Friday, August 16, 2013

ယောဘီပြည်နယ် မာမူဒိုရွာ အစိုးရ အလယ်တန်းကျောင်းကို အရုဏ်တက်ချိန်(ဘာသာပြန်ဆောင်းပါး)


ယောဘီပြည်နယ် မာမူဒိုရွာ အစိုးရ အလယ်တန်းကျောင်းကို အရုဏ်တက်ချိန် ကလေးများ အိပ်ဆောင်တွင် အိပ်မောကျနေစဉ် အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့က ကျောင်းကို ဓာတ်ဆီလောင်း
မီးရှို့၍ ပစ်ခတ်သတ်ဖြတ် ကြရာကလေး ၂၉ ဦးနှင့် အင်္ဂလိပ် ဘာသာပြ ဆရာတစ်ဦး သေဆုံး သွားခဲ့ရကြောင်း သတင်းကို ဖတ်ရှုလိုက်ရသည်။
အဆိုပါ အပြစ်မဲ့သော စာသင်ကျောင်းတွင် ပညာရည် နို့သောက်စို့နေကြသော ကျောင်းအိပ်ကျောင်းစား ကလေးများကို အကြောင်းမဲ့ မီးရှို့ ပစ်ခတ်သတ်ဖြတ် သွားသူများမှာ ဘိုကိုဟရမ် အဖွဲ့မှဖြစ်ကြောင်း အာဏာပိုင်များက ပြစ်တင် ပြောကြားသည်။
ဤဒေသအတွင်း မကြာသေးမီကလည်း ကလေးများ ကျောင်းဝတ်စုံ ကလေးများ ဝတ်ဆင်ကာ စာမေးပွဲ ဖြေနေကြချိန်တွင် စာသင်ခန်းထဲဝင်၍ သေနတ်များဖြင့် လာရောက် ပစ်ခတ်သတ်ဖြတ် သွားခဲ့သေးသည်။ စာမေးပွဲ ဖြေဆိုနေရင်း နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသော ကျောင်းသားလေးများမှာ ငါးဦးရှိပြီး ကျောင်းပရဝဏ် အတွင်း တွေ့တွေ့ချင်း ပစ်သတ်သွားခြင်း ခံရသော ကလေးများမှာ လေးဦးရှိသည်။ အပြစ်မရှိသော ကလေးများမှာ တူညီကျောင်းဝတ်စုံ ကလေးများ ကိုယ်စီဖြင့် သွေးသံရဲရဲ အတုံးအရုံး သေဆုံး ကျန်ခဲ့သည်။ လူသာမန်တို့ အနေဖြင့် ကလေးများ ကျောင်းစာသင်ခြင်းသည် လုံးဝ အပြစ်မရှိပါ။ ငယ်စဉ်အခါ ပညာရှာ ဆိုသလို ကျောင်းနေအရွယ်တွင် ကျောင်းနေ၍ စာပေ သင်ကြားခြင်းသည် ကလေးဘဝ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းဟု ဆိုနိုင်သည်။
သို့သော် ဘိုကိုဟရမ် သူပုန်အဖွဲ့ကမူ အနောက်တိုင်း ပညာကို သင်ကြားခြင်းသည် အပြစ်ရှိသည်။ လုံးဝ မသင်ကြားရဟူ၍ သတ်မှတ်ထားသည်။ ဘိုကိုဟရမ် ဆိုသည်မှာ ဟောင်စာ ဘာသာစကားဖြစ်၍ Western Educationis Sinful အနောက်တိုင်း ပညာရေးကို သင်ယူလျှင် အပြစ်ရှိသည်ဟူသော အဓိပ္ပာယ် ဖြစ်သည်ဟု ဆိုသည်။ အထက်တွင် ဖော်ပြခဲ့သော မာမူဒိုရွာ အထက်တန်းကျောင်း ကလေးများ အိပ်ဆောင်ကို ဓာတ်ဆီလောင်း မီးရှို့၍ အိပ်ပျော်နေကြသော ကလေး ၂၉ဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ရစဉ်က အခြေအနေကို အသက်မသေ ကျန်ရှိသည့် ကလေးများအား မေးမြန်းကြည့်ရာတွင် အိပ်ပျော်နေတုန်းမှာ သေနတ်သံတွေ ကြား၍ လန့်နိုးတော့ ဝတ်စုံနဲ့ တစ်ယောက်က ကျွန်တော့်ကို သေနတ်ဖြင့် ချိန်ထားတာ တွေ့ရပါတယ်။ ဒါနဲ့ပြန်ခုခံမယ်လို့ လက်ကိုလည်း မြှောက်လိုက်ရော သေနတ်နဲ့ပ စ်ချလိုက်ရာ သူ့လက်လေးချောင်းလည်း ထိသွားတယ် ။အသက်တော့ မသေဘဲ ကျန်ခဲ့ပါတယ်ဟူ၍ ၁၅နှစ်သား မူဆာဟက်ဆန်ဆိုသူ ကျောင်းသားလေးက ပြောသည်။ ဟက်ဆန်က သူမြင်သမျှ ပြန်ပြောပြရာတွင် သေနတ်ကိုင် လူဆိုးတွေက ဓာတ်ဆီပုံးတွေ ယူလာပြီး ကျောင်းအုပ်ချုပ်ရေးရုံး အပိုင်းနှင့် ကျောင်းသား အိပ်ဆောင်တစ်ဆောင်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ကြကြောင်း၊ ကလေးတွေကို အရှင်လတ်လတ် မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောင်းသား ၁၂ဝဝ ခန့် ရှိရာတချို့လည်း တောထဲ ထွက်ပြေးကြကြောင်း၊ တောထဲထွက်ပြေးသည့် ကျောင်းသားလေးများ ယနေ့ထိ ပြန်မလာကြတော့ဘဲ ဘိုကိုဟရမ် အဖွဲ့က ဖမ်းခေါ်သွားသလား မသိပါကြောင်း ပြောသည်။
AP သတင်းဌာန အဆိုအရ ဘိုကိုဟရမ် အဖွဲ့က အသေခံဗုံးခွဲခြင်း အပါအဝင် ၂ဝ၁ဝ ပြည့်နှစ်ကတည်းက တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၆ဝဝ အသက် ဆုံးရှုံးကြရသည်ဟု ဆိုသည်။ သမ္မတ ဂွတ်လပ်ဂျိုနသန်သည် ပြီးခဲ့သည တစ်လကျော်က အရေးပေါ် အခြေအနေ ကြေညာပြီး တပ်အင်အားထောင်နှင့် ချီ၍ သောင်းကျန်းမှုကို နှိမ်နင်းခဲ့သည်။ ဘိုကိုဟရမ် အဖွဲ့သည် မိုင် ၁၄ဝ ဝေးသော ဘော်နိုပြည်နယ် မယ်ဒူဂူရီမြို့တွင် အခိုင်အမာ တပ်စွဲထားသည်။ ဤသို့ ဘိုကိုဟရမ်အဖွဲ့၏ သတ်ဖြတ်မှုများကြောင့် ရက်သတ္တပတ် အတွင်း ကင်မရွန်း နိုင်ငံဘက်သို့ ထွက်ပြေးကြရသူပေါင်း ၂ဝဝဝဝ ကျော်ရှိပြီဟု ဆို၏။ ဘိုကိုဟရမ် အဖွဲ့ကို ၂ဝဝ၁ ခုနှစ်တွင် မိုဟာမက် ယူဆွတ်ဖ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တိုင်းပြည်တွင် ရှာရီယာ ဥပဒေဖြင့် အုပ်ချုပ်ရေးကို တည်ထောင်လိုသည့် ရည်ရွယ်ချက်ရှိပြီး လူသားတို့ ရေးဆွဲသော ဥပဒေကို အပြင်းအထန် ဆန့်ကျင်သည်။ ဘိုကိုဟရမ် အဓိပ္ပာယ်ကိုက အနောက်တိုင်း ပညာရေးကို သင်ယူလျှင် အပြစ်ရှိသည် ဆိုသဖြင့် စာသင်ကျောင်းများ သာမက ခရစ်ယာန် ဘာသာဝင်များနှင့် ဘုရားရှိခိုး ကျောင်းများကိုလည်း တိုက်ခိုက်တတ် သည်။ ၂ဝ၁၁ ခုနှစ်က လူပေါင်း အနည်းဆုံး ၄၅ဝ အသတ်ခံရသည်မှာ ၎င်းတို့ လက်ချက်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ပထမခြောက်လ၌ လူပေါင်း ၆၂ဝ သေဆုံးခဲ့ရသည်။ ဂျီဟတ်ဝါဒီများက အသေခံ ဗုံးခွဲ သတ်ဖြတ်မှုကြောင့်လည်း အကြမ်းဖျင်းလူ ၁ဝဝဝဝ ခန့် သေဆုံးရသည်။
ဘိုကိုဟရမ် အဖွဲ့သည် ဖွဲ့စည်းပုံ သတ်သတ်မှတ်မှတ်လည်း မရှိပါ။ အမေရိကန် တပ်မှူးတစ်ဦး အဆိုအရ ဘိုကိုဟရမ်သည် အစ္စလာမ် မစ်မက်ဂရက်မှ အယ်လ်ကိုင်ဒါ (AQIM) နှင့် ဆက်စပ်မှု ရှိပုံရသည်ဟုဆို၏။ နိုင်ငံတကာ အထောက်အပံ့ တစ်စုံတစ်ရာ သက်သေမတွေ့ ရှိရသေးဟု ဆို၏။ ခေါင်းဆောင် ယူဆွတ်ဖ်အား BBC နှင့် တွေ့ဆုံ မေးမြန်းရာတွင် ကမ္ဘာကြီး လုံးဝိုင်းသည်ကို လက်မခံ အစ္စလာမ် ဘာသာရေး အဆိုနှင့် ဆန့်ကျင်သည်ဟု ဆို၏။ ဒါဝင်၏ သီအိုရီဖြစ်သော လူသည်မျောက်မှ ဆင်းသက်သည်ကိုလည်း လက်မခံ။ မိုးရွာခြင်းသည် နေပူရှိန်ကြောင့် ရေခိုးရေငွေ့အဖြစ် ပြောင်းသွားသော တိမ်တိုက်များမှာ ကုန်းတွင်းပိုင်းသို့ လေတိုက်၍ ရွေ့လာခဲ့ပြီး မိုးစက်မိုးပေါက်များ အဖြစ် ရွာသွန်းချသည် ဆိုခြင်းကိုလည်း လက်မခံ။ ယူဆွတ်ဖ် မသေမီက လက်ရှိ ပညာရေး စနစ်ကို ပြောင်းပစ်ရမည့် အကြောင်းနှင့် ဒီမိုကရေစီကိုလည်း လက်မခံပေ။ နိုင်ဂျီးရီးယား ပညာရှင် ဟူစိန်ဇာကာ ရီးယားက BBC ကို ပြောပြရာ၌ ၎င်းသည် ဘွဲ့ရပညာတတ် ဖြစ်ကြောင်း၊ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်ကြောင်း၊ ဇိမ်ကျကျ ကြီးကျယ်ခမ်းနားစွာ နေထိုင်သူဖြစ်ကြောင်းနှင့် မာစီဒီး ဘင့်ဇင်ကားကို စီးနင်းသူ ဖြစ်ကြောင်း သိရသည်။
ဘိုကိုဟရမ် အဖွဲ့၏ သမိုင်းကြောင်းကို ပြန်ကြည့်မည် ဆိုလျှင် ၁၉၉၅ ခုနှစ်က ရှားဘား (Shabaab) ဆိုသည့် အမည်ဖြင့် မွတ်စလင် လူငယ်အဖွဲ့ကို မော်လမ်လာဝေါဆိုသူ ခေါင်းဆောင်၍ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လာဝေါက ပညာ ဆက်လက် ဆည်းပူးရန် ထွက်သွားတော့မှ မိုဟာမက် ယူဆွတ်ဖ်က ခေါင်းဆောင်နေရာ ယူလိုက်ခြင်း ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တွင် နိုင်ဂျီးရီးယား အစိုးရက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာ အဖွဲ့ဝင် အတော်များများ ဖမ်းဆီးခြင်း ခံရကာ အစိုးရ၏ လုံခြုံရေး တပ်များနှင့် ပြဿနာဖြစ်၍ လူပေါင်း ၇ဝဝ သေဆုံးခဲ့ရသည်။ သို့ဖြစ်၍ ရရာလက်နက် ဖြစ်သည့်လေးနှင့် အဆိပ်လူးမြားတို့ကိုအ သုံးပြု၍ ရဲစခန်းများကို ဝင်စီးခြင်း ပြုလုပ်ခဲ့ရာ ခေါင်းဆောင် ယူဆွတ်ဖ် ကျဆုံးခဲ့ရပြီး ၂ဝ၁၁ ခုနှစ် ဇန်နဝါရီက ဘော်နိုတွင် အကြမ်းဖက် ပွဲဦးထွက် တိုက်ခိုက်မှု လုပ်ခဲ့သည်။ ထို့နောက်တွင် ပြန်ပေးဆွဲခြင်း အပါအဝင် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ရာ၂ဝ၁၂ ခုနှစ်တွင် လူပေါင်း ၉ဝဝ သေဆုံးခဲ့ရသည်။ ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ကဒူးနား ပြည်နယ်တွင် အသေခံ ဗုံးခွဲခြင်းဖြင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ပစ်ခတ်တိုက်ခိုက်ရာ ဝတ်ပြုနေကြသူ ၁၉ ဦးသေဆုံးရသည်။ နိုင်ဂျီးရီးယား လွတ်လပ်ရေး သက်တမ်းနှစ် ၅ဝ အတွင်း ခရစ်ယာန်တို့က မွတ်စလင်တွေထက် ပိုမိုချမ်း သာလာကြပြီး ရေနံကြွယ်ဝလာမှုကို မျှဝေခံစားရခြင်း မရှိ၍ စီးပွားရေး မညီမျှမှုများ ဖြစ်ပေါ်ကာ ဘာသာရေးနှင့် လူမျိုးရေး အုပ်စုများအကြား ကွဲပြားခြားနားမှုများ ဖြစ်လာခဲ့သည်။
ဘိုကိုဟရမ်တို့သည် ခရစ်ယာန်တို့ကို မြောက်ပိုင်းမှ နှင်ထုတ် လိုကြသည် ဖြစ်၍ သောင်းကျန်းမှု ပြဿနာမှာ မအေးချမ်းနိုင်အောင် ဖြစ်နေရသည်။ နောက်ဆုံး ၎င်းတို့ကို ဝေဖန် မကောင်းကြောင်း ပြောသော မွတ်စလင် ဘာသာရေး ဆရာများကိုပင် ရန်ရှာလာသည်။ စာသင်ကျောင်းများတွင် ပညာသင်ကြားနေသော မွတ်စလင် ကလေးများကိုပင် လိုက်လံ သတ်ဖြတ် နေကြ သူများ ဖြစ်ကြောင်း သိရှိနိုင်ပါရန် ရေးသားလိုက်ရသည်။
ကိုကိုဟန်

No comments:

Post a Comment