ဆီးရီးယားနိုင်ငံ မြောက်ပိုင်း
အလက်ပိုမြို့ကို ဆီးရီးယား အစိုးရတပ်များက ဒုံးကျည်များ (Missiles) ဖြင့်
ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေး ၁၉ ယောက် အပါအဝင်
၂၉ ယောက် သေဆုံးသွားခဲ့ရသည်။ ဆီးရီးယား
လူ့အခွင့်အရေး လေ့လာရေးအဖွဲ့၏ စောင့်ကြည့်ချက် အရ မြို့၏ အနောက်တောင်ဘက်
အယ်-နိုင်းရက် ဆင်ခြေဖုံး ရပ်ကွက်၌ သူပုန် တပ်မဟာ ဌာနချုပ်ရှိသည့် အလျောက်
အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေသော အဖွဲ့များဖြစ်သည့် အိုင်ရာ
အစ္စလာမ်မစ် နိုင်ငံနှင့် ဆီးရီးယား အစ္စလာမ်မစ်နိုင်ငံ အဖွဲ့အပါအဝင်
သူပုန်တို့အား ညအချိန်၌ တိုက်ပွဲဆင်နွှဲခဲ့ရာ အရပ်သား မည်မျှသေဆုံးရသည်ကို
အတိအကျ မသိရှိရသေးပေ။ သို့သော် ဆီးရီးယား လေ့လာသူများ အဖွဲ့က
သတင်းရရှိခဲ့ရာ ဆီးရီးယားရှိ နယ်စပ် အဆက်အသွယ်များမှ တစ်ဆင့်
ဗြိတိန်နိုင်ငံရှိ တိုက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များက ဆန့်ကျင်ဘက်
အဖွဲ့အစည်းများကို သနား၊ ကရုဏာ သက်ကြသည်ဟု ဆိုသည်။ အဆိုပါ
သေဆုံးရသူများထဲတွင် အမျိုး သမီးလေးယောက် ပါဝင်သည်။ သမ္မတ အာဆတ်၏
တပ်ဖွဲ့များသည် ဒုံးကျည်များကို ပိုမိုအသုံးပြု၍ တိုက်ခိုက်လာခဲ့ကြသည်။
ယင်းလက်နက်များ ထိမှန်သဖြင့် မြို့ရပ်ကွက် အတွင်းရှိ တိုက်တာ အဆောက်အ အုံ
တစ်ခုမျှ အကောင်းမကျန်ဘဲ အကျိုးအပဲ့ အစအနများသာ ဖြစ်ကုန်ကြသည်။ ဤကဲ့သို့
ဒုံးကျည်များကို အသုံးပြုလာခြင်းမှာ ခြေလျင်တပ်အလုံ အလောက် မရှိမှုကြောင့်
ရည်မှန်းချက်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန်အတွက်
စစ်နည်းဗျူဟာကို ပြောင်းလဲ အသုံးပြုလာခြင်း ဖြစ်သည်။ ဆီးရီးယား
အလယ်ပိုင်းတွင် အစိုးရတပ်များသည် အင်အားကို ကောင်းစွာ အသုံးပြု၍
တိုက်ခိုက်နိုင်သည်။ ဟုမ်းမြို့တွင် သမိုင်းဝင် ခါလစ်ဘင်းအယ်- ဝါလိဗလီကို
သိမ်းပိုက်နိုင်ခြင်းကြောင့် သူပုန်တပ်ဖွဲ့ဝင်များကို ကောင်းစွာ
ထိုးနှက်နိုင်ခဲ့သည်။ ဆာနား အစိုးရ သတင်းဌာန တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်
မဟုတ်သော စစ်တပ် အရာရှိတစ်ဦး၏ အဆိုအရ အစိုးရတပ်များက ဗလီနှင့်
အနီးတစ်ဝိုက်ကို သိမ်းပိုက်ခဲ့ပြီး သူပုန်အချို့ကို
သတ်ဖြတ်နိုင်ခဲ့ကြောင်း၊ မိုင်းများ ထောင်ထား သည်ကိုလည်း
ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောရာ ဆီင်္းရီးယား လေ့လာရေး ဌာနက ဗလီကို
သိမ်းပိုက်နိုင်ခဲ့သည်မှာ မှန်ကြောင်းနှင့် အစိုးရ တပ်များနှင့် အတူ
ဟစ်ဇ်ဘိုလာတို့လည်း ဝင်ကူတိုက်ပေးသည်ဟု ဆိုသည်။ ဇူလိုင် ၂၇ ရက်က ကုလသမဂ္ဂမှ
ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာရာ အစိုးရနှင့် အစည်း အဝေး ပြုလုပ်ပြီးနောက်
ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟု သံသယရှိသော နေရာများကို
သွားရောက်ကြည့်ရှုခွင့် တောင်းခံခဲ့ရာ ဆက်လုပ်ပါဟူသော သဘော တူညီချက်ကို
ရရှိသွားသည်။ အစီရင်ခံစာများ အရ ဓာတုလက်နက်များကို အသုံးပြုပြီး
တိုက်ခိုက်မှုမှာ အကြီးအကျယ် မဟုတ်ဘဲ အနည်းအပါးသာ ဖြစ်ကြောင်း၊ ယခင်နှစ်က
တစ်ကြိမ်မကဘဲ အကြိမ်ကြိမ် သုံးခဲ့ကြောင်း တွေ့ရှိရပြီး မပြီးဆုံးသေးသော
စစ်ပွဲအတွင်း ဓာတုလက် နက်များကို အာဆတ် အစိုးရတပ်များက ယခုထက်ပိုမို
အသုံးပြုလာမည်ကို စိုးရိမ်၍ ယခုကဲ့သို့ လာရောက် စစ်ဆေးခြင်း ဖြစ်သည်။
ယင်းသို့ ကျယ်ပြန့်စွာ ပိုသုံးလာခဲ့လျှင် အစွန်းရောက် သမားများ လက်ထဲသို့
ဓာတုလက်နက်များ ကျရောက်သွားနိုင်၍ အဟန့်အတား ဖြစ်စေရန် လာရောက်
စစ်ဆေးခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
ဆီးရီးယား အနေဖြင့် စုံစမ်းစစ်ဆေးရေး
အဖွဲ့များကို တိုင်းပြည်အတွင်းသို့ အားလုံး အပြည့်အဝ
အဝင်မခံနိုင်သေးကြောင်း သိရသည်။ ယခင်တစ်ပတ်က ရောက်လာခြင်းသည်
ခွင့်ပြုချက်ရ၍ အစိုးရက စုံစမ်းစစ် ဆေးရေးအဖွဲ့များ သွားရောက်ကြည့်ရှု
နိုင်မည့်နေရာများကို ကန့်သတ်ထားသည်။ စုံစမ်းစစ်ဆေးသူများ သွားရောက်ကြည့်ရှု
စစ်ဆေးလိုသော နေရာတစ်ခုမှာ အလက်ပိုမြို့ အနောက်ဘက် ခန်အယ်-အက်ဆားလ်
ဆိုသည့် နေရာဖြစ်ပြီး မတ်လက အစိုးရတပ်များရော သူပုန်တပ်များပါ
တစ်ဖက်နှင့်တစ်ဖက် ဓာတုလက်နက်များ သုံးစွဲသည်ဟု အပြန်အလှန် စွပ်စွဲသောနေရာ
ဖြစ်သည်။ ထိုနေရာကို ဇူလိုင် ၂၆ ရက်တွင် သူပုန် အဖွဲ့တပ်များက
အစိုးရတပ်များလက်မှ ပြန်လည် သိမ်းပိုက်ယူလိုက်ရာ အစိုးရ စစ်သားပေါင်း ၁၅ဝ
ကျဆုံးခဲ့ရသည် ဟုဆိုသည်။ စစ်သား ၅ဝ ခန့်မှာ လက်နက်ချ အဖမ်းခံရပြီး
အစွန်းရောက်သူပုန် တပ်မဟာက သေနတ်ဖြင့် ပစ်သတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆီးရီးယား အစိုးရသတင်းဌာနက ပြောရာတွင် ၁၂၃ ယောက်မှာ သွေးအေးအေးဖြင့်
အသတ်ခံရကြောင်း၊ ယနေ့ သွားကြည့်ရမည်ဆိုသော ခန်အယ်- အက်ဆားလ်တွင်
ဖြစ်ကြောင်း၊ တိုက်ပွဲတွင် ထိခိုက်ကျဆုံးခြင်း မဟုတ်ဘဲ အဖမ်းခံ
လက်နက်ချပြီးမှ သွေးအေးအေးနှင့် သတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။
အစိုးရကမူ လူသတ်သည်မှာ လက်နက်ကိုင် အကြမ်းဖက်သမား အုပ်စုများ လက်ချက်ဟု
စွပ်စွဲထားသည်။ ဒမတ်စကတ် မြို့တော်အနီး မဟာဗျူဟာကျသော ဆင်ခြေဖုံးနေရာ
တစ်ခုတွင် အစိုးရတပ်များက သူပုန်တပ်များအား ချုံခို တိုက်ပွဲဆင်နွှဲခဲ့ရာ
အနည်းဆုံး ၄၉ ဦး ကျသွားသည်ဟုဆို၏။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်
လေ့လာရေး အဖွဲ့က အာဆတ် အစိုးရတပ်များ၏ လက်ထဲမှ ပြန်သိမ်းယူရန်
သူပုန်တို့ကို တိုက်ခိုက်နေသော အဒရာမြို့နားတွင် ဆန့်ကျင်ဘက် အဖွဲ့မှ
တိုက်ခိုက်ရေးသမားများ ချုံခိုတိုက်ပွဲဆင်၍ တိုက်သဖြင့် ကျဆုံးသွားရခြင်း
ဖြစ်သည်ဟု သိရ၏။ အစိုးရတပ်များ ပြန်မသိမ်းမီ လပိုင်းလောက်အထိ
ဒမတ်စကတ်မြို့တော် အတွင်းသို့ လက်နက်များကို မှောင်ခိုရောင်းဝယ်ရန်
ကုန်ကူးသော လမ်းကြောင်းဖြစ်သည်။ အာဆတ်၏ သစ္စာတော် ခံတပ်များက ဆွန်နီမွတ်စလင်
ကျေးရွာဖြစ်သော ဘေဒါရွာတွင် မိသားစုဝင် ၁၃ ယောက်ကို သတ်ဖြတ်သွားကြောင်း
သိရသည်။ အဆိုပါ ကမ်းခြေရွာ ဘေဒါ၌ အသတ်ခံရသူများတွင် အမျိုးသမီး
လေးယောက်နှင့် ကလေးခြောက်ယောက် ပါဝင်ခဲ့သည်။
မေလကလည်း အာဆတ် အစိုးရတပ်များ ထောက်ခံသော
လက်နက်ကိုင် အုပ်စုများသည် ဘေဒါရွာသူ၊ ရွာသားပေါင်း ၅ဝ ကျော်ကို
သတ်သွားခဲ့ကြသည့် အပြင် အနီးယားစ်မြို့ အနီကဌာနေသူ ၆ဝ ကျော်ကိုလည်း သတ်ဖြတ်
သွားခဲ့ကြသေးသည်။ အများစုမှာ ကလေးများ ဖြစ်ကြသည်။ အာဆတ်၏ ဂိုဏ်းတူလူနည်းစု
အလာဝိုက် မွတ်စလင်များ၏ အခိုင်အမာနေရာမှာ မြေထဲပင်လယ်ကမ်းခြေ
ပြည်နယ်တစ်ခုဖြစ်သော တားတောက်တွင် ဆွန်နီ မွတ်စလင် အနည်းငယ်သာ ရှိခဲ့ရာ
ယင်းတို့အထဲမှ ဘေဒါရွာမှာ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ အာဆတ်မိသားစု
အစိုးရအုပ်ချုပ်ရေးနှစ် (၄ဝ) ကို နှစ်နှစ် ကျော်ကြာအောင် ဆန့်ကျင်
ဆူပူတော်လှန်ခြင်းမှာ င်္ဆီးရီးယား ဆွန်နီလူများစုက ခေါင်းဆောင်ခြင်း
ဖြစ်သည်။
ဘာသာဂိုဏ်းကွဲချင်း တိုက်ခိုက်ကြ၍
တစ်ဖက်နှင့်တစ်ဖက် လူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများမှာ
တိုး၍သာလာရာ ယနေ့အထိဆိုလျှင် လူပေါင်းတစ် သိန်းကျော်သွားပြီဟု ဆို၏။ဘေဒါရွာ
လူသတ်မှုသည် အာဆတ်၏ တပ်များနှင့် သူပုန်တပ်များ ကမ်းခြေတွင် တိုက်ပွဲများ
ဖြစ်ပွားပြီးနောက် တစ်ရက်ကြာမှ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ လူအားလုံးမှာ
တိုက်ပွဲတွင် သေနတ်ထိမှန်၍ ကျဆုံးသွားရခြင်းမျိုး မဟုတ်ဘဲ ဖမ်းပြီးမှ
အေးအေးဆေးဆေး သတ်ဖြတ်သွားခြင်းဟု ဆိုသည်။
ဆီးရီးယားနိုင်ငံ တောင်ပိုင်းမြို့ကြီး
ဖြစ်သည့် ဒဲရားတွင်ရှိသော အဓိက အစိုးရ ကင်းစခန်းတစ်ခုကို
နှစ်ပတ်ခန့်ကြာအောင် အပြင်းအထန် တိုက်ခိုက်ပြီးနောက် သူပုန်တို့က
ယင်းစခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ဗြိတိန်အခြေစိုက် ဆီးရီးယား
လူ့အခွင့်အရေး လေ့လာရေးအဖွဲ့သည် ဆီးရီးယား နိုင်ငံတစ်ဝန်းလုံးတွင်
ကွန်ရက်များ ရှိသည်ဖြစ်ရာ နျူဆရာဖရန့် အဖွဲ့ဝင်များ ဦးဆောင်သည့်
သူပုန်တပ်ဖွဲ့များက နှစ်ပတ်ကြာအောင် တိုက်ခိုက်ခဲ့သဖြင့် သောကြာနေ့က အစိုးရ
တပ်စခန်းတစ်ခုကို သိမ်းပိုက် ရရှိသွားခဲ့ကြောင်း အဆိုပါအဖွဲ့က
ပြောကြားခဲ့သည်။ ယင်းအဖွဲ့၏ အကြီးအကဲ ရာမိအဗ္ဗဒူရာမန်က ပြောရာတွင်
ယခုကျသွားသည့် အစိုးရစစ်ဆေးရေး ဂိတ်စခန်းမှာ ဒဲရားမြို့အတွက် မဟာဗျူဟာ
စခန်းဖြစ်ပြီး နှစ် (၄ဝ) ကြာ အာဆတ်မိသားစု အစိုးရ အုပ်ချုပ်ရေးကို
ဆန့်ကျင်တော်လှန်ရန် ပထမဆုံး ၂ဝ၁၁ ခုနှစ် မတ်လက အိုမာရီဗလီမှ ဆန္ဒပြသမားများ
စတင်ချီတက်ခဲ့သော နေရာလည်း ဖြစ်သည်ဟု ဆိုသည်။ သူပုန်အဖွဲ့များက
တစ်မြို့လုံးကို မသိမ်းပိုက်နိုင်သေးပါ။ အစိုးရတပ်များက အနီးအနား
နှစ်နေရာတွင် ရှိနေသေးကြောင်း ၎င်းကပြောသည်။ ထိုစခန်းကို သူပုန်တို့
ရရှိသွားခြင်းဖြင့် မန်ရှီယေ၏ တောင်ဘက် ပိုင်း ဂျော်ဒန်နယ်စပ်အနီး
နေရာများကို သိမ်းပိုက်ရန် လမ်းပွင့်သွားသည်ဟု ဆိုသည်။ ကုလသမဂ္ဂ၏
ခန့်မှန်းချက်အရ အဆိုပါ ပြည်တွင်းစစ်ပွဲကြောင့် နှစ်နှစ်ကျော် ကာလအတွင်း
လူပေါင်း ၉၁ဝဝဝ သေဆုံးခဲ့ရာ ကလေး ၆ဝဝဝ ကျော် ပါဝင်ကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များက သူတို့ ရွေးချယ် ထားသော
သူပုန်အုပ်စုများကို လက်နက်များ အကူအညီပေးမည်ဟု ဆို၏။ ဝါရှင်တန် ပင်လယ်ကွေ့
မဟာမိတ်များက တင့်ဖျက် ဒုံးကျည်များ ပေးပို့ပြီးဖြစ်သည်ဟု သိရသည်။ သို့ပါ၍
နှစ်နှစ်ကျော် သုံးနှစ်အတွင်းသို့ ရောက်သည်အထိ မပြီးဆုံးသေးသော ဆီးရီးယား
ပြည်တွင်း စစ်အခြေအနေမှာ ရှေ့တိုး၍မရ၊ နောက်ဆုတ်၍ မရသော အခြေအနေတွင်
ရှိနေပြီး အနောက်နိုင်ငံများက ပေးပို့ထားသည့် လက်နက်များဖြင့်
သူပုန်အဖွဲ့တို့ ထိုးစစ်ဆင် အောင်မြင်မှု ရရှိနိုင်မည်လား ဆိုသည်ကို
စောင့်ကြည့်သွား ရဦးမည်ဖြစ်သည်။
ကိုကိုဟန်
No comments:
Post a Comment