ပဲခူးတိုင်း ရွှေတောင်မြို့ ရပ်ကွက် သုံးခု ရေ၀င်ရောက် နေအိမ် ၄၀၀ ကျော် ရွှေ့ပြောင်းနေရ
Thursday, September 19, 2013
ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်များတွင် နေအိမ်များသို့ စက်တင်ဘာ ၁၆ ရက်မှ စတင်၍ ရေ၀င်ရောက်ကာ လမ်းများ
ရေနစ်မြုပ်လျက် ရှိနေသည်။
အဆိုပါရပ်ကွက်ကြီးသုံးခုမှ နေအိမ် ၄၀၀ ကျော် ရေ၀င်ရောက်ခဲ့ပြီး အိမ်ထောင်စု နှစ်ရာခန့်မှာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ နေထိုင်ရသည်ဟု ရွှေတောင်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောသည်။
လက်ရှိအချိန်တွင် ရေမြုပ်အိမ်ထောင်စုများသည် ရွှေမျက်မှန်ဘုန်းကြီးကျောင်း၊ ကြာနီကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ထီးတန်းလမ်းကြား၊ ရွှေပြောင်ပြောင်ဘုရားရှေ့၊ ရှစ်မျက်နှာဘုရားနှင့် ချမ်းသာကြီး ဘုရား ပရ၀ုဏ်များတွင် ပြောင်းရွှေ့နေထိုင်ကြရသည်။
သရက်တောရပ်ကွက်မှ အိမ်ထောင်စု ၂၀၊ ယွန်းတန်းရပ်ကွက်မှ အိမ်ထောင်စု ၁၁၈ ခု၊ ကြာနီကန် ရပ်ကွက်မှ အိမ်ထောင်စု ၆၀ နေအိမ်ပြောင်းရွှေ့ခဲ့ရသည်ဟုလည်း သရက်တောရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။
ယွန်းတန်းရပ်ကွက်တွင်မူ အိမ်ထောင်စု ၁၁၈ စု ပြောင်းရွှေ့ခဲ့ရပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် မြို့နယ်မှ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဆရာဝန်၊ ဆရာမများ ကွင်းဆင်းကုသပေးလျက်ရှိသည်ဟု ယွန်းတန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်လှက ပြောသည်။ ရေဘေးသင့်ပြည်သူများကို ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပဲခူးတိုင်း အစိုးရအဖွဲ့တို့မှ ဆန် ၂၀၊ ခေါက်ဆွဲ ၅၀ ပုံး၊ ဆီ(ပိသာငါးဆယ်) တို့အား လှူဒါန်းမည်ဟုလည်း ဦးချစ်လှက ပြောသည်။
Mizzima - News in Burmese pyay ct မှကူးယူဖော်ပြသည်။..ပြည်သတင်း..

No comments:
Post a Comment