.မဆိုင်တာကိုလုပ်သောခေတ် သရ၀ဏ်(ပြည်)



ကိုယ်နှင်.မဆိုင်တာကိုလုပ်သောခေတ်

သရ၀ဏ်(ပြည်)

ယခုခေတ်သည်ကား ကိုယ်နှင်.မဆိုင်တာကိုလုပ်သောခေတ်ဖြစ်သည် ။ စာပေဟောပြောပွဲတစ်ခုတွင် ဟောပြောမည်.ပုဂ္ဂိုလ်များကိုကြေငြာထားရာ၌ ဟောပြောမည်.ပုဂ္ဂိုလ်မှာ ဂီတာဖေ၀င်း ဖြစ်နေသည် ။ နောက်တစ်ပွဲ၌စာပေဟောပြောသူမှာ သရုပ်ဆောင်ဗေလုဝဖြစ်နေသည် ။ သူတို.သည် ဂီတနယ်ပါယ် ၊ ရုပ်ရှင်နယ်ပါယ်၌ သူ.လိုင်းနှင်.သူထူးချွန်ကျော်ကြားသူများဖြစ်သည် မှန်သော် လည်း စာရေးဆရာ ၊ စာပေပညာရှင်များမဟုတ်ကြ ။ တစ်ပုဒ်ကောင်း ၊ နှစ်ပုဒ်ကောင်းရေးသားခဲ.သောစာပေလက်ရာများလဲရှိချင်ရှိမည် ။သို.သော် စာပေသည် သူတို.၏အဓိကအလုပ်မဟုတ် ။ သူတို.နေရာသည် ဂီတနယ်ပါယ် ၊ရုပ်ရှင်နယ်ပါယ်ဖြစ်သည် ။

နိုင်ငံရေးသမာများကလည်း ယခုခေတ်တွင် စာပေဟောပြောပွဲများတွင်ဝင်ရောက်ဟောပြောကြသည် ။ သူတို.သည် လူထုထောက်ခံမှုရထားသော နိုင်ငံကျော်ပုဂ္ဂိုလ်တွေဖြစ်သဖြင်. ပြည်သူလူထုကိုစကားပြောတာသဘာဝကျပေသည် ။ သို.သော် ပါတီဖွင်.ပွဲ ၊ နိုင်ငံရေးတရားပွဲ၊ ရွေးကောက်ပွဲ မဲဆွယ်ပွဲတို.တွင်သာပြောသင်.ဟောသင်.လှသည် ။ စာပေဟောပြောပွဲအမည်တပ်ပြီး စာပေနယ်မှမဟုတ်သူများ ၀င်ဟောကြပြောကြခြင်းမှာ မယောင်ရာဆီလူးသလိုဖြစ်နေသည် ။ ဘုန်းကြီးနှင်.ဘီးလိုဖြစ်နေသည် ။ တစ်ချို.ကလည်းဆင်ခြေပေးကြသည် ။ သူတို.သည်နိုင်ငံရေးသမား ၊ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သော်လည်း စာအုပ်ရေးဖူးသည် ၊ စာအုပ်ထုတ်ဖူးသည် ။ထို.ကြောင်.သူသည် စာရေးဆရာ ဖြစ်သည်ဟုဆိုကြ၏ ။ မှန်သင်.သလောက်တော.မှန်သည် ။အပြည်.အ၀တော.မှန်သည်ဟုမဆိုသာ ။

နိုင်ငံတကာတွင်တော. Celebrity ဟုခေါ်သော လူသိများထင်ရှားသူများသည် သူတို.ဘ၀ဇာတ်ကြောင်းအတွင်းရေးများကိုစာအုပ်ထုတ်ရောင်းကြသည် ။ ထိုစာအုပ်များလက်မလည်အောင်ရောင်းရသည် ။ တကယ်.ရသအနုပညာစာအုပ်များထက်တောင် စောင်ရေများစွာ ရိုက်နှိပ်ရောင်းချရသည် ။ ဒေးဗစ်ဘက်ခမ်းလဲ စာအုပ်ထုတ်သည် ။ ဘီလ်ကလင်တန်လဲစာရေးသည် ။ ဆာအဲလက်ဖာဂူဆန်လဲ စာအုပ်ထုတ်သည် ။ သို.သော် မည်သူကမျှသူတို.ကိုစာရေးဆရာဟုမသတ်မှတ်ကြ ။ သူတို.ကလဲ သူတို.ကိုယ်သူတို.စာရေးဆရာပါဟု တစ်ခါမျှမကြွေးကြော်ခဲ.ကြ ။ ကိုယ်.နေရာနှင်.ကိုယ်နေသည် ။ ကိုယ်. Main profession ကိုလေးစားသည် ။
မြန်မာနိုင်ငံတွင်တော.ပြောင်းပြန်ဖြစ်သည် ။ လူအတော်များများသည် ကိုယ်နှင်.မဆိုင်သောအလုပ်များကိုအလွဲလွဲအမှားမှား ၀င်ရောက်လုပ်ကိုင်နေကြတာ အသားကျနေသဖြင်.ပုံမှန်လိုပင်ဖြစ်နေပေသည် ။

မဂ္ဂဇင်းတစ်စောင်၏ ၀ါရင်.အယ်ဒီတာဆရာကြီးသည် မိန်းမလျာများအလှမယ်ရွေးပွဲတွင် ဒိုင်လူကြီးဝင်လုပ်နေ၏ ။ မကြာမကြာကျင်းပလေ.ရှိသောကုမ္မဏီဧည်.ခံပွဲများ ၊ ကံစမ်းမဲ နှိုက်ပွဲများ တွင် အယ်ဒီတာများက မဲနှိုက်ပေးနေကြသည် ။စာရေးဆရာ ၊အယ်ဒီတာက ဖက်ရှင်ပြိုင်ပွဲ ဒိုင်လုပ်၍ ဟာသသရုပ်ဆောင်က စာပေဟောပြောကြသောခေတ်ကြီးပေတကား ။ စာရေးဆရာချစ်ဦးညိုကသူ၏ဟောပြောပွဲတစ်ခုတွင် ကျွန်တော် သီချင်းဆိုပြပါမယ် ၊ စာပေအကြောင်းကိုတော.စိုးမြတ်သူဇာကဟောပါလိမ်.မယ် ဟု ဟာသနှောဖူးသည် ။စာပေဆိုသည်မှာ နယ်နိမိတ်ကန်.သတ်ထား၍မရ လူတိုင်းခံစားချက်ရှိပါက စာရေးသားထုတ်ဝေနိုင်သည် ။သို.သော် စာပေလောကကို လမ်းဘေးအပေါ.သွားသော သန်.စင်ခန်းလို ခနလာပြီး ခနပြန်ထွက်သွားကြသူများကိုမူကား၊ စာရေးဆရာဟုသတ်မှတ်ဖို.ခက်ပေလိမ်.မည် ။ မည်သည်.အလုပ်မဆို စိုက်လိုက်မတ်တပ်လုပ်ဖို.တော.လိုပေလိမ်.မည် ။ ၀င်းဦး ၊ မောင်သင် စသော ရုပ်ရှင်ရော စာပေပါ ထူးချွန်သူများလဲရှိသည် ။အဓိကကတော. တကယ်ဝါသနာပါပြီး ရေရှည်လုပ်ကြဖို.ဖြစ်သည် ။

ကျွန်တော်တို.နိုင်ငံတွင် ကိုယ်.အလုပ်မဟုတ်ပါပဲ မဆီမဆိုင်သောအလုပ်ကိုလုပ်နေသူများလှသည် ။ နိုင်ငံတကာတွင် မီးသတ်ရဲဘော်များ၏တာဝန်မှာ မီးသတ်ခြင်း ၊ ရေကြီး ၊ ငလျင်လှုပ် စသောသဘာဝဘေးအန္တရာယ်ကျရောက်သောအခါ ပြည်သူလူထုကိုကူညီကယ်ဆယ်ခြင်း ၊ ကိုယ်.ကိုယ်ကိုယ်သေကြောင်းကြံသူများ ၊ အဆောက်အဦထဲတွင်ပိတ်မိနေသူများကိုကူညီကယ်ဆယ်ခြင်းများ ပြုလုပ်လေ.ရှိကြသည် ။ ကျွန်တော်တို.နိုင်ငံတွင် မီးသတ်သည် စွယ်စုံသုံးဖြစ်နေသည် ။ ဧည်.စာရင်းစစ်ရာတွင်လည်းမီးသတ်ပါသည် ။ သူခိုးဖမ်းရာတွင်လည်းမီးသတ်ပါသည် ။ဘုရားပွဲလှည်.ရာတွင်လည်း မီးသတ်ပါသည် ။ဘုံကထိန်လှည်.ရာတွင်လည်းမီးသတ်ပါသည် ။စုပေါင်းရှင်ပြုပွဲတွင်လည်းမီးသတ်ပါသည် ။ ရပ်ကွက်ကင်းစောင်.ရာတွင်လည်း မီးသတ် ပါသည် ။ မီးလောင်သောအခါမီးသတ်ကိုအလွယ်တကူတွေ.ရဖို. ခဲယဉ်းသော်လည်း အခြားကိစ္စများတွင် မီးသတ်ရဲဘော်များကို တွင်တွင်ကျယ်ကျယ်တွေ.ရလေ.ရှိသည်

နိုင်ငံကူးလက်မှတ်လျှောက်ထားသောရုံးတွင် ပါတ်စပို.တွင်အသုံးပြုရန်ဓါတ်ပုံရိုက်ပေးသောဌာနတစ်ခုရှိရာ ဓါတ်ပုံရိုက်နေသူမှာ ရဲဝန်ထမ်းတစ်ယောက်ဖြစ်နေသည် ။ ရဲနှင်. ဓါတ်ပုံဆရာအလုပ်ဘာဆိုင်သလဲဟုကျွန်တော် အပြန်ပြန်အလှန်လှန်တွေးနေမိသည် ။ ထိုရုံးမှမရိုက်မနေရစနစ်ဖြင်.ရိုက်ရသော ပါတ်စပို.ဓါတ်ပုံများမှာလည်း ကာယကံရှင်၏ရုပ်ပါဟုကျိန် တွယ်ပြောရမည်.ပုံများတစ်ခါတစ်လေထွက်တတ် တာအံ.သြစရာမရှိပေ။ ထိုရုံး၌ မိတ္တူကူးစက်လုပ်ငန်းလဲရှိရာ မိတ္တူကူးစက်လုပ်ငန်းလုပ်နေကြသူများမှာလဲရဲဝန်ထမ်းတွေဖြစ်နေပေသည် ။

လွဲပုံတော်တော်များများလဲရှိသေး၏ ။ ကျွန်တော်တို.ရပ်ကွက်ထဲတွင် အမျိုးသမီးအချို.သည် ဘုန်းကြီးတစ်ပါးဆွမ်းခံကြွချိန်တွင် ဆွမ်း၊မုန်. ၊ စသော လှူဖွယ်လေးများကိုကိုင်၍ ရိုရိုသေသေစောင်.နေကြ၏ ။ကျွန်တော်ကတယ်ဟုတ်ပါလား ဘာသာရေးတော်တော်ကိုင်းရှိုင်းကြတယ်ဟုစိတ်ထဲကချီးမွမ်းမိသည် ။ ဘုန်းကြီးကြွလာသောအခါ လူဖွယ်များကိုသေသေချာချာဆက်ကပ်လောင်းလှူပြီး ဤသို.ရိုရိုသေသေတင်လျှောက်၏ ။

“ ဒီနေ. ဘာတစ်လုံးကောင်းလဲဘုရား “
“ သုံးကောင်းတယ် သုံးပါတ်ဟဲ့ ..ဘုန်းဘုန်းလဲ သုံးပဲ ထိုးတယ် “

ဆရာနှင်.ဒကာ အစပ်အဟပ်မိနေသည်ကိုမနေနိုင်မထိုင်နိုင် သွားစပ်စုနားစွင်.မိသော စာရေးသူမိမိ၏ အမှားပါပေတကား ။

အလုပ်သမား ၊လယ်သမားများတရားစီရင်ရေးတွင်ပါဝင်ရမည်ဟူသော မ.ဆ.လ ခေတ်က ဟာသတစ်ခုလဲရှိသည် ။ တရားရုံးတစ်ရုံးတွင်တရားသူကြီး ၃ ပါး စု၍ အမှုတစ်ခုစစ်နေရာ တရားသူကြီးတစ်ပါးသည် ဂနာမငြိမ်ပဲ တရားရုံးအပြင်ဘက်သို.ခနခနလှမ်းကြည်.ကြည်.နေသည် ။ သူ၏ဘေးမှတရားသူကြီးက မိတ်ဆွေ ခင်ဗျားဘာဖြစ်နေသလဲ အမှုစစ်တာစိတ်ဝင်စားမှပေါ. ဟုပြောရာ တရားသူကြီးပြန်ပြောသည်မှာ

“ ခင်ဗျားအမှုကအသာထားဦး ဟောဟိုမှာ ရပ်ထားတာကျွန်တော်.ဆိုက်ကားဗျ ၊ သော.လဲခတ်မထားခဲ.မိဘူး ၊ဆိုက္ကားပျောက်မှာစိုးလို.လှမ်းကြည်.နေရတာ “
ဟူသတည်း ။

ကိုယ်နှင်.မဆိုင်တာကိုလုပ်ကြသူများထဲတွင်စည်ပင်သာယာဝန်ထမ်းများလဲပါသည် ။ အိမ်တစ်အိမ်ပြင်ဆင်ဖို. အုတ်ခဲလေးအနည်းငယ် ၊ဘိလပ်မြေအနည်းငယ် အုတ်သဲကျောက်ဆိုင်မှဝယ်သွားသည်နှင်. စည်ပင်ဝန်ထမ်းသည် အမဲသားကောင်အနံ.ကိုရသော တောလိုက်ခွေးကြီးသဖွယ် အိမ်ရှေ.သို.ရောက်လာပြီး စည်ပင်အိမ်ပြင်ဆင်ခွင်. အမိန်.စာကိုတောင်းတော.သည် ။ ထုံးစံအတိုင်း အိမ်ရှင်ကအလိုက်တသိ ကြိတ်ရှင်းလိုက်သောအခါမှ ၀မ်းသာအားရပြန်သွားပေသည် ။ထိုသို.အိမ်ပြင်နေသောနေရာများကို မည်သူမျှသတင်းမပေးပါပဲစည်ပင်ဝန်ထမ်းများသည် စုံထောက်ကြီးဦးစံရှားထက်သာအောင် စုံစမ်းထောက်လှမ်းနိုင်ပေသည် ။သို.သော် စည်ပင်၏မူလအလုပ်ဖြစ်သော အမှိုက်သိမ်းခြင်း ၊ ရေပေးခြင်း ၊ ရေမြောင်းများရေစီးရေလာကောင်းအောင်ဆောင်ရွက်ခြင်းကိစ္စများ၌ ရပ်ကွက်ထိပ်တွင် ဧရာမအမှိုက်ပုံကြီးဖြစ်နေသည်.တိုင် စည်ပင်လူကြီ်းသည် သုဝဏ္ကသာမ၏ မိဘများဖြစ်သော ဒုကူလနှင်.ပါရိကာတို.ကဲ.သို.နဂါးငွေ.သင်.ကာ မျက်စေ.နှစ်ကွင်းအလင်းမရရှာချေ ။ ပါတ်ဝန်းကျင်ကိုကောင်းကောင်းမမြင်တော.ပေ ။

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းဆရာ၊ဆရာမများ ဇိမ်နှင်.နားကြရမည်ဟုကျွန်တော်ထင်မှတ်ထား၏ ။ ဆရာမတစ်ယောက်သည် နွေကျောင်းပိတ်ရက်မှာပင်ကျောင်းသို.သွားနေကြရာ ကျွန်တော်ကဘာကြောင်.သွားရသနည်းဟုမေးကြည်.ရာ၌ ကျောင်းပိတ်ထားသော်လည်း ကျောင်းလုံခြုံရေး ဂျူတီကျသဖြင်.တစ်ရက်လျင် နှစ်ယောက်နှုန်းဖြင်. လာရောက်စောင်.ပေးနေရပါကြောင်းဖြေလေသည် ။ အံ.ဖွယ်ရှိပေစွတကား ။ အစိုးရ မူကြိုကျောင်းတစ်ကျောင်းမှဆရာမကြီးတစ်ဦးမှာမူ ကျောင်းစာသင်ချိန်တွင် သွားချင်ရာသို.လျှောက်သွားကာ ကျောင်းကို ကျောင်းသားမိဘ အမျိုးသမီးတစ်ဦးကိုအပ်ခဲ.သည် ။ထိုမိန်းမသည် ကျောင်းဆရာမဟုတ်ပါပဲ ကလေးများအပေါ်မင်းမူကာ လက်ပိုက် ၊ လက်မြောက် ၊ အိပ်စမ်း ၊ခေါင်းထောင်မကြည်.နဲ. စသည်ဖြင်.အမိန်.များပေးနေတာကိုယ်တိုင်တွေ.ဖူးသည် ။ ကိုယ်နှင်.မဆိုင်တာလုပ်ကြပုံများမှာမူကားအောချလောက်၏ ။

စိတ်ရှုပ်လာ၍ ရုပ်မြင်သံကြားကြည်.သောအခါ လွှတ်တော်အစည်းအဝေးများကျင်းပကြပုံပေါ်လာပေ၏ ။ လွှတ်တော်ထဲတွင် တိုက်ပုံအင်္ကျီ နှင်.ခေါင်းပေါင်းပေါင်းထားသော ရွေးကောက်ခံလွှတ်တော်အမတ်များကြားဝယ် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား များသည် ရင်ကိုကော.ခေါင်းကိုမော.ကာ ခပ်တည်တည်ထိုင်နေကြ၏ ။ထိုအစိမ်းရောင်အဖွဲ.ကိုမြင်ရတွေ.ရသောအခါ ယခင်က အမြီးအမောက်မတည်.တာတွေကိုအပြစ်တင်မိသောစိတ်သည်ပျောက်သွား၏ ။ ကိုယ်နှင်.မဆိုင်တာတွေလုပ်နေသော လူ များကိုကျွန်တော်ခွင်.လွှတ်နားလည်သွားသည် ။ အပြစ်တင်မှားလေခြင်းဟုလည်းတွေးမိသည် ။ နိုင်ငံကိုက ကိုယ်နှင်.မဆိုင်တာတွေလုပ်ကြသော နိုင်ငံပေတကား ။

သရ၀ဏ်(ပြည်)
၁၁.၅.၂၀၁၄ 3PM
၁၁.၅.၂၀၁၄

No comments:

Post a Comment