Monday, August 19, 2013

သတင်းခေတ် စစ်ပွဲများအတွက် တရုတ်တို့၏ စစ်စည်းရုံးခြင်း ဆိုင်ရာ ကြိုတင် ပြင်ဆင်ချက် (၄) ချက်






နိုင်ငံတစ်ခု၌ ရိုသေ ခံ့ညားလောက်သော စစ်အင်အား (လုံခြုံရေးအင်အား) မရှိဘဲ ခိုင်မာသော လုံခြုံရေး အာမခံမှု ရှိလာမည် မဟုတ်ပါ။ ခိုင်မာသော လုံခြုံရေး အာမခံမှု မရှိပါက လည်း နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု ရှိလာမည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ၌ ရိုသေ ခံ့ညားလောက်သော စစ်အင်အားသည် အခြေခံ လိုအပ်ချက်တစ်ခု အဖြစ် ပါဝင်လာခြင်း ဖြစ်ပေသည်။ ၎င်းလိုအပ် ချက်ကို ပြည့်စုံစွာဖြည့် ဆည်းနိုင်ရန်မှာ နိုင်ငံတစ်ခု၏ တပ်မတော် တစ်ရပ်တွင်သာ တာဝန်ရှိသည် မဟုတ်။ နိုင်ငံသား အားလုံးတွင် တာဝန်ရှိပေသည်။ ၎င်းတာဝန်ရှိမှုကို သိရှိနိုင်ရန်နှင့် ပြဋ္ဌာန်းနိုင်ရန် အတွက် နိုင်ငံတိုင်း၌ ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကိုက်ညီသော '' စစ်စည်းရုံးမှု (War Mobilization) ကို ဆောင်ရွက်၍ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကို ဆောင်ရွက် လျက် ရှိကြပေသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ပြည်သူ အားလုံးပါဝင်သော ပြည်သူ့စစ် မဟာဗျူဟာကို နိုင်ငံတော်၏ ကာကွယ်ရေး နှင့် စစ်ရေး မဟာဗျူဟာ၌ အဓိက မဟာဗျူဟာ အဖြစ် ကျင့်သုံး အကောင်အထည် ဖော်လျက်ရှိပေသည်။ တရုတ်တို့သည် ပြောင်းလဲ တိုးတက်လာသော ခေတ်စနစ်နှင့် အညီ ၎င်းတို့၏ စစ်စည်းရုံးခြင်းအား အမြဲ သုံးသပ်ပြင် ဆင်ခြင်း ပြုလုပ် လျက်ရှိရာ ၎င်းတို့၏ ကြိုတင် ပြင်ဆင်ချက် များနှင့် အယူ အဆများမှာ လေ့လာသင့်သည့် ကိစ္စ တစ်ရပ်ပင် ဖြစ်သည်။

တရုတ်တို့သည် စစ်စည်းရုံးခြင်း ဆိုင်ရာ၌ စဉ်ဆက်မပြတ် ကြိုတင်စီစဉ်ရန် အချက်(၄)ချက် ရှိကြောင်း ယူဆခဲ့ကြသည်။ ၎င်းတို့မှာ တပ်မတော်နှင့် လက်နက်ကိုင် တပ်များ၏ စစ်စည်းရုံး ခြင်းအား ကြိုတင်ပြင် ဆင်ခြင်း၊ စစ်စည်းရုံးခြင်း ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အတွက်ပြင်ဆင်ခြင်း၊ မြို့ပြ လေကြောင်းရန် ကာကွယ်ရေး စနစ်၏ စစ်စည်းရုံးမှု နှင့် နိုင်ငံတော် သယ်ယူ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး စနစ်အတွက် ကြိုတင် ပြင်ဆင်ခြင်းတို့ ဖြစ်သည်။

ယနေ့ကမ္ဘာသည် သတင်းခေတ် အတွင်း နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့် အညီ မျက်မှောက်ခေတ် စစ်ရေး၊ စစ်ရာများသည်လည်း သတင်း အခြေပြု၊ သတင်းစစ်ဆင်ရေး (Information Base Warfare) သို့ ကူးပြောင်း လာခဲ့ကြသည်။ ထို့ကြောင့် တရုတ်တို့က ၎င်းတို့၏ တပ်မတော်နှင့် လက်နက်ကိုင် တပ်များ၏ စစ်စည်းရုံးမှု၌ သတင်းနည်း ပညာ ကျွမ်းကျင်သူများအား စည်းရုံး ရရှိစေရေး အလေးထား ဆောင်ရွက်လျက် ရှိပေသည်။ ထို့အပြင် သတင်း စစ်ဆင်ရေး ဆောင်ရွက်နိုင်ရန် အတွက် စစ်ကာလ ရောက်ရှိခဲ့ပါက နည်းပညာ ရှင်များနှင့် ဖွဲ့စည်းထားသော တပ်ရင်း၊ တပ်ဖွဲ့အသစ်များ အမြန်ဆုံး ဖွဲ့စည်း နိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက် လျက်ရှိပေသည်။ သတင်းစစ်ပွဲအတွက် လိုအပ်သော အခြေခံ ဆောက် အအုံများ၊ ပစ္စည်း ကိရိယာများအား ကြိုတင်၍ စစ်စည်းရုံးမှု ပြုလုပ် ထားကြသည်။

စစ်စည်းရုံးခြင်း ဆိုင်ရာ စီမံခန့်ခွဲမှု စနစ်အတွက် ကြိုတင် ပြင်ဆင်ရာတွင် '' နိုင်ငံတော် အဆင့် စစ်စည်းရုံးမှု ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ'' ( Mobilization Law of National Economy) အား ဦးစွာ ပြဋ္ဌာန်းရမည်ဟု ဆိုခဲ့သည်။ ၎င်း၌ နိုင်ငံတော်၊ အစိုးရ၊ လူမှုရေး၊ စီးပွားရေး အဖွဲ့ အစည်းများ၊ လူတစ်ဦးချင်း တာဝန်တို့အား ဖော်ပြ ထားရပေမည်။ နိုင်ငံအဝန်း နှင့် အဖွဲ့အစည်းများ အကြား၌ စစ်စည်းရုံးမှုဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ ရုံးများအား ကြိုတင် စီစဉ်ထားပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များက ထောက်ပံ့ ကူညီ ပေးရပေ မည်။ ထို့အပြင် အနာဂတ်ကို မျှော်မှန်း၍ အဖွဲ့အစည်း အသီးသီးတွင် ရှိနေမည့် စစ်စည်းရုံးခြင်း တာဝန်ခံ အဖွဲ့များက စီမံချက်များရေး ဆွဲထားရန် အဆိုပြုခဲ့သည်။ ခေတ်သစ် စစ်ပွဲများ၌ စစ်စည်းရုံးခြင်းတွင် အဓိက သော့ချက်ဖြစ်သော အကြောင်းအရာမှာ သယ်ယူ ပို့ဆောင်ရေး စနစ်၊ ဆက်သွယ်ရေး စနစ်နှင့် အဆင့်မြင့် စစ်ပွဲသုံး လက်နက် ကိရိယာများ ထုတ်လုပ်ရေးဖြစ် သည်။ ထို့ကြောင့် အဆင့်မြင့် နည်းပညာသုံး စက်ရုံသစ်များ တည်ဆောက်ရေးသည် မရှိမဖြစ် လိုအပ်လာခဲ့သည်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် တို့ကလည်း နိုင်ငံတော် ကာကွယ်ရေးနှင့် စစ်ရေး လိုအပ်ချက်များကို ပံ့ပိုးနိုင်ရေး အဆင့်မြင့် နည်းပညာသုံး စက်ရုံများ အတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးကို အားပေးလာကြသည်။ စစ်ဘက်နှင့် အရပ်ဘက် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အဆင့်မြင့် စစ်အသုံးအဆောင်များ ထုတ်လုပ်နိုင်ရေး နှင့် စစ်ပွဲဖြစ်ပွားသည်နှင့် စစ်စည်းရုံးမှု ပြုလုပ်လျက် အရှိန်မြှင့်တင် ထုတ်လုပ်နိုင်ရေး သိပ္ပံနှင့် နည်းပညာရပ် ဆိုင်ရာ အလုပ်ရုံ၊ စက်ရုံများနှင့် ပညာရှင်များ၊ အဖွဲ့အစည်းများကို မှတ်ပုံတင်ခြင်း၊ စည်းရုံးခြင်းတို့ ပြုလုပ် လျက် ရှိပေသည်။

မြို့ပြ လေကြောင်းရန် ကာကွယ်ရေး စနစ် ဆောင်ရွက်နိုင်ရန် စစ်စည်းရုံးမှု ကြိုတင် ပြင်ဆင်ရာ၌ တရုတ်တို့သည် ''တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြို့ပြလေကြောင်းရန် ကာကွယ်ရေး ဥပဒေ'' (The Law of Civil Air Defence of The People’s Republic of China )အား ပြဋ္ဌာန်း ဆောင်ရွက်ခဲ့သည်။ ၎င်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ ရေရှည် အတွက် ပြင်ဆင်မှုပြုလုပ်ရန်၊ ငြိမ်းချမ်းစဉ် အခြေ အနေနှင့် စစ်ပွဲအခြေ အနေ နှစ်ရပ်လုံး၌ ပူးပေါင်း ဆောင်ရွက်မှု ရှိစေရန်နှင့် မြို့ပြများ တည်ဆောက်ခြင်း၊ နေရာ ချထားခြင်းတို့အား လေကြောင်းရန် ကာကွယ်ရေး စီမံခန့်ခွဲမှု နှင့် ညှိနှိုင်း ဆောင်ရွက်လျက် စဉ်ဆက်မပြတ် တိုးတက်မှု ရှိစေရေး ဆောင်ရွက်သွားရန်တို့ ဖြစ်ကြောင်း သိရှိရသည်။

တရုတ်တို့သည် မြို့ပြ လေကြောင်းရန် ကာကွယ်ရေးအား မြို့ကြီးများအားလုံး၌ ဦးစားပေး တည်ဆောက်ပြီး ဖြစ်သည်။ မြို့ပြလေကြောင်းရန် ကာကွယ်ရေးအတွက် အမိန့်ပေးစနစ်များ၊ အကာအကွယ် အင်ဂျင်နီယာ လုပ်ငန်းများ တည်ဆောက်မှု ဆောင်ရွက်ခဲ့သည်။ မြို့ပြ စီမံကိန်းများ ရေးဆွဲစဉ်ကပင် စီမံကိန်း ရေးဆွဲသည့် အဖွဲ့သည် မြို့ပြလေကြောင်းရန် ကာကွယ်ရေး အစီအမံများအား တစ်ပါတည်း ထည့်သွင်းရေးဆွဲနိုင်ရေး စစ်စည်းရုံးမှု ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပေသည်။

၁၉၉၇ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သော အဋ္ဌမ အကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ဂရက်၏ ပဉ္စမအစီအစဉ်မှ တိုက်ပွဲဝင် အသင့်ဖြစ်စေရေး အတွက် သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ နိုင် ငံတော် ကာကွယ်ရေး ဥပဒေကို အောင်မြင်စွာ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြင့် တရုတ်တို့သည် နိုင်ငံတော် သယ်ယူပို့ဆောင်ရေး စနစ်အပေါ် စစ်စည်းရုံးမှုအား တရားဝင် စတင်ခဲ့လေသည်။ ၎င်းနောက် သယ်ယူ ပို့ဆောင်ရေး ကွန်ရက်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်။ ကမ်းရိုးတန်း ဆက်စပ် နယ်မြေများ ဖြစ်သော တရုတ်နိုင်ငံ၏ အရှေ့ မြောက်နှင့် အရှေ့ဘက်ရှိ ရထားလမ်း ကွန်ရက်အား တရုတ်ပြည် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့ပါ တိုးချဲ့ခဲ့သည်။

လေကြောင်း ပို့ဆောင်ရေး ကွန်ရက်အား Beijing, Shanghai, Guang-zhou, Chengdu မြို့ကြီး လေးမြို့ကို အခြေခံ၍ တစ်နိုင်ငံလုံးသို့ ဆက်သွယ်ခြင်း ဆောင်ရွက်ခဲ့လေသည်။ အခြား ပို့ဆောင်ရေး လုပ်ငန်းများ အားလည်း စစ်ပွဲ၌ အသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ် တိုးတက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် သတင်းခေတ်၏ တိုးတက် ပြောင်းလဲမှုများနှင့် ဈေးကွက် စီးပွားရေး စနစ်၏ ပြောင်းလဲမှုများနှင့် အညီ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အမြဲဆန်းစစ် ပြဋ္ဌာန်း သွားမည် ဖြစ်သည်။

နိုင်ငံတော ကာကွယ်ရေး စနစ်နှင့် ဆက်စပ်နေသော ဆက်သွယ်ရေး စနစ်အား စစ်ဆင်ရေး နယ်မြေ၌ လက်တွေ့ စုစည်းအသုံးပြုနိုင်ရေး ဆောင်ရွက်နေသည်။ ဆောင်ရွက်သမျှ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး လုပ်ငန်းများအား စစ်ဘက်အရပ်ဘက် နှစ်မျိုးလုံး သုံးနိုင် စေရေး (Dual use) နှင့် စစ်ကာလ၊ ငြိမ်းချမ်းစဉ်ကာလ ကာလနှစ်ခုလုံး သုံးနိုင်စေရေး ဆောင်ရွက်လျက် ရှိပေသည်။ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများအား စတင် ဆောက်လုပ် ကတည်းကပင် စစ်ရေး ကိစ္စများအတွက် ထည့်သွင်း တွက်ချက် ရေးဆွဲလာခဲ့ကြသည်။ ထို့ အပြင် တရုတ်တို့သည် အနာဂတ် စစ်ပွဲများ၌ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် မဟာဗျူဟာမြောက် ခရီးဝေးဝေးသို့ သွားလာ ပို့ဆောင်နိုင်ရေးသည် ပိုမိုအရေး ပါလာမည်ဟု ခန့်မှန်း သဖြင့် လေကြောင်း နှင့်ရေကြောင်း ပို့ဆောင်ရေး စနစ်တို့အား အဓိက အလေးထားလျက် ရှိပေသည်။

စစ်နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့် ဆိုကြရာတွင် အစဉ်အလာအရ နှစ်ပေါင်းများစွာ ကြာသည့်တိုင် လက်ခံ ယူဆခဲ့ကြသည်မှာ '' စစ်ဟူသည် တစ်ဖက်ပြိုင်ဘက် (ရန်သူ)အား မိမိ အလိုကျ လုပ်ဆောင်လာအောင် လက်နက်ကိုင် တပ်များအား အသုံးပြုခြင်း'' ဟူ၍ဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင်မူ စစ်သည်များ ပါဝင်ခြင်း မရှိသော ယှဉ်ပြိုင်မှုများ ကိုလည်း တွေ့မြင်နေကြရပြီ ဖြစ်သည်။ ကွန်ပျူတာ ကွန်ရက်စနစ်ကို ထိုးဖောက်သော ဟက်ကာ (Hacker ) စစ်ဆင်ရေး၊ မီဒီယာများမှ ဆောင်ရွက်နိုင်သော ဝါဒဖြန့် စစ်ဆင်ရေး (Propaganda Warfare)၊ ယဉ်ကျေးမှု လွှမ်းမိုးရေး ဆောင်ရွက်မှုများမှ အကြမ်းဖက် လုပ်ရပ်များ အထိသည် စစ်သည်များ ပါဝင်သော စစ်ပွဲများကဲ့သို့ပင် ပျက်စီး ဆုံးရှုံးမှု ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပေသည်။ ထို့ကြောင့် စစ်၏အဓိပ္ပာယ် ဖွင့်ဆိုရာ၌ ''စစ်ဟူသည် တစ်ဖက်ပြိုင်ဘက် (ရန်သူ)အား မိမိအလိုကျလိုက်နာ လုပ်ဆောင်လာအောင် လက်နက်ကိုင် တပ်ဖွဲ့များ၊ လက်နက်မကိုင်သော တပ်ဖွဲ့များ၊ စစ်ဘက်နှင့် စစ်ဘက်မဟုတ်သော အဖွဲ့အစည်းများ အားအသုံးပြုခြင်း'' ဟူ၍ အယူအဆများ ပြောင်းလဲ လာခဲ့ပေသည်။ ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၏ အခြေခံလိုအပ် ချက်ဖြစ်သည့် ခိုင်မာသော လုံခြုံရေး အာမခံမှုကို ဖြစ်စေသည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်သည် နိုင်ငံသား အားလုံး ပါဝင်ဆောင်ရွက်မှ ပြည့်စုံမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရေး အိမ်နီးချင်း တရုတ်နိုင်ငံ၏ ခေတ်နှင့်အညီ ဆောင်ရွက်နေသည့် စစ်စည်းရုံးခြင်းအား လေ့လာမိသမျှ ရေးသား တင်ပြ အပ်သည်။

No comments:

Post a Comment