Friday, August 23, 2013
နိုင်ငံတစ်ဝန်းရှိ စေတီတော်များ အဆင့် သတ်မှတ်၍ ဂေါပက အဖွဲ့များ လူထုမဲဖြင့် ပြန်ရွေးမည်
နိုင်ငံတစ်ဝန်းရှိ စေတီတော်များ အဆင့် သတ်မှတ်၍ ဂေါပက အဖွဲ့များ လူထုမဲဖြင့် ပြန်ရွေးမည်
မြန်မာနိုင်ငံ တစ်ဝန်းရှိ ဘုရား စေတီတော်များကို အဆင့် ခွဲခြား သတ်မှတ်ပြီး ဂေါပကများကို လူထု ဆန္ဒမဲဖြင့် ဥပဒေနှင့် အညီ ပြန်လည် ရွေးကောက် တင်မြှောက်မည် ဖြစ်ကြောင်း သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။
ရွှေတိဂုံဘုရား အရှေ့ဘက် မုခ်ရှိ ချမ်းသာကြီးဘုရားတွင် သြဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် စေတီတော် ဘက်စုံ ပြုပြင် မွမ်းမံ တည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ဝန်ကြီးက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဂေါပကများအတွက် လိုက်နာရမည့် ဥပဒေ မူကြမ်း ရေးဆွဲပြီ ဖြစ်ရာ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသွား မည် ဖြစ်ပြီး ဥပဒေ ထွက်ရှိလာပါက ဥပဒေနှင့် အညီ ဒီမိုကရေစီ နည်းဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဂေါပက ဥပဒေ ရေးဆွဲတာ ကြာပြီ။ အခြေအနေ အမျိုးမျိုးကြောင့် အကောင်အထည် မဖော်ဖြစ်သေး တာ။ အခု ဒီဥပဒေကို မကြာခင် တင်တော့မယ်” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ စေတီ ပုထိုးများကို အဆင့် သုံးဆင့် ခွဲခြား သတ်မှတ် မည် ဖြစ်ပြီး (က) အဆင့်ကို ပြည်ထောင်စုအဆင့်၊ (ခ) အဆင့်ကို တိုင်းဒေသကြီး ပြည်နယ် အဆင့်နှင့် (ဂ) အဆင့်ကို မြို့နယ် အဆင့်များ သတ်မှတ်မည် ဖြစ်ကြောင်း၊ ဂေါပက အဖွဲ့ဝင်များကို ဂေါပက ဥပဒေအရ အရည်အသွေးပေါ် မူတည်ကာ ရွေးချယ်သွားမည် ဖြစ်ပြီး ဝန်ထမ်းများ၊ ဌာနများကို တိုးချဲ့ ဖွဲ့စည်းသွားရန် ရှိကြောင်း ၎င်းက ဆိုသည်။
ဂေါပက အဖွဲ့ဝင်များကို ပြည်သူလူထုက မဲထည့် ရွေးချယ်ရမည် ဖြစ်ပြီး သက်တမ်း လေးနှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ သက်တမ်း ကုန်ဆုံးပါက ထပ်မံ အရွေးခံနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။
“အရင်တုန်းက ဂေါပကဆိုတာ ရွှေတိဂုံဘုရား ဌာပနာတိုက် အဖောက်ခံ ရတော့ စစ်ကဲကြီး ဦးမွန်ထော်လေးကို ဘုရား ထိန်းသိမ်း စောင့်ရှောက်ဖို့ တာဝန်ပေးတာက စတာပါ။ အခုလို ရွေးကောက်တဲ့ စနစ်က သိပ်ကောင်း ပါတယ်” ဟု ရွှေတိဂုံဘုရား ဂေါပက တစ်ဦးက ဆိုသည်။
ယခုကဲ့သို့ ဂေါပက အဖွဲ့များကို ဒီမိုကရေစီကျကျ ရွေးကောက်ခြင်းသည် လက်ရှိ ဂေါပက အဖွဲ့များကို အဆိုးမြင်လေ့ ရှိကြသူများ ရှင်းရှင်းလင်းလင်း ဖြစ်စေပြီး ပွင့်လင်း မြင်သာမှု ပိုမို ရှိစေကြောင်း အဆိုပါ ပွဲသို့ တက်ရောက်လာသူ တစ်ဦးက ပြောကြားသည်။
လတ်တလောတွင် ဘုရားဂေါပက အဖွဲ့ဝင်များကို အစိုးရက တိုက်ရိုက် ခန့်ထားပြီး အသက် ၅၀ မှ ၇၀ အထိရှိသူများ လုပ်ကိုင်ခွင့်ရှိကာ စီမံ အုပ်ချုပ်မှုကို အဖွဲ့ဝင်များထဲမှ ခြောက်လ တစ်ကြမ် အလှည့်ကျ တာဝန်ယူ ရကြောင်း ဆူးလေစေတီ ဂေါပက အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“ဒီမိုကရေစီနည်းနဲ့ ရွေးချယ်တာ ပါလီမန်ခေတ်က လုပ်ဆောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကြားကာလတွေမှာ ဒီစနစ် ပျောက်ခဲ့တယ်။ အခုမှ ပြန်စလုပ်တာပါ” ဟု အသက် ၆၅ နှစ်အရွယ် ၎င်းက ဆိုသည်။
၁၉၈၀ ဝန်းကျင်မှ စတင်ကာ မြန်မာနိုင်ငံရှိ ထင်ရှားသော ဘုရား၊ စေတီတော် များတွင် တပ်မတော်မှ အငြိမ်းစား ယူထားသူများကိုသာ ဂေါပကလူကြီး အဖြစ် အစိုးရက တိုက်ရိုက် ခန့်ထားမှုများ ပြုလုပ် ခဲ့သည်။
ထင်ရှားသည့် စေတီတော်များတွင် ဂေါပက လူကြီးအဖြစ် လုပ်ဆောင်ခွင့် ရသူများ၏ လုပ်ဆောင်မှုများမှာ ပွင့်လင်း မြင်သာမှု မရှိဟုဆိုကာ လူထု အတွင်း ဝေဖန်မှုများ နှစ်အတော်ကြာကပင် ဖြစ်ပေါ်နေ ပြီး ယခုအစိုးရသစ် လက်ထက် ရောက်မှသာ ပြုပြင် ပြောင်းလဲရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။ပြည်သတင်း..
No comments:
Post a Comment