Friday, July 5, 2013

လူငယ်များကြား ဖြစ်ပေါ်နေသည့် ကော်ရှူခြင်းကို တားဆီးကာကွယ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတနှင့် အစိုးရ အဖွဲ့ထံသို့ သ၀ဏ်လွှာ ပေးပို့တိုက်တွန်းမည်

လူငယ်များကြား ဖြစ်ပေါ်နေသည့် ကော်ရှူခြင်းကို တားဆီးကာကွယ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ထံသို့ သ၀ဏ်လွှာပေးပို့ကာ တိုက်တွန်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၄ ရက် က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ထီးချိုင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုး မေးမြန်းသည့် လူငယ်များအကြား ကော်ရှူသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနက ဥပဒေ ပေါ်ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိ၊ မရှိ ဆိုသည့် မေးခွန်းအပေါ် ကျန်းမာရေး ၀န်ကြီးဌာနမှ ရှင်းလင်းမှုအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ထီးချိုင့်မဲဆန္ဒနယ်က ဦးစိုးစိုးမေးတဲ့ မေးခွန်းက နိုင်ငံနဲ့ နိုင်ငံသားများအတွက် အရေးကြီးပါတယ်။ အလေးထားရမယ့် ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်။ အမျိုးသားရေး ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာ ကျန်းမာရေး ဌာနက ပြည်ထောင်စု ဒုတိယ၀န်ကြီး ဖြေရှင်းသွားတဲ့ အထဲမှာလည်း ပြည့်ပြည့်စုံစုံ ပါသွားပါပြီ။ နားထောင်ကြည့်တဲ့ အခါမှာတော့ ဒီကိစ္စက ဌာနတစ်ခုတည်း ဖြေရှင်းရမယ့်ကိစ္စ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ အတွင်းက ဌာနအတော်များများနဲ့ သက်ဆိုင် ပါဝင်ပါတယ်။ အဲဒီအတိုင်းပဲ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဖို့ လိုပါတယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။

လူငယ်များအကြား ကော်ရှူသုံးစွဲခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ထံ အသိပေးလိုက်ခြင်းသည် တစ်ခါတစ်ရံတွင် လူငယ်များအား စမ်းသပ်အသုံးပြုနိုင်စေရန် အသိပေးမှု ပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာနိုင်စရာ ရှိသော်လည်း အသိပေးသင့်သည်ကို အချိန်မီ အသိပေး၊ ကာကွယ်တားဆီး သင့်သည်ကို အချိန်မီ ကာကွယ်တားဆီး နိုင်မှသာ ရည်မှန်းချက် အောင်မြင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Credit: Eleven Media Group



No comments:

Post a Comment