Sunday, March 2, 2014

အယ်ဒီတာ အာဘော် အရေးပါသည့် ဒေသန္တရ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ



ပဲခူးအသံ ဂျာနယ်(အတွဲ ၁၊ အမှတ် ၁) အယ်ဒီတာ အာဘော်

အရေးပါသည့် ဒေသန္တရ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ

၂၀၁၁ ခုနှစ်နောက်ပိုင်း သတင်းစာစောင်များ ထုတ်ဝေခွင့်ဖြေလျော့လိုက်သည့်နောက် ပြည်နယ် နှင့်တိုင်းများတွင် ဒေသန္တရသတင်းစာစောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အချို့မှာ တိုင်းရင်းသား လူမျိုးစုလက္ခဏာ အသွင်ဆောင်သည့် သတင်းစာစောင်များဖြစ်ပြီး အချို့မှာမူ ပဲခူး အသံကဲ့သို့သော ဒေသဆိုင်ရာ အသွင်လက္ခဏာဖြင့် ထွက်ပေါ်လာသည့် စာစောင်များဖြစ်သည်။

်မည်သည့်အသွင်ဆောင်သည်ဖြစ်စေ စာစောင်၏ ပရိသတ်
နေထိုင်သည့် ဒေသမှ သတင်းများ မျက်မှောက်ဖြစ်ရပ်များ၊ ဝေဖန် သုံးသပ်မှုများ၊ လူထု၏ ခံစားမှုတို့ကို ထင်ဟပ်နိုင်သော သတင်းမီဒီယာများ ပေါ်ထွက်လာခြင်းသည် ယင်းလူမှု အဖွဲ့အစည်းအဖို့ ကြီးမားသည့် အပြောင်းအလဲပင်ဖြစ်သည်။

သတင်းမီဒီယာများက လူထု ရင်ဆိုင်နေရသည့် ပြဿနာရပ်များ၊ အခက်အခဲများ၊ မြေသိမ်း ယာသိမ်းကိစ္စများ၊ အလုပ်ရှင် အလုပ်သမားကိစ္စများ၊ ဥပဒေ လုပ်ထုံးလုပ်နည်းဆိုင်ရာ လွဲမှားမှုများ၊ အာဏာ အလွဲသုံးမှုများ စသည့်တို့ကို သတင်းမီဒီယာများမှ တဆင့် သက်ဆိုင်ရာတာဝန်ရှိသူ၊ အဖွဲ့အစည်းတို့ သိရှိကာ ဖြေရှင်းဖို့ တွန်းအားပေးစေနိုင်မည်ဖြစ်သည်။

ယခင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ထုတ်သော သတင်းစာစောင်များ၏ စာမျက်နှာများတွင် မိမိဒေသအကြောင်းကို စောင့်မျှော်ဖတ်ရှုနေရခြင်းမှ မိမိဒေသမှ အဖြစ်အပျက်များ အရေးကြီးသည့်ကိစ္စရပ်များ လူထုခံစားချက် အသံများကို ဒေသန္တရ စာစောင်တွင် ဖတ်ရှုလာနိုင်ခြင်း အုပ်ချုပ်သူ အာဏာပိုင် သက်ဆိုင်ရာ အဖွဲ့အစည်းတို့ထံလည်း လူထု ပရိသတ်၏ အမြင်ကို ဆက်သွယ်ပေးနိုင်ခြင်းသည် ပင်လျင် သတင်းမီဒီယာ၏ အရေးကြီးသည့် အခန်းကဏ္ဍ၊ တာဝန်ဝတ္တရားတစ်ရပ်ကိုေ
ဆာင်ရွက်နေခြင်းဖြစ်ပေသည်။

ဤနေရာတွင် ဒေသန္တရ သတင်းမီဒီယာသည် ကြားနေသည့် သတင်းမီဒီယာဖြစ်ဖို့ လွတ်လပ်သည့် သတင်းမီဒီယာ ဖြစ်ဖို့လည်း အရေးကြီးပေသည်။ အုပ်ချုပ်သူ အာဏာပိုင် သို့မဟုတ် နိုင်ငံရေး ပါတီတစ်ခုခု ၏ အာဘော် မဖြစ်ဖို့ တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ဖွဲ့၏ အကျိုးစီးပွားကို ငဲ့ပြီး ပရိသတ်အကျိုးကို လျစ်လျူမရှုဖို့ အထူးအရေးကြီးပေသည်။

ပဲခူးအသံသည် လွတ်လပ်သည့် ရပ်တည်ချက်ပေါ်တွင် ခိုင်ခိုင်မာမာကိုင်စွဲ၍ ပရိသတ် အများပြည်သူ အကျိုးရှိမည့် သတင်းများကို
ဖေါ်ပြသွားမည်ဖြစ်ပြီး မည်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အသုံးချခံမည်မဟုတ်ကြောင်း စာဖတ်ပရိသတ်ကို ကတိပြုပါသည်။

အယ်ဒီတာ

No comments:

Post a Comment