Saturday, May 17, 2014

မဖမ်းချင်လျှင်လွတ်မည်.ခေတ် သရ၀ဏ်(ပြည်)



မဖမ်းချင်လျှင်လွတ်မည်.ခေတ်

သရ၀ဏ်(ပြည်)

၂၀၁၀ ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ကာနီးကာလနှင်.တိုက်ဆိုင်နေခဲ.ပါသည် ။ မူလအစီအစဉ်အရဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲအမီ ၂၀၀၉ မေလ (၂၇)ရက်နေ.တွင်နေအိမ်အကျယ်ချုပ်ကာလမှနှစ်စေ.၍ ပြန်လွတ်လာမည် ။ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်သည် ၂၀၁၀ ရွေးကောက်ပွဲကြီးကိုဝင်ရောက်ယှဉ်ပြိုင်မည် ။ ထိုအခါ ကြံ.ခိုင်ရေး ပါတီတစ်ခုတည်းသာကြီးစိုးထားသော ရွေးကောက်ပွဲမျိုးမဟုတ်တော.ပဲ ခြားနားသည်. ရွေးကောက်ပွဲရလာဒ်ထွက်ပေါ်ကာ ပြည်သူလူထုမျှော်လင်.တောင်.တသောအစိုးရသစ်တစ်ရပ်ထွက်ပေါ်လာမည် ။ ဤသည်တို.ကား တိုင်းပြည်ကိုကောင်းစားတိုးတက်စေချင်သော မည်သည်.နိုင်ငံသားမဆို ယုံကြည်ရည်မှန်းထားခဲ.သည်.အရာများပေတည်း ။ သို.သော် အရာရာသည် တိုင်းသူပြည်သားများထင်သလိုဖြစ်လာသည်မဟုတ် ။ မြှုပ်ကွက် ရှုပ်ကွက်များကလည်းများစွာရှိသေးသည် ။ ထို.ကြောင်.ပညာရှင်အချို.က Politics is a dirty game ( နိုင်ငံရေးဆိုသည်မှာ ညစ်ကွက်များသောကစားပွဲ ) ဟုပြောခဲ.ခြင်းဖြစ်သည် ။ ဆက်ကြပါစို. ။ ထိုအခြေအနေတွင် အများထင်မှတ်မထားခဲ.သောအဖြစ်အပျက်တစ်ခုဖြစ်ခဲ.သည် ။ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော (John William Yettaw ) သည်၂၀၀၉ မေလ (၃) ရက်ညတွင်အင်းလျားကန်ကိုလက်ပစ်ကူးကာဒေါ်အောင်ဆန်းစုကြည် ထံသွားရောက်တွေ.ဆုံခဲ.ခြင်းအတွက် ဂျွန်ယက်တောအဖမ်းခံရကာ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက်ကာနီး နေအိမ်အကျယ်ချုပ်သက်တမ်းနောက်ထက်တစ်နှစ်ခွဲ ထပ်မံတိုးချဲ.ကျခံစေရန်အမိန်.ချမှတ်ခြင်းခံရပါသည် ။ ဒေါ်အောင်ဆန်းစုကြည်ကိုမလွှတ်သဖြင်. NLD လည်းရွေးကောက်ပွဲကိုသပိတ်မှောက်ကာ ယခုအခြေသို.ဆိုက်ရောက်လာခဲ.ခြင်းဖြစ်သည် ။ အဓိကလက်သည်တရားခံ ဂျွန်ယက်တောရော ဘယ်လိုဖြစ်သွားသနည်း ။ ရှင်းပါသည် ၊ လိုချင်သော ဇာတ်လမ်းဇာတ်ကွက်အတိုင်း ဖြစ်လာပြီးသောအခါ ဇာတ်ပို.မလိုတော.သဖြင်. မြင်ကွင်းမှဖျောက်လိုက်သောမြန်မာ ဗီဒီယို ဇာတ်ကားတွေလိုပင် ဇာတ်ရံကြီး ယက်တော ကိုအလုပ်ကြမ်းနှင်. ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ပြီးကာမှ လွတ်ငြိမ်းချမ်းသာခွင်.ဖြင်. လွှတ်ပေးလိုက်သည် ။ သူခိုးကိုလွှတ်ပေးလိုက်ပြီး အိမ်ရှင်ကို အပြစ်ပေးလိုက်သောတရားစီရင်ရေးကား အံ.မခန်းရှိလှပါပေ၏ ။ ဤကား မဖမ်းချင်လျှင်လွှတ်မည် ဆိုသောပြဇာတ်၏ ပထမဇာတ်ဝင်ခန်းဖြစ်ပါ၏ ။
ဂျွန်ယက်ထော၏အနေအထားမှာလည်းသံသယဖြစ်ဖွယ်အများကြီးရှိသည် ။ သူသည်ဒေါ်အောင်ဆန်းစုကြည်အပေါ်များစွာကြည်ညိုကရုဏာသက်သူမှန်လျင် ၂၀၁၀ နောက်ပိုင်းဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးသောအခါ ၀မ်းသာကြည်နူးရပါသည်ဟု တစ်ခါမှကြေငြာသည်မကြားရပေ ။ မြန်မာပြည်မှာမို.မသိတာလားဟုတွေးကာ တွေ.တွေ.သမျှအမေရိကန်မိတ်ဆွေများကိုမေးတော.လည်းဂျွန်ယက်တောအကြောင်းကို အမေရိကန်မှာပင်သူတို.ဘာမှမကြား ။ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ.ချင်လွန်းသဖြင်. အသက်ကိုမမှုပဲရေကူးလာခဲ.ပါသည်ဆိုသောပုဂ္ဂိုလ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသော်လည်း ၀မ်းမသာနိုင်တာထူးဆန်းလှသည်။ဇာတ်ဝင်ခန်းတစ်ခုဖြစ်ပါသည် ။ U 2 တေးဂီတအဖွဲ.မှ ဘိုနိုဆိုလျင် ဒေါ်စုလွတ်မလာမီကလည်းလွှတ်ပေးဖို.ကမ္ဘာသိတောင်းဆိုသည် ၊ လွတ်လာတော.လည်းဝမ်းသာအားရနှုတ်ဆက်ကြိုဆိုသည်။ ဂျွန်ယက်တောလို သူ.ကဏ္ဍပြီးသည်နှင်.စုတ်စမြုတ်စပျောက်မသွားပေ ။
၎င်းဖြစ်စဉ်မတိုင်မီ ခုနစ်နှစ် ( ၂၀၀၃ ) ကပေါ်ပေါက်ခဲ.သော ကမ္ဘာကျော် ဒီပဲယင်းအရေးအခင်းလုပ်ကြံမှူကြီးတွင်လည်း လုပ်ကြံသတ်ဖြတ် တိုက်ခိုက်ခြင်းခံရသော N.L.D ပါတီဝင်များ မှာ မည်သို.မျှ ဥပဒေ၏အကာအကွယ်မရပဲ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးအပါအ၀င် အဖွဲ.သားတော်တော်များများ ထောင်ကျတန်းကျခံခဲ.ရသည် ။ လုပ်ကြံမှုကြီးတွင်ပါဝင်ခဲ.သူများကတော. မဖမ်းချင်သဖြင်. လွတ်သည်ဟူသောဇာတ်ညွှန်းလိုပင် ယခုထက်တိုင် မသိကျိုးကျွံပြုနေခဲ.ကြပေသည် ။ အမှုတစ်ခုတွင် တရားခံကိုထောင်ချ၍ တရားလိုကို လွှတ်ပေးသောနောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည် ။ စစ်အစိုးရလက်ထက်တွင်ထူးဆန်းသောဖြစ်ရပ်ဟူ၍တော.မဆိုသာ ။
နောက်ထပ်ထင်ရှားသောအမှုမှာ ရန်ကုန်မြို. အင်းလျားလမ်း စိမ်းလဲ.ကန်သာနိုင်ငံတော်ဧည်.ဂေဟာ အနီးရှိ ရတနာကုန်သည်မိုးကုတ်ဦးမြမောင်၏သမီး မိသားစုအသတ်ခံရသော ငါးလောင်းပြိုင်လူသတ်မှုဖြစ်သည် ။ရန်ကုန်မြို.လည်ကောင်တွင်ဖြစ်ခြင်း၊ နေ.ခင်းကြောင်တောင်တွင်ဖြစ်ခြင်း၊ သေနတ်ကိုအသုံးပြု၍ သတ်ခြင်း ၊ သေနတ်တွင်အသံတိတ်ကရိယာ အသုံးပြုခြင်း၊ အိမ်သားအားလုံးကိုအိမ်ဖော်ပင်မကျန်အောင်သတ်သွားခြင်း ၊ လုံခြုံရေးအပြည်.ချထားသောနိုင်ငံတော်ဧည်.ဂေဟာ အနီးတွင် လူသတ်မှုဖြစ်ပွားခြင်းတို.ကြောင်. ဤအမှုသည် မကြာမီရက်ပိုင်းအတွင်း ပေါ်တော.မည်ဟု တစ်ပြည်လုံးကယူဆနေကြသော်လည်း ယခုအချိန်အထိ တရားခံမပေါ်ပါပေ ။ တိုက်ဆိုင်တာလားတော.မသိ ငါးလောင်းပြိုင်လူသတ်မှုကိုတရားခံမဖော်နိုင်သော ထိုစဉ်က ရဲချုပ်မှာယခုအစိုးရလက်ထက်တွင် ၀န်ကြီးအဖြစ်ရာထူး လေးငါးဆင်.တက်ကာ တာဝန်ပေးခြင်းခံရပါသည် ။
ပြီးခဲ.သောလကအင်တာနက်တွင်သတင်းများတက်လာပါသည် ။ ရုပ်ရှင်နှင်.အနုပညာလောကမှ နိုင်ငံကျော်မင်းသား ၊မင်းသမီး များ ၊အဆိုတော်များ၊မော်ဒယ်လ်များ မူးယစ်ဆေးဝါးသုံးစွဲကြသောသတင်းဖြစ်ပါသည် ။ ဤသတင်းတွင်ကောလဟလ အဆင်.သာမကတော.ပဲ သက်ဆိုင်သူ နာမည်ကျော် သရုပ်ဆောင်များ၏ မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ.များတွင် အစစ်ခံချက် (တရားဝင်ဖြောင်.ချက် )များပင်ပါဝင်ပါသည် ။ ဖြောင်.ချက်များမှာ တစ်စုံတစ်ဦးကလုပ်ကြံရေးသားထားသည်.သဘောမဟုတ်ပဲ ကိုယ်တိုင်ဝန်ခံချက် အပြည်.အစုံပင်ဖြစ်သည် ။ မင်းသမီးများ၏ ပါတ်စပို.ဆိုဒ် ဓါတ်ပုံများ ၊ရုံးတံဆိပ်များပင်ပါဝင်ပါသည် ။မတူကွဲပြားသော ရုပ်ရှင်မင်းသမီး သုံးယောက်၏စစ်ချက်တွင် တစ်ပုံစံတည်းအတိအကျပါဝင်သည်မှာ နိုင်ငံတော်အဆင်.မြင်.ခေါင်းဆောင်တစ်ဦး၏သား မှာ မူးယစ်ဆေးဝါးများကို အဓိက သုံးစွဲနေပြီး ၊အခြားသူများသုံးစွဲနိုင်အောင်လည်းကူညီဖြန်.ဝေပေးနေကြောင်းဖြစ်သည် ။ ထိုအမှုတွဲသည် လက်ကြိတ်ထိုး ပြီးသွားခဲ.ပြီး မူးယစ်ဆေးသုံးစွဲသော လူကြီးသား ကိုရော နိုင်ငံကြော်သရုပ်ဆောင်များရော မှဲ.တစ်ပေါက်မစွန်းခဲ.ကြပါ ။ မဖမ်းချင်သောအခါ လွတ်ခဲ.ကြပါသည် ။ မကြာခင်ကတော.သရုပ်ဆောင်ရဲတိုက်မှာ ဆေးခြောက်တစ်ကျပ်သားလက်ဝယ်တွေ.ရှိမှုဖြင်. ထောင်ခြောက်နှစ် ကျခံရပါသည် ။ ဖမ်းချင်သောအခါ မိပေပြီ ။ မဖမ်းချင်လျင်လွတ်မည်ဖြစ်သည် ။ ဖမ်းချင်လျင်ပထမကမ္ဘာစစ်လောက်ကပြဌာန်းထားသော ဥပဒေပုဒ်မကိုပင်ထုတ်သုံးပေဦးမည် ။
နောက်ထပ်ထင်ရှားသောအမှုတစ်ခုကိုပြဆိုပေဦးအံ. ။ ဧည်.ခံပွဲတစ်ခုသို.တက်ရောက်လာသော နိုင်ငံကျော်ရုပ်ရှင်မင်းသမီးတစ်ဦးကို သတင်းထောက်အမျိုးသမီးတစ်ဦးကအင်တာဗျူး၏ ။ အင်တာဗျူးမေးခွန်းတွင်မင်းသမီးမခံနိုင်သော အိမ်ထောင်ရေးမေးခွန်းတစ်ခုပါသွားရာ မင်းသမီးက သတင်းထောက်ကို လူပုံအလယ်တွင်ပါးရိုက်လိုက်၏ ။ ထိုအခါ သတင်းထောက်ကမင်းသမီးကို ဥပဒေအတိုင်းတရားစွဲသည် ။ အမှုကို နှစ်ပေါက်အောင်စစ်ဆေးပြီးသောအခါ စီရင်ချက်ချလိုက်သည်မှာ ဒဏ်ငွေတစ်ထောင်ကျပ်ပေးဆောင်ရန်ဖြစ်သည် ။ မင်းသမီးသည် သူ၏ပါးရိုက်မှု ပြစ်ဒဏ်အတွက် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာမျှနှင်.ညီမျှသော ဒဏ်ကြေးငွေဖြင်.သာပေးဆောင်ခွင်.ရလိုက်သည် ။ တိုတိုပြောရလျင် မင်းသမီးသည် ထောင်ကျရန်ဇာတာပါမလာသောအခါ အမှုမှ ငွေတစ်ထောင်ဖြင်.ပြီးမြောက်သွားပေ၏ ။ မဖမ်းချင်သောအခါလွတ်ပေ၏ ။ သို.သော် မြန်မာနိုင်ငံသားများသည် ဤသို.အမြဲကံကောင်းနေသည်ကားမဟုတ်ပေ ။ Eleven Media မှ လွိုင်ကော်မြို.သတင်းထောက်မခိုင်သည် သတင်းယူရန် ရှေ.နေတစ်ယောက်၏အိမ်သို.သွားရောက်ရာ စကားပြောအဆင်မပြေဖြစ်ရာမှ အိမ်ရှင်က ပိုင်နက်ကျူးလွန်မှု ၊ ဆဲဆိုမှုတို.ဖြင်.တရားစွဲသောကြောင်.ထောင်သုံးလကျသွား၏ ။ မဖမ်းချင်လျင်လွတ်သည်ဟူသောဇာတ်ညွှန်းတွင်ပါဝင်ကပြခွင်.မရရှာသူတစ်ယောက်ဖြစ်ပေသည် ။
D.V.B သတင်းဌာနမှ သတင်းထောက်ကိုဇော်ဖေ နှင်.ကျောင်းသားမိဘတစ်ဦးမှာလည်း အများသူငါ ၀င်ထွက်သွားလာခွင်.ရှိသောမြို.နယ်ပညာရေးမှူး ရုံးသို.သွားရောက်သတင်းယူရာတွင် ပိုင်နက်ကျူးလွန်မှု ၊၀တ္တရားနှောက်ယှက်မှုတို.ဖြင်.ပင် တရားစွဲထောင်ချခံရပြန်ပေသည် ။ ကံကောင်းသောတရားခံစာရင်းတွင် သူတို.နှစ်ယောက်မပါပေ ။ ယခုအခါ Unity ဂျာနယ်မှ သတင်းထောက်နှင်. အယ်ဒီတာအဖွဲ.၀င်များ ဖမ်းဆီးခံထားရကာတရားရင်ဆိုင်နေရပေသည် ။သူတို.လွတ်မည်လား ။ထောင်ကျမည်လား ၊ မည်သည်.ဥပဒေပညာရှင်မှမဖြေနိုင်ပါ ။
မီးလောင်မှုများကိုကြည်.လိုက်သောအခါ ကံဆိုးသူသည်ထောင်ကျပြီး ကံကောင်းသူသည် အမှုပင်ရင်မဆိုင်ရတာတွေ.ရပေမည် ။ ရန်ကုန်တစ်မြို.လုံးငလျင်လှုပ်သသလိုသသိမ်.သိမ်.တုန်သွားသောပုဇွန်တောင်စက်ဆန်း ကုန်လှောင်ရုံမီးလောင်မှု ၊ မကြာမီက ဖြစ်ပွားခဲ.သော လေဆိပ်ဆီသိုလှောင်ရုံဝင်းအတွင်း မီးလောင်ပေါက်ကွဲမှု ၊ အိုးရှင်းကုန်တိုက်အနီးတပ်မတော် အင်ဂျင်နီယာ GE ၀င်းအတွင်းမီးလောင်မှုတို.တွင် မီးလောင်တရားခံကိုအရေးယူသည်မကြားရပေ ။ အရပ်ထဲတွင်ဖြစ်ပွားသော မီးလောင်မှုများတွင်မူကား မီးလောင်မှုသတင်းပါသည်နှင်. မည်သူ.ကို မီးပေါ.ဆမှုဖြင်.အမှုဖွင်.အရေးယူထားကြောင်းတစ်ပါတည်းတွေ.ရပေ၏ ။ ဥပမာ ဧပြီ ၂၅ ရက်နေ.က ဖြစ်ပွားခဲ.သော မုံရွာမြို.၊သလ္လာအမှတ်(၄) ရပ်ကွက် စိတ္တသုခလမ်းသွယ် ရှိငါးခန်းတွဲနေအိမ်မီးလောင်မှုတွင် အိမ် ၂၄ လုံးမီးလောင်ကျွမ်းခဲ.ပြီး နေအိမ်အငှားနေထိုင်သူ စည်သူအောင် (ခ)ဗိုလ်တူးကို မုံရွာမြို အမှတ်(၂)ရဲစခန်းမှ အမှုအမှတ် (ပ) ၁၅၃/၂၀၁၄ ၊ ပုဒ်မ (၂၈၅ ) ဖြင်.အမှုဖွင်.စစ်ဆေးအရေးယူနေကြောင်းဟု 7 Day Daily ၂၇.၄.၂၀၁၄ တွင်ပါရှိခဲ.၏ ။ အရပ်သားမီးလောင်တော.အရေးယူမှုဖြစ်သည် ။ တစ်ဖန် မန္တလေးမြို. ၂၄ လမ်း ၆၅ လမ်းထောင်. တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်းရှိ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အိမ်ကို ဧပြီ ၁၉ ရက် ည ၈ နာရီ ၃၀ မိနစ်ခန်.က မီးလောင်ကျွမ်းခဲ.ရာ သတင်းသမားများသတင်းယူခွင်.မပြုရုံမက ၊ မီးလောင်သတင်းကို မီးသတ်ဦးစီးဌာနမထုတ်ပြန်ရပဲ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသာကိုင်တွယ်ကြောင်း မီးသတ်ဌာနကပြောကြားခဲ.သည် ။ ရာထူးကြီးကြီးလက်ကိုင်ရှိသူတစ်ဦး၏မီးလောင်မှုနှင်.သာမန်အရပ်သားတစ်ယောက်၏မီးလောင်မှုသည် ကနဦးကိုင်တွယ်တုန်.ပြန်ပုံမှာပင်ကွဲပြားခြားနား၍ နေခဲ.ပြီ ။နောက်သုံးရက်လောက်ကြာမှ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကို မီးပေါ.ဆမှုနှင်.အမှုဖွင်.အရေးယူထားသည်ဟု သတင်းထွက်လာသည် ။ ထိုအမှုသည်လည်း Gone with the wind လေနှင်.အတူမျောတော.သည် ဟုပဲဖြစ်မလား ။ ရုပ်ရှင်မင်းသမီးပါးရိုက်မှုလို ဒဏ်ငွေတစ်ထောင်ဖြင်.ပြီးမလား ။ N.L.D ပါတီဝင်တွေအမှုဖြစ်သလို ၊ ဂျာနယ်လစ်တွေထောင်ချခံရသလို အိုးဘိုထောင် အထိရောက်မလားတရားစီရင်ရေးကိုစောင်.ကြည်.ရပေမည် ။သေချာသည်ကတော.မဖမ်းချင်လျင်လွတ်ပေလိမ်.မည် ။
၂၀၁၂ ဇွန်လအတွင်းကဖြစ်ပွားခဲ.သော ဘူးသီးတောင် ၊ မောင်တောအရေးအခင်း ၊ တောင်ကုတ်အရေးအခင်း တို.တွင် လျပ်တစ်ပြက်ဂျာနယ်က သတင်းဓါတ်ပုံတစ်ခုဖော်ပြခဲ.ရာ မုဒိန်းကျင်.လူသတ်ခံရသော ရခိုင်အမျိုးသမီး မသီတာထွေး၏ အလောင်းဓါတ်ပုံကိုဖော်ပြခဲ.၏ ။ ထိုသို.ဖော်ပြခြင်းသည် သတင်းသမားကျင်.၀တ်နှင်.မညီညွတ်ဟုဆိုကာ လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား နိုင်ငံတော်မှတရားစွဲခဲ.သည် ။ သို.သော်တစ်ချိန်တည်းမှာပင် တောင်ကုတ်မြို.၌ အစ္စလမ်ဘာသာဝင် (၁၀)ဦး အသတ်ခံရသောကိစ္စနှင်.ပါတ်သက်၍ သတင်းဖော်ပြရာတွင် အစိုးရပိုင် ကြေးမုံနှင်.မြန်မာ.အလင်းသတင်းစာများ၌ သေသူများကို “ မူဆလင်ကုလား များ “ဟုရင်.သီးစွာသုံးစွဲခဲ.သည် ။ ထိုသို. မူဆလင်ကုလားဟူသော အသုံးအနှုန်းကို ပုဂ္ဂလိကဂျာနယ်များကသာအသုံးပြုပါက စွဲချက်ပေါင်းစုံဖြင်.မော်စကိုသို.ရောက်မည်ဖြစ်သည် ။ သို.သော် ထိုစာလုံးကိုသုံးသူမှာ အစိုးရသတင်းစာဖြစ်နေသဖြင်. နောက်တစ်နေ.တွင်အမှားပြင်ဆင်ချက်ထည်.ပေးခြင်းမှတစ်ပါး တရားစွဲခံရသည်မရှိခဲ.ပေ ။ ဤသည်လည်း၊ မဖမ်းချင်ကလွတ်သည်.အမှုနောက်တစ်ခုဖြစ်ပေသည် ။
ပြည်မြို.န၀ဒေးတံတားအောက်တွင်ဖြစ်ပွားခဲ.သော လုယက်မှု ၊လူသတ်မှု တို.တွင်လည်း အခင်းဖြစ်ပွားပြီးပြီးချင်းပင် မသင်္ကာစရာ တရားခံနှစ်ဦးအား အရပ်က၀ိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို.အပ်နှံခဲ.သော်လည်း ထိုသူများမှာ တပ်မတော်သားများဖြစ်နေပြီး စစ်တပ်မှလာရောက်ခေါ်ငင်သွားခဲ.ကာ ထိုလူသတ်မှု၏လက်သည်တရားခံမှာလည်း အမှုဖြစ်ပွားခဲ.၍ တစ်နှစ်ပြည်.လာခဲ.သည်အချိန်တိုင်ပေါ်ပေါက်မလာတော.ပေ ။ အမှန်စင်စစ် တရားခံကိုဖမ်းဆီးရမည်.တာဝန်မှာ ရဲတပ်ဖွဲ.၏တာဝန်ဖြစ်ပြီး ၊အပြစ်ရှိမရှိ ဆုံးဖြတ်ရမည်.တာဝန်မှာ တရားသူကြီး၏တာဝန်ဖြစ်ပါသည် ။ယခုအမှုတွင် တရားခံကိုတရားရုံးတင်ခွင်.ပင်မရလိုက်ပဲ တပ်မတော်မှ ထိုသူများမှာအပြစ်မရှိဟုဝင်ရောက်ဆုံးဖြတ်သွားခြင်းဖြစ်ရာ တရားရုံး၏အလုပ်ကိုစစ်တပ်က၀င်လုပ်သည်.သဘောဖြစ်နေပေသည် ။ထိုသို.လုပ်နိုင်ခွင်.ကိုလည်း ၂၀၀၈ အခြေခံဥပဒေကကခွင်.ပြုထားပေသည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ ( ၃၄၇ ) တွင် နိုင်ငံတော်သည်မည်သူ.ကိုမဆိုဥပဒေအရာတွင်တန်းတူညီမျှအခွင်.အရေးရရှိစေရမည်။ထို.အပြင်ဥပဒေ၏ အကာအကွယ်ကိုလည်းတန်းတူညီမျှစွာရယူပိုင်ခွင်.ပေးရမည် ဟုဖော်ပြထားပေသည် ။ သို.သော် ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၁၉) တွင် ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ)အရ စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.အခြားဥပဒေအရဖွဲ.စည်း၍ တပ်မတော်သားများအတွက်တရားစီရင်ရမည် ဟုဖော်ပြပါရှိပေသည် ။ သဘောမှာ စစ်သားတစ်ယောက် ဘာအမှုပဲကျူးလွန်သည်ဖြစ်စေ (မြို.လည်ကောင်တွင်လူသတ်စေဦး ) အရပ်ဘက်ကအရေးယူခွင်းမရှိ ၊စစ်ဘက်ဆိုင်ရာရုံးကပဲအရေးယူမည် ဟူသည်.သဘောဖြစ်သည် ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၄၃ )အရ စစ်ဘက်တရားစီရင်ရာ၌
(က) တပ်မတော်သားများအတွက် အဖွဲ.ဖြင်.ဖြစ်စေ ၊တစ်ဦးတည်းဖြစ်စေ ဥပဒေနှင်.အညီစီရင်နိုင်သည် ။
(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆုံးအဖြတ်သည်အပြီးအပြတ်ဖြစ်သည် ဟုရေးသားထားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရပ်ဘက်နိုင်ငံတော်တရားသူကြီးချုပ်ထက် ပါဝါမြင်.နေသည်.သဘောဖြစ်သည် ။ တနည်းပြောရလျင် ဥပဒေအထက်တွင် ကာကွယ်ရေးဦးစီးချုပ်ရှိနေခြင်းဖြစ်သည် ။ အခြေခံဥပဒေကိုပြင်ဆင်မည်ဆိုသော် ဤအချက်ကိုအလေးအနက်ထား၍ပြင်ဆင်သင်.ပါသည် ။ တပ်မတော်သားမှ ဥပဒေကိုကျူးလွန်သည်ပင်ဖြစ်စေ အမှုဖြစ်ရာနေရာသည် မြို.နယ်တစ်ခု၏စည်ပင်သာယာရေးနယ်နိမိတ်ထဲတွင်ရှိလျင် အရပ်ဘက်ဥပဒေတရားရုံးဖြင်. အရေးယူဆောင်ရွက်နိုင်ခွင်.အာဏာသည် တရားရုံးများ၌ ရှိသင်.ပေသည် ။ထိုသို.မဟုတ်လျင် ဥပဒေဆိုသည်မှာ စက္ကူစုတ်တစ်ခုလောက်သာတန်ဖိုးရှိပေတော.မည် ။ ဥပဒေအထက်တွင်တပ်မတော်ကရှိနေခြင်းကားမဖြစ်စကောင်းပေ ။
စစ်အစိုးရလက်ထက်တွင် လူတစ်ယောက်သည် တပ်မတော်မှဗိုလ်မှူးတစ်ယောက်သူ၏မိန်းမနှင်.အိမ်ထောင်ရေးဖောက်ပြန်သည်ဟုယူဆကာနယ်စပ်မှဝယ်လာသောလက်ပစ်ဗုံးဖြင်. ထိုဗိုလ်မှူးကိုသွားရောက်ပစ်ခတ်လုပ်ကြံခဲ.ဖူးသည် ။ ထိုအမှုတွင်စစ်တပ်ကတရားခံကိုလိုက်ဖမ်းသောအခါ တရားခံသည် တစ်ဖက်နိုင်ငံသို. တိမ်းရှောင်ထွက်ပြေးသွားခဲ.သည် ။ ထိုအမှုတွင်ကျူးလွန်သူတရားခံကိုမမိသဖြင်.မဆီမဆိုင် ထိုတရားခံ၏ ညီအရင်းဖြစ်သူ တက်သစ်စအဆိုတော်တစ်ယောက်ကို ဖမ်းဆီး၍နှစ်ရှည်ထောင်ဒဏ်ပေးခဲ.သည် ။ ထိုအဆိုတော်လေးမှာကိုယ်မကျူးလွန်ရသော ပြစ်မှုအတွက်ထောင်ထဲတွင် လူငယ်ဘ၀တစ်ခုလုံးကုန်ဆုံးအောင်နေရကာ မကြာခင်ကမှလွတ်ငြိမ်းချမ်းသာခွင်.ဖြင်.ပြန်လွတ်လာခဲ.သည် ။ ဤသို.ဤနှယ်ပင် ကံမကောင်းအကြောင်းမလှပါကမြန်မာနိုင်ငံတွင်ထောင်ကျခံရကိန်းလည်းရှိပါသည် ။ ကံဇာတာစန်းလာဘ်ကြီးပွားတိုးတက်လာလျင်မူကား မည်သို.သောအကြောင်းနှင်.မျှ ရာဇ၀တ်ဒဏ်သင်.ဖို.မရှိပါပေ ။
အကယ်စင်စစ် လူတစ်ယောက် ထောင်ကျတန်းကျခြင်း ၊ ထောင်ဒဏ်မှလွတ်ငြိမ်းခွင်.ရခြင်း ၊ ဥပဒေ၏အာဏာစက်မှကင်းလွတ်နေခြင်းတို.သည် ဥပဒေပညာရှင်များအမြင်တွင် မည်သို.ရှိမည်မသိသော်လည်း ကျွန်တော်တစ်ယောက်တည်း၏အမြင်မှာမူ ကံကောင်းခြင်း ၊ကံမကောင်းခြင်းတစ်ခုတည်းပေါ်တွင်မူတည်နေပြီး ကံကောင်းသောအခါလွတ်မည် ၊ကံမကောင်းသောအခါ တွင်အကျဉ်းထောင်သို.ရောက်မည် ။ လွတ်ခြင်း ၊မလွတ်ခြင်း ၊အဖမ်းခံရခြင်း မခံရခြင်းတို.သည် ကျူးလွန်သောအပြစ်နှင်.လားလားမှမဆိုင် အတိတ်ကံနှင်.သာဆိုင်သယောင်ရှိ၏ ။ ဤဒွန္နယာကြီးဝယ် အပြစ်ရှိသူတစ်ယောက်ထောင်ကျတိုင်း အလားတူအပြစ်ရှိပါလျက်လွတ်နေသူ ထောင်နှင်.သောင်းနှင်.ချီ၍ရှိ၏ ။ လွတ်ခြင်း၊ကျခြင်းသည် အပြစ်ပြုခြင်းမပြုခြင်းထက် ဖမ်းချင်သလားမဖမ်းချင်သလားဟူသော ကံကြမ္မာတို.၏အရှင် ဥပဒေတို.၏နာယက ၊ လောကဥသျှောင်၏အလိုတော်အတိုင်းပါတကား ။
သရ၀ဏ်(ပြည်)


ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment