Monday, October 14, 2013

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို ပြည် ပါဝင်သော မြို့များတွင် ၂၀၁၃ နိုဝင်ဘာမှ ၂၀၁၄ မေလ အတွင်း Analog စနစ်မှ Digital စနစ်သို့ ပြောင်းလွှဲ ထုတ်လွှင့်မည်


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ၁၉၈ဝ ခုနှစ်မှစ၍ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို Analog စနစ်ဖြင့် စတင်ထုတ်လွှင့်ခဲ့ပါသည်။

ယခုအခါ တိုးတက်ပြောင်းလဲလာသော ရုပ်သံထုတ်လွှင့်မှု နည်းပညာများအရ Analog မှ ASEAN Digital Standard ဖြစ်သော Digital ရုပ်မြင်သံကြားထုတ်လွှင့်မှုစနစ် Digital Video Broadcasting- Terrestrial – 2 (DVB-T2) သို့ ပြောင်းလဲပြီး အခမဲ့ရုပ်သံထုတ်လွှင့်မှုစနစ် Free to Air (FTA) စနစ်ဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ပြောင်းလဲ ထုတ်လွှင့်မှုစီမံချက် ပထမအဆင့်အနေဖြင့် ရန်ကုန်၊ မန္တလေး (စစ်ကိုင်း)၊ နေပြည်တော် (ပျဉ်းမနား)၊ နေပြည်တော် (တပ်ကုန်း) ရှိ စက်ရုံ လေးရုံမှ အောက်တိုဘာ ၁၅ ရက်မှစ၍ ပုံမှန်ထုတ်လွှင့်မည်ဖြစ်သည်။ ဒုတိယအဆင့်အဖြစ် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၄ ခုနှစ် မေလအတွင်း မြစ်ကြီးနား၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေ၊ မင်းဘူး၊ ကလေး (ကနေဒီ)၊ ဖလမ်း၊ ပုပ္ပား၊ မိတ္ထီလာ၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ ပြည်၊ လွိုင်ကော်၊ မော်လမြိုင်၊ ဘားအံ၊ ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတနှင့် ထားဝယ်မြို့များရှိ စက်ရုံ ၂၁ ရုံတွင် Digital လွှင့်စက်များ ဆက်လက် တပ်ဆင်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ တတိယအဆင့်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံ ၅၆ ရုံကိုလည်းကောင်း၊ စတုတ္ထအဆင့်အဖြစ် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံ ၁၁ဝ ကိုလည်းကောင်း၊ ပဉ္စမအဆင့်အဖြစ် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံ ၆၆ ရုံကိုလည်းကောင်း Digital စနစ်ဖြင့် ပြောင်းလဲ တပ်ဆင် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ အဆိုပါ Digital (DVB-T2) ရုပ်သံထုတ်လွှင့်မှုစနစ်ကို ဖမ်းယူကြည့်ရှု နိုင်ရန် DVB- T2, MPEG-4 Tuner စနစ်ပါသော Digital TV များ ဖြင့်လည်းကောင်း၊ လက်ရှိ Analog ရုပ်မြင်သံကြားစက်များတွင် DVB- T2, MPEG-4 Set-top Box များတပ်ဆင်၍ လည်းကောင်း မိဘ ပြည်သူများအနေဖြင့် ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ထုတ်လွှင့်သွားမည်ဖြစ်ပြီး (MRTV Channel)၊ Myanmar International (MI Channel)၊ လွှတ်တော် (Channel)၊ တိုင်းရင်းသားရုပ်သံလိုင်း (National Races Channel)၊ တောင်သူလယ်သမား ရုပ်သံလိုင်း (Farmers Channel) စသည်ဖြင့် ရုပ်သံလိုင်း ငါးလိုင်းကို Free to Air စနစ်ဖြင့် ကနဦး ထည့်သွင်းထုတ်လွှင့် သွားမည်ဖြစ်ပါသည်။ ဆက်လက်၍လည်း ကျန်တိုင်းရင်းသား ရုပ်သံလိုင်းများ အပါအဝင် ချန်နယ် ရှစ်ခုအထိ တိုးချဲ့ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ ရန်ကုန်စက်ရုံမှ လွှင့်အား (3 KW)၊ လှိုင်းနှုန်း (CH-23) ဖြင့် ထုတ်လွှင့်မှုကို မြောက်ဘက် မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်အထိ လည်းကောင်း၊ တောင်ဘက်ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များအထိ လည်းကောင်း၊ အရှေ့ဘက်တွင် သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်အထိ လည်းကောင်း၊ အနောက်ဘက်တွင် တွံတေးမြို့အထိ လည်းကောင်း ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ စစ်ကိုင်းစက်ရုံမှ လွှင့်အား (3 KW) ၊ လှိုင်းနှုန်း (CH-31) ဖြင့် ထုတ်လွှင့်မှုကို မြောက်ဘက် မတ္တရာမြို့အထိ လည်းကောင်း၊ တောင်ဘက် ဝမ်းတွင်းမြို့အထိ လည်းကောင်း၊ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့အထိ လည်းကောင်း၊ အနောက်ဘက်တွင် မြောင်မြို့အထိ လည်းကောင်း ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ နေပြည်တော် (ပျဉ်းမနား) ရုပ်သံစက်ရုံမှ လွှင့်အား (3 KW)၊ လှိုင်းနှုန်း (CH-30) ဖြင့် ထုတ်လွှင့်မှုကို မြောက်ဘက် တပ်ကုန်းမြို့နယ်ရှိ ရွှေမြို့အထိ လည်းကောင်း၊ တောင်ဘက် သာဂရမြို့အထိ လည်းကောင်း၊ အရှေ့ဘက်တွင် ရေဆင်း၊ သိုက်ချောင်းအထိ လည်းကောင်း၊ အနောက် ဘက်တွင် တောင်ညိုအထိ လည်းကောင်း ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ နေပြည်တော်(တပ်ကုန်း)ရှိ လွှင့်စက်ရုံမှ လွှင့်အား (1 KW)၊ လှိုင်းနှုန်း (CH-23) ဖြင့် ထုတ်လွှင့်မှုကို မြောက်ဘက် ပျော်ဘွယ်မြို့ အဝင်လမ်းဆုံအထိ လည်းကောင်း၊ တောင်ဘက် ကျည်တောင်ကန်အထိ လည်းကောင်း၊ အရှေ့ဘက် သပြေကုန်းကျေးရွာ၊ နောက်ဘို့အိုးကျေးရွာအထိ လည်းကောင်း၊ အနောက်ဘက်တွင် မြောင်းမြိုက်၊ သရက်ကွင်းကျေးရွာအထိ လည်းကောင်း ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ၄င်းအပြင် နေပြည်တော်ရှိ Cable TV လိုင်းတွင်လည်း ထည့်သွင်းထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။ DVB- T2, MPEG-4 Tuner ပါသော Digital TV များဖြင့် လည်းကောင်း၊ DVB- T2, MPEG-4 Set-top Box များဖြင့် လည်းကောင်း ဖမ်းယူကြည့်ရှုသူများအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ရုပ်သံလိုင်းငါးခုသာမက မြဝတီမှထုတ်လွှင့်သော ရုပ်သံလိုင်း ခုနစ်လိုင်းကိုလည်းကောင်း၊ Forever မှ ထုတ်လွှင့်သော ရုပ်သံလိုင်း လေးလိုင်း ကိုလည်းကောင်း ဖမ်းယူကြည့်ရှုနိုင်နိုင်မည်ဖြစ်ရာ စုစုပေါင်းရုပ်သံလိုင်း ၁၆ လိုင်းကို လစဉ်ကြေးပေးသွင်းရန်မလိုဘဲ အခမဲ့ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ဤကဲ့သို့ Digital စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်ရာတွင် လက်ရှိ Analog TV ပိုင်ဆိုင်ထားသော ပြည်သူလူထုများ၏ အကျိုးစီးပွားအတွက် လက်ရှိထုတ်လွှင့်နေသော Analog စနစ် ရုပ်သံထုတ်လွှင့်မှုကိုလည်း သုံးနှစ် ဆက်လက်ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးတင်ပြ အပ်ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

KM14102013

Pyay City



No comments:

Post a Comment