Tuesday, September 3, 2013

“ခေတ်အတွေးနှင့်ရေစီးကြောင်း နေခြည်သစ်နွယ် (ပြည်) မှရေးသားသည်။


“ခေတ်အတွေးနှင့်ရေစီးကြောင်း”

တိုင်းပြည်တစ်ပြည်တိုးတက်လာဖို့ဆိုတာ ရေစီးကြောင်းအတိုင်းလိုက်ပါလို့ မဖြစ်နိုင်ပါဘူး။ ခေတ်နဲ့လျော်ညီမှန်ကန်တဲ့ အတွေးအခေါ်တွေရှိနေဖို့က အရေးကြီးလှပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို အတုယူတတ်ကြပါတယ်။ ဒီနေရာမှာ အတုယူမမှားကြဖို့တော့ လိုအပ်ပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံဟာ လွန်ခဲ့သောအချိန်ကာလလောက်မှ ဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံသာဖြစ်ပါတယ်။ သို့သော် အတုယူမှားမှုတွေ၊ မှန်ကန်တဲ့အတွေးအခေါ်တွေ နိမ့်ကျလာပြီး ရေစီးကြောင်းအတိုင်းလိုက်ပါမှုတွေရှိနေခဲ့တာကြောင့် တဖြည်းဖြည်းနှင့် ရင်လေးစရာကောင်းလှပါပြီ။ နိုင်ငံတိုင်းမှာရှိတဲ့ လူသားတိုင်းရဲ့ အဓိကအရေးကြီးဆုံးအချက် (၃)ချက်ရှိပါတယ်။ ဒါတွေကတော့ စားရေး၊ ၀တ်ရေး၊ နေရေးဆိုတာတွေပဲဖြစ်ပါတယ်။ အဲ့ဒီအချက်(၃)ချက်တွေမှာလည်းဘဲ ရေစီးကြောင်းအတိုင်း မျောပါနေကြတာကို သတိထားမိလေဟန်မထင်ပါဘူး။
ကျွန်မတို့တွေငယ်စဉ်က ကျောင်းမုန့်ဖိုး ငါးမူးလောက်ဆိုရင် ဗိုက်ပြည့်အောင်စားနိုင်ခဲ့ပေမယ့် ယခုခေတ်မှာတော့ ပိုက်ဆံငါးမူးက ငွေငါးရာကျပ်နဲ့ ညီမျှနေပါပြီ။ တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ ကျွန်မတို့ လူသားအားလုံးနဲ့သက်ဆိုင်လှပါတယ်။ အုပ်ချုပ်မှုဆိုင်ရာတွေမှာ နှောင့်နှေးကြန့်ကြာလာမှုတွေကြောင့် ဥပဒေပြုရေးတွေမှာပါ ပျက်စီးယိုယွင်းစပြုနေပါပြီ။ ယခုဆို ဂျာနယ်တွေ၊ စာစောင်တွေပေါ်မှာ ရေးသားလာမှုတွေကို တွေ့မြင်နေခဲ့ရပါတယ်။ တရားရုံးအဆင့်ဆင့်တွေမှာ အမှုသည်တွေ စည်ကားပြီး အမှုစစ်ဆေးမှုကြန့်ကြာနေခြင်းတွေနဲ့ ပတ်သက်တာတွေ ကြားသိနေခဲ့ရပါတယ်။ ဒီလို အမှုစစ်ဆေးမှုတွေ ကြန့်ကြာနေခြင်းတွေဟာ စည်းကမ်းဥပဒေနှင့်အညီ အမှုကို ခေါ်ယူခြင်းမရှိဘဲ ရေစီးကြောင်းအတိုင်းလိုက်ပါခဲ့သောကြောင့်သာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ အဂတိ လိုက်စားမှုတွေကို ပပျောက်စေရန် အဖက်ဖက်မှ ကြီးကြပ်ဆောင်ရွက်နေခဲ့ကြပေမယ့် အုပ်ချုပ်မှုတွေ တင်းကြပ်မှုမရှိခဲ့တာတွေကြောင့် အဂတိလိုက်စားမှုတွေ ပိုမိုများပြားလာတာတွေကို တွေ့မြင်နေရပါတယ်။ အဓိကအားဖြင့် တရားရုံးတွေပေါ်မှာ အမှုလိုက်ပါဆောင်ရွက်ခွင့်ရှိသူ ရှေ့နေတွေနည်းပါးနေခဲ့ပြီး ရပ်ကွက်အတွင်းမှာ သိသယောင်ယောင်၊ တတ်သယောင်ယောင် အမှုပွဲစားတွေက နေရာအတော်လေး ယူနေကြကုန်ပါပြီ။ ကျွန်မတို့နိုင်ငံရဲ့ ဥပဒေပြုရေးကိစ္စတွေမှာ ရင်လေးစရာတွေ အတော်လေးကောင်းလှပါတယ်။ ဥပဒေပြုရေးတွေကို ပြဌာန်းစာအုပ်တွေမှာ လျစ်လျူရှုခဲ့ပြီး ရေစီးကြောင်းအတိုင်း လိုက်ပါနေသူတွေကြောင့် အခြေခံလူတန်းစား လက်လုပ်လက်စား၊ ပညာနည်းပါးသော ဆင်းရဲသားပြည်သူတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးလာခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ ယခုမျက်မှောက်ခေတ်ကာလတွေ ဟာ အရင်းရှင်စနစ်ကထက် ပိုမို၍ဆိုးဝါးနေတာကို မြင်တွေ့ရပါတယ်။
ရေနစ်သူကို ၀ါးကူထိုးဆိုသလိုပါပဲ အသိပညာမကြွယ်ဝ၊ ဗဟုသုတမပြည့်စုံအားနည်းခဲ့သော ဆင်းရဲသားလူတန်းစားများအပေါ် စာနာမှုမရှိ အဂတိလိုက်စားနေခြင်းတွေဟာ ပြဌာန်းဥပဒေတွေကို ရိုက်ချိုးနေသလိုပါပဲ။ ပြည်ပနိုင်ငံတွေမှာ မီဒီယာတွေ တိုးတက်လာခြင်းကြောင့် လူမျိုးတွေလည်း တိုးတက် လာတာကို တွေ့နေရပါတယ်။ ကျွန်မတို့နိုင်ငံမှာ မီဒီယာတွေ၊ အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေ စသည့် ကွန်ယက်တွေ များပြားလာခဲ့ပေမယ့် တိုးတက်မှုတွေကတော့ ဆုတ်လျော့လို့သာလာခဲ့ပါတယ်။ ထိုသို့ နိုင်ငံအချင်းချင်း နှိုင်းယှဉ်လျင်ဖြင့် နောက်ကျလို့ ကျန်နေခဲ့ခြင်းသည် ခေတ်၏မှန်ကန်သော အတွေးအခေါ်တွေ မှေးမှိန်ပျောက်ကွယ်နေကြလို့ပါပဲ။
ငွေကြေးရရှိရေးကိုသာ ဦးတည်ချက်ထားရှိနေကြတဲ့ ကျွန်မတို့ရဲ့ လူမျိုးတွေမှာ စာနာစိတ်၊ မေတ္တာစိတ်အနည်းငယ်သာရှိနေခဲ့ကြမယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ တွေ့ကြုံရလိမ့်မှာမဟုတ်ပါဘူး။
ကျွန်မတို့နိုင်ငံဟာ ပြည်ပနိုင်ငံတွေနှင့် ပေါင်းစပ်လုပ်ကိုင်ခွင့်ရရှိနေခြင်းဟာ ဂုဏ်ယူစရာဖြစ်ခဲ့ပေမယ့် အတုမှား၊ အယူအဆမှားခြင်းတွေကြောင့် မူလနေရာမှာပဲ ရပ်တန့်နေကြရပါတယ်။ နေ့စဉ်နှင့်အမျှ ၀တ်စားဆင်ယင်နေကြသော လျှပ်ပေါ်လော်လည် “မြန်မာဆိုတာ...ဒါလား”” ဟုပင်မေးရလောက်အောင်ပင် ပြောင်းလဲနေသော ခေတ်ဟာ အတော်ပင် သတိထားစရာ၊ ဆင်ခြင်စရာတွေဖြစ်လာရ ပါတယ်။
အတုခိုးလွဲမှားတွေကြောင့် အတွေးအခေါ်ကောင်းတွေလည်း တိမ်မြုပ်လို့နေခဲ့ပါပြီ။ ယခုခေတ် သားသားမီးမီးတွေရဲ့ လက်တွေထဲမှာ မိုဘိုင်းဖုန်းတွေကို မြင်တွေ့လာရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ပေမယ့် ကျောင်းနေအရွယ် ပညာသင်ချိန်တွေမှာ “ဂိမ်း ဆိုမှ ဂိမ်း” ဟု ဖြစ်နေခဲ့ကြတဲ့ သူတို့လေးတွေရဲ့ အတွေးတွေ၊ ဆန္နတွေကြောင့် မျိုးဆက်သစ် သားသားမီးမီးတို့ရဲ့ ပညာရေးတွေမှာ အတားအဆီးတစ်ခုဖြစ်လာမှာကို လည်း စိုးရိမ်ရပြန်ပါသေးတယ်။
တိုင်းပြည်တစ်ပြည်မှာဘဲဖြစ်ဖြစ်၊ မိသားစုတစ်ခုမှာဘဲဖြစ်ဖြစ် ၊ လုပ်ငန်းတစ်ခုမှာဘဲဖြစ်ဖြစ် အုပ်ချုပ်မှုဆိုင်ရာတွေက အရေးကြီးလှပါတယ်။ အတွေးအခေါ်အယူအဆတွေကို မှန်ကန်စွာ တွေးခေါ်နိုင်ပြီး ရေစီးကြောင်းအတိုင်း မျောလိုက်မသွားမိကြစေဖို့၊ လူသားအားလုံး ကိုယ်စီကိုယ်စီ တာဝန်သိသိစိတ်ဓာတ်များဖြင့် ကိုယ်ချင်းစာတရားများထားရှိကာ တစ်ဦးကိုတစ်ဦးဖေမကူညီရင်းဖြင့် လှပသောအနာဂတ်ခေတ်ကာလတွေကို အပြုသဘောများဖြင့် ကောင်းမွန်စွာတည်ဆောက်ကြစေလိုကြောင်းဖြင့် ဆန္ဒပြုရေးသား တင်ပြလိုက်ရပါတယ်။

အားလုံးကိုခင်မင်လေးစားလျက်-
နေခြည်သစ်နွယ် (ပြည်)        pyay ct မှကူးယူဖော်ပြသည်။ပြည်သတင်း...

No comments:

Post a Comment