ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အတားအဆီးဖြစ်နေသည့် ပုဒ်မ(၄၃၆)ကို ချက်ချင်းပြင်ဆင်ပေးရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၁၁ရက် က အရပ်ဘက် ပြည်သူ သုံးရာကျော်က လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ တစ်ရပ်ရပ်ကို ပြင်မယ်ဆိုရင် လွှတ်တော်မှာ ခုနှစ်ဆယ့် ငါးရာခိုင်နှုန်း ပြည့်မှီမှ ပြင်လို့ရမယ်လို့ ပုဒ်မ-၄၃၆မှာပါတယ်။ အဲဒီပုဒ်မကို ပြင်ပြီးမှ ဒီမိုကရေစီစံ နှုန်းနဲ့အညီ ကျန်တဲ့ပုဒ်မတွေ ပြင်ရမယ်” ဟုဆန္ဒပြပွဲကို ဦးဆောင်သူ ကိုကျော်ဆွေကပြောသည်။ ပုဒ်မ - ၄၃၆ကို ပြင်ဆင်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် မကိုက်ညီသည့် ပုဒ်မ၅၉(ဃ) ၊ ၅၉(စ) ၊ ပုဒ်မ ၇၄ ၊ ၁၄၁ ၊ ၁၆၁ ၊ ၁၀၉ တို့အား ပြင်ဆင်ရန် လိုအပ်သည်ဟုလည်း ၄င်းကဆိုသည်။ ဆန္ဒပြတောင်းဆိုရန်အတွက် မေလ ၆ ရက် တွင် ခွင့်ပြုမိန့် တောင်းခံခဲ့ရာ မေလ ၉ ရက် က ခွင့်ပြုချက် ချပေးခဲ့ပြီး ဆန္ဒပြပွဲတွင် အရပ်ဘက် ပြည်သူများက လူထုလှုတ်ရှားမှုအနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ကိုကျော်ဆွေ ကပြောသည်။
ထိုနေ့မနက်(၈)နာရီခွဲအချိန်က ဆန္ဒပြသူများသည် ပြည်မြို့ ရုံးလမ်း ၊ လမ်းရှည်လမ်း ၊ လမ်းမတော်လမ်း များအတိုင်း ချီတက်ခဲ့ပြီး ဗိုလ်ချုပ်ကျေးရုပ် ရှေ့သို့အရောက်တွင် မိုးပျံပူပေါင်းများ လွှတ်တင်၍ ဆန္ဒပြသည်။ ထို့နောက် ဗိုလ်ချုပ်လမ်း ၊ န၀ဒေးပတ်လမ်း ၊ ဂေါက်ကွင်းလမ်းများအတိုင်း လမ်းလျှောက်ချီတက်ကာ လွှတ်တော်ကိုယ်စားလှယ်များရုံး ရှေ့တွင် (၁၅) မိနစ်ခန့် ဆန္ဒပြခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်လမ်း ၊ ရွှေတစ်ချောင်းလမ်း အတိုင်းချီတက်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ငါးမိနစ်ခန့် ဆန္ဒပြခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကိုရပ်နားခဲ့သည်။
ဆန္ဒပြသူများသည် “ပုဒ်မ-၄၃၆ ချက်ချင်းပြင်……….ချက်ချင်းပြင် ၊ ပုဒ်မ-၅၉ (ဃ) (စ) ချက်ချင်းပြင်…….ချက်ချင်းပြင် ၊ ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ…………အလိုမရှိ ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ……………ကျဆုံးပါစေ ၊ ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်…………အောင်ရမည် ဟူသော ကြွေးကြော်သံများက ရွတ်ဆိုကာ“တိုင်းပြည် ညီညွတ်အေးချမ်းဖို့ ဖွဲ့စည်းပုံကို ပြင်ပါဗျို့” “ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာ ပြည့်စုံစွာ နေနိုင်ဖို့ ဖွဲ့စည်းပုံကို ပြင်ပါဗျို့” “ အမျိုးသား ရင်ကြားစေ့ရေး ရှေ့ရှု၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံးပြင်ပါ” “စစ်တပ်အာဏာ တည်မြဲနေ ဖွဲ့စည်းပုံဥပဒေ ပြည်သူအားလုံး တွန်းလှန်မှ ဒီမိုကရေစီ အမြန်ရ”စသည့် လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ဆန္ဒပြခဲ့သည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူနှင့်ပတ်သတ်၍ ဖြစ်ပျက်လာမည့်ကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်းသွား မည်ဖြစ်ကြောင်းနှင့် သတင်းစာမူအတွက် မှန်ကန်ကြောင်းကတိခံဝန်ချက်ပြုပါသည်။
ပြည့်သဲမောင်(ပြည်)
No comments:
Post a Comment