Wednesday, December 11, 2013

ပေါင်းတည်ထောင်တွင် သင်ဖွဲ့ဥပဒေ၊ ပုဒ်မ ၁၈တို့ဖြင့် တရားရင်ဆိုင်နေသူ သုံးဦး အစာငတ်ခံဆန္ဒ ပြမည်



ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှု(ပုဒ်မ-၁၈)၊ အသင်းအဖွဲ့ဆိုင်ရာဥပဒေ(ပုဒ်မ-၆) တို့ဖြင့် တရား စွဲဆိုခံထားရ၍ ပေါင်းတည်ထောင်တွင်းမှ အမှုရင်ဆိုင်နေရသူ သုံးဦးသည် ဒီဇင်ဘာလ ၁၇ ရက်က စတင်ကာ အစာငတ်ခံ ဆန္ဒဖော်ထုတ်သွားမည်ဟု ၄င်းတို့၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးရဲလင်းနိုင်က မဇ္ဈိမကိုပြောသည်။ အသင်းအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆ဖြင့် တရားစွဲဆိုခံထားရသူများသည် မိထ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေးနှင့် ၀ိမုတ္တိလူမှုကူညီရေးအဖွဲ့က ဒေါ်မိမိခိုင်တို့ ဖြစ်သည်။ ထို့အပြင် နတ်တလင်း ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုသန့်ဇင်ထက်သည်လည်း ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှု (ပုဒ်မ-၁၈)ဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

“မြို့နယ်က စွဲချက်တင်သင့်ကြောင်း ချပေးတဲ့အမိန့်ကို တိုင်းတရားရုံးမှာ ပြင်ဆင်ချက်တက်ထားတယ်။ အမိန့်ချမပေးခဲ့ဘူး။ အချိန်ဆွဲထားတယ်။ ဒီလိုမျိုး အချိန်အကြာကြီးဆွဲထားတာ တမင်ညှင်းဆဲရာကျတဲ့အတွက် အချုပ်ထဲမှာ သုံးယောက်လုံးအစာငတ်ခံဆန္ဒပြမယ်ပြောသွားတယ်” ဟု ဦးရဲလင်းနိုင်ကပြောသည်။ ယင်းသို့ ဆောင်ရွက်သွားမည်ကို ဒီဇင်ဘာ ၁၀ရက် ရုံးချိန်းတွင် တရားရင်ဆိုင်နေရသူများက ပြောခဲ့ခြင်းဖြစ်သည်။ မြို့နယ်တရားရုံး၏ စွဲချက်တင်မှုကို တိုင်းတရားရုံးသို့ ပြင်ဆင်ချက်လျှောက်ထားသည်မှာ ၂လကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အထိ တိုင်းတရားရုံးမှ အမိန့်တစ်စုံတရာချမှတ်ပေးခြင်းမရှိခဲ့ဟု ဦးရဲလင်းနိုင်က အသိပေးသည်။ အဆိုပါ အမှုကိစ္စများကို ခရိုင်င်တရာရုံးသို့လည်း ပြင်ဆင်ချက် လျှောက်ထားခဲ့ဘူးပြီး ပလပ်ခံခဲ့ရခြင်းဖြစ်သည်။

“လျှောက်လွှဲချက်တွေပြီးရင် အမြန်ဆုံးအမိန့်ချရမယ်လို့ ဥပဒေမှာညွှန်းဆိုထားတယ်။ ဒါပေမဲ့ လောလောဆယ်လျှောက်လွှဲချက်ကြားနာပြီးတာ တစ်လနီးပါးကြာသွားပြီ။ အမိန့်မချသေးဘူး” ဟု ၄င်းကဆိုသည်။ ၄င်းတို့သုံးဦးသည် ပဲခူးတိုင်း နတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်း သိမ်းယူခံထားရသည့် လယ်ယာမြေ ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲဆင်နွဲခဲ့သည့် တောင်သူများကိုအားပေးကူညီမှုဖြင့် ဇွန် ၁၁ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပြည်၊ မဇ္ဈိမ
Written by ရေခဲ(ပြည်)

No comments:

Post a Comment