ရန်ကုန် သြဂုတ် ၂ဝ
၂ဝ၁၂ ခုနှစ်တွင် ပဲခူးမြို့၌
မြန်မာနိုင်ငံ၏ အကြီးဆုံး လေဆိပ်အဖြစ် တည်ဆောက်မည့် ဟံသာဝတီ လေဆိပ်
စီမံကိန်းကြောင့် ပဲခူးမြို့ပေါ်တွင် မြေကွက်ဈေးများ မြင့်တက်လျက်
ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများမှ သိရသည်။
အဆိုပါ လေဆိပ် စီမံကိန်း ပြုလုပ်မည့်
နေရာဝန်းကျင်နှင့် ၎င်းမြေနေရာနှင့် လေးမိုင်ဝန်းကျင် ဝေးသော နေရာများရှိ
မြေကွက်များမှာ ငွေကျပ် သိန်း ၁၆ဝ မှ သိန်းသောင်းဂဏန်းကျော် အထိ
ရှိကြောင်း၊ လက်ရှိတွင်လည်း မြေကွက် အရောင်းအဝယ် ပုံမှန်ထက်
ပိုနေကြောင်းနှင့် မြေကွက်ဈေးများလည်း ဆက်လက် မြင့်တက်လျက် ရှိကြောင်း
ပဲခူးမြို့ပေါ်ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် တစ်ဦးက
ပြောကြားခဲ့သည်။
''အဓိက အရောင်းအဝယ် ဖြစ်တာက
လေဆိပ်ဆောက်မယ့် နေရာ ဝန်းကျင်က လယ်မြေနဲ့ မြို့ပေါ်က ဘုရားကြီးနား၊
နောက်မြို့ရှောင် လမ်းဘက်တွေမှာ အနည်းဆုံး ငွေကျပ်သိန်း ၅ဝဝ ကျော်ရှိတယ်။
အရင်တုန်းက (စီမံကိန်း မရှိခင်) အဲဒီမြေကွက်တွေက သိန်း ၆ဝ၊၇ဝ နဲ့
ဝယ်လို့ရတယ်။ အခုနှစ်ဆလောက် မြင့် သွားပြီ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ပဲခူး-ဟံသာဝတီ လေဆိပ် တည်ဆောက်မည့်
မြေနေရာသည် ဧက ၉ဝဝဝ ကျော်ရှိပြီး ရန်ကုန် လေဆိပ်ထက် ကိုးဆကျော်
ကျယ်ဝန်းကြောင်းနှင့် လေဆိပ်ကို ၂ဝ၁၆ ခုနှစ်တွင် ဖွင့်လှစ်၍ လေယာဉ်များ
စတင်ပျံသန်း ပြေးဆွဲရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment