Wednesday, August 14, 2013

ငှက်ပျောခိုင် အညှာ မှလုံးပတ်သုံးပေ၊ အမြင့် နှစ်ပေကျော်ခန့် ရှိသည့် ကြာပွင့်ထီးဆောင်း ဖူးပွင့်နေ



ပုသိမ်  သြဂုတ်  ၁၄
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ်(၈) ရပ်ကွက် မဟာဗောဓိလမ်း နံ့သာကုန်း မိုးကုတ်ဝိပဿနာ ရိပ်သာ၌ ခြောက်လတာမျှ သက်တမ်းရှိသော ငှက်ပျောပင် လေးပင်အနက် တစ်ပင်တွင် ငှက်ပျောခိုင် အညှာ မှလုံးပတ်သုံးပေ၊ အမြင့် နှစ်ပေကျော်ခန့် ရှိသည့် ကြာပွင့်ထီးဆောင်း ဖူးပွင့်နေသည်ကို ယမန်နေ့က တွေ့ရှိရ သည်။
အဆိုပါ ထူးဆန်းအံ့ဖွယ် ငှက်ပျောပင်မှ ကြာပွင့်ထီးဆောင်းသည် လွန်ခဲ့သော ခုနစ်လခန့်က နံ့သာ ကုန်းမိုးကုတ်ဝိပဿနာ ရိပ်သာ ဦးစီးပဓာန ဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသာသန အရှင်မြတ်ကြီးသည် ကျောက်ကပ် ဝေဒနာခံစားနေရသဖြင့် သစ်သီးဆွမ်း ဘုန်းပေးနေစဉ် ငှက်ပျောသီးတစ်လုံးမှ အစေ့ခုနစ်စေ့ ရရှိသည်။ ထိုငှက်ပျောစေ့များကို ဆွမ်းချက်ယောဂီ ဒေါ်အမိုး အား နိုင်ငံတော်အေးချမ်း သာယာပါစေကြောင်း၊ ဗုဒ္ဓသာသနာ ထွန်းကားစေကြောင်း ဆုတောင်းမေတ္တာပို့၍ ဆွမ်းစားကျောင်း အနီး၌ အဓိဋ္ဌာန်ပြု၍ စိုက်ပျိုးစေ ခဲ့၏။ ထို့နောက် ဆရာတော်သည် ကျောက်ကပ်ဝေဒနာဖြင့် ရန်ကုန်မြို့၌ ဆေးကုသမှု ခံနေရာမှ မေ ၂၉ ရက် တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။
ယင်းနောက် ဆရာတော်၏ ဈာပနပူဇော်ပွဲ ကျင်းပပြီး ရက်ပေါင်း ၇ဝ ပြည့်မြောက်သည့် နေ့တွင် ဆရာတော် အဓိဋ္ဌာန်ထားရှိသည့် အတိုင်း ငှက်ပျောပင်မှ ယခုကဲ့သို့ နိုင်ငံတော်တစ်ခွင် အေးချမ်း သာယာစေကြောင်းနှင့် ဗုဒ္ဓသာသနာ ထွန်းကားစေကြောင်း ဟူသော အတိတ်ကောင်း၊ နိမိတ်ကောင်းဖြင့် ကြာပွင့်ထီးဆောင်း ဖူးပွင့် လာရခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။
ပုသိမ်လှကြည်

No comments:

Post a Comment