ဂန့်ဂေါ သြဂုတ် ၂၃
ကလေး- ဂန့်ဂေါ- ရေမျက်နီရထား လမ်းပိုင်းမှ ကလေးမြို့အနီး စည်းဟောင်ဘူတာနှင့် မှန်တော ဘူတာကြားရှိ မြေချောင်း တံတားအောက်ခြေ ရေတိုက်စား ခံရသည့်အတွက် ပြုပြင်မှုများ ဆောင် ရွက်နေသောကြောင့် ရထားခရီးစဉ်များ တစ်ပတ် ရပ်နားထားကြောင်း သိရသည်။
''မြေချောင်းကိုဖြတ်ကူးတဲ့ တံတား အောက်ခြေမှာ ရေတိုက်စားခံရပြီး ပျက်စီးမှုတွေ ဖြစ်နေတဲ့အတွက် ရထား ဖြတ်ကူးတဲ့အခါမှာ အန္တရာယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တံတားအောက်ခြေ ရေ တိုက်စား တာကို ပြုပြင်ဖို့အတွက် ရထား ပြေးဆွဲခြင်းကို ယခုလ ၂ဝ ရက်ကနေ ၂၇ ရက်အထိ တစ်ပတ် နားထား တာပါ။ ပြုပြင်ပြီးရင်တော့ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲမှာပါ'' ဟု ဂန့်ဂေါဘူတာမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ကလေး- ဂန့်ဂေါရထားသည် နေ့စဉ် ခေါက်ပြန်ပြေးဆွဲနေသည့် ရထားဖြစ်ပြီး ဒေသခံများ အားကိုး အားထားပြုမှုများ သည်ဟု သိရသည်။ ကလေးမြို့မှ နေ့စဉ် နံနက် ၅ နာရီဝန်းကျင်တွင် ဂန့်ဂေါသို့ ထွက်ခွာပြီး ဂန့်ဂေါသို့ မွန်းလွဲ ၁၂ နာရီ ခွဲဝန်းကျင်တွင် ရောက်ရှိသည်။ ယင်းနောက် အဆိုပါ ရထားသည် ဂန့်ဂေါတွင် ခေတ္တနားပြီး မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ကလေးမြိုသို့ ပြန်လည်ထွက်ခွာ သည်ဟု သိရသည်။
''ကလေး- ဂန့်ဂေါက ရထားနဲ့သွားရတာ ပိုအဆင်ပြေပါတယ်။ ကားနဲ့ဆိုရင် အဆင်မပြေဘူး။ ဒါကြောင့် ဒေသခံ ပြည်သူတွေက ရထားကို အားထားကြတယ်။ ရထားလက်မှတ်ကလည်း ပထမ တန်းတစ်စောင်ကိုကျပ် ၁၅၅ဝ သတ်မှတ်ဈေးဖြစ်ပြီး ရိုးရိုးတန်းကတော့ တစ် စောင်ကို ကျပ် ၁၁၅ဝ သတ်မှတ်ဈေးရှိ ပါတယ်'' ဟု ခရီးသွားပြည်သူ တစ်ဦး က ပြောသည်။
ကလေး- ဂန့်ဂေါရထားသည် ကလေး မြို့မှ ထွက်ခွာစဉ် လူစီးတွဲ ခုနစ်တွဲဖြစ် ထွက်ခွာခဲ့ပြီး မွှေ့လယ် ဘူတာတွင် လူစီးတွဲ နှစ်တွဲဖြုတ်ကာ ဂန့်ဂေါသို့ လူစီးတွဲ ငါးတွဲ ဖြစ်ထွက်ခွာသည်။ အဆိုပါ ရထားသည် အပတ်စဉ် စနေနေ့တိုင်း ရေမျက်နီသို့ တစ်ခေါက်ပြေးဆွဲပေး သည်ဟု သိရသည်။
No comments:
Post a Comment